DVB Logo
Home
မြန်မာသတင်း
ကန့်ဘလူတွင် ပျူစောထီးစခန်းတိုက်ခိုက်ခံရပြီးနောက် ကျေးရွာ ၃ ရွာ စစ်တပ်ကမီးရှို့
DVB
·
January 13, 2024
ကန့်ဘလူတွင် ပျူစောထီးစခန်းတိုက်ခိုက်ခံရပြီးနောက် ကျေးရွာ ၃ ရွာ စစ်တပ်ကမီးရှို့
Donate to DVB

ကန့်ဘလူမြို့နယ်က ပျူစောထီး အထိုင်စခန်းတခုတိုက်ခိုက်ခံရပြီးနောက် ကျေးရွာ ၃ ရွာကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ကျွန်းလှ ကန့်ဘလူ တက်ကြွ လှုပ်ရှားသူများအဖွဲ့ တာဝန်ရှိသူတယောက်က ပြောပါတယ်။

ဇန်ဝါရီ ၁၁ ရက်မနက်ပိုင်းမှာ ထန်းကုန်းတိုက်နယ်ထဲက တင်ငုတ်ကြီးရွာ ပျူစောထီး အထိုင်စခန်းကို ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)က တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးနောက် ၁၂ ရက်နေ့ မနက် ၇ နာရီခွဲလောက်မှာ စစ်ကောင်စီရဲ့ ကန့်ဘလူ ၆၀၀၆ တင့်ကားတပ်ရင်းက တဆင့် သံချပ်ကာကား ၄ စီးနဲ့ တင်ငုတ်ကြီးရွာကို အင်အားဖြည့်ဖို့ ထွက်လာခဲ့ပါတယ်။

အကြမ်းဖက်စစ်တပ်နဲ့ ပျူစောထီးအင်အား ၁၃၀ လောက်ဟာ စစ်ကြောင်း ၂ ကြောင်းခွဲပြီး ကိုးမြို့၊ တောင့်တည်းကုန်း၊ သရက်ခေါင်းရွာတို့ကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဆိုပါတယ်။

ဒေသခံတယောက်က “ကျုပ်တို့ အခုမီးရှို့ခံရတဲ့ ၃ ရွာက တင်ငုတ်ကြီးရွာနဲ့နီးတယ်။ တင်ငုတ်ကြီးပျူရွာကို တော်လှန်ရေးအဖွဲ့တွေက တိုက်တော့ သူတို့ဘက်က အကျအဆုံးများပြီး လက်နက်တွေပါပေးရတော့ မကျေနပ်တာ‌ကြောင့် တောက်လျှောက် စစ်ကြောင်းထိုးလာပြီး အနီးအနားရွာတွေကို အကြမ်းဖက်မီးရှို့ပြတာ။ ရှင်းရှင်းပြောရရင် ရှုံးမဲ မဲတာပေါ့ဗျာ” လို့ ပြောပါတယ်။

စစ်ကြောင်းတကြောင်းက မနက် ၁၁ နာရီခွဲမှာ တောင့်တည်းကုန်းရွာကို လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်ဝင်ရောက်ပြီး နောက်ထပ် စစ်ကြောင်း တကြောင်းက နေ့လယ် ၁၂ နာရီခွဲမှာ ကိုးမြို့ရွာကို ပစ်ခတ်ဝင်ရောက် မီးရှို့ဖျက်ဆီးခဲ့ကြပြီး မွန်းလွဲ ၂ နာရီဝန်းကျင်မှာတော့ သရက်ခေါင်းရွာကို ထပ်မံ ပစ်ခတ်ဝင်ရောက်မီးရှို့ ဖျက်ဆီးခဲ့တယ်လို့ ဒေသခံ ရွာသားတွေက ပြောပါတယ်။

တောင့်တည်းကုန်းရွာနဲ့ ကိုးမြို့ရွာတို့က ပထမအကြိမ်မီးရှို့ဖျက်ဆီးခံရတာဖြစ်ပြီး၊ သရက်ခေါင်းရွာကတော့ အကြမ်းဖက်စစ်တပ်ရဲ့ ဒုတိယအကြိမ်မီးရှို့ခံရတာဖြစ်ပါတယ်။

သရက်ခေါင်းရွာဟာ တင်ငုတ်ကြီးရွာ ပျူစောထီးအထိုင်စခန်းနဲ နီးကပ်နေတာကြောင့် အမြဲ စစ်ဘေးတိမ်းရှောင်နေရတဲ့ရွာလည်းဖြစ်ပြီး အခုတကြိမ်မှာတော့ ပြည်သူပိုင်နေအိမ် ၃၁ လုံး မီးလောင်ပျက်စီးဆုံးရှုံးခဲ့တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့တခေါက်မီးရှို့ခံရတုန်းက နေအိမ် ၅ လုံးနဲ့ စာသင် ကျောင်းဆောင် ၃ ဆောင် မီးလောင်ပျက်စီးခဲ့တယ်လို့ ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ -ကန့်ဘလူခရိုင် တာဝန်ရှိသူက ပြောပါတယ်။

အကြမ်းဖက်စစ်တပ်က စစ်ကြောင်းထိုးမီးရှို့ဖျက်ဆီးနေတာကြောင့် ငါးရာနဲ၊ သိုးဘိုး၊ ကိုးမြို့၊ တောင့်တည်းကုန်း၊ ဖလံချိုင်၊ သရက်ခေါင်း၊ ညောင်ဇင်ကြီး၊ မင်းကုန်းနဲ့ ဘိုတည်းကုန်းရွာတို့က ပြည်သူ ၁၀,၀၀၀ ကျော် စစ်ဘေးလွတ်ရာ ထွက်ပြေး တိမ်းရှောင်နေကြရတယ်လို့လည်း သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013