DVB Logo
Home
မြန်မာသတင်း
အပစ်ရပ်စတင်သည့်နေ့၌ စစ်တပ်က လေယာဉ်ဖြင့် ဗုံးကြဲ၊ လက်နက်ကြီးဖြင့် တိုက်ခိုက်
DVB
·
January 13, 2024
အပစ်ရပ်စတင်သည့်နေ့၌ စစ်တပ်က လေယာဉ်ဖြင့် ဗုံးကြဲ၊ လက်နက်ကြီးဖြင့် တိုက်ခိုက်
Donate to DVB

မြောက်ပိုင်းညီနောင်မဟာမိတ် ၃ ဖွဲ့နဲ့ စစ်ကောင်စီကြား ယာယီအပစ်ရပ်စဲဖို့ သဘောတူညီမှု ရရှိခဲ့ပေမဲ့ စစ်ကောင်စီဘက်က အရပ်သားပြည်သူတွေရဲ့ ရပ်ရွာတွေကို လေကြောင်းကနေရော လက်နက်ကြီးတွေနဲ့ပါ ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်တိုက်ခိုက်နေတယ်လို့   ညီနောင် မဟာမိတ် ၃ ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။

တရုတ်နိုင်ငံ ကူမင်းမြို့မှာ ဇန်နဝါရီ ၁၀ ရက်ကနေ ၁၁ ရက်အထိ နှစ်ရက်ကြာ  ဆွေး နွေးပြီးနောက် ဇန်နဝါရီ ၁၁  ရက်၊ ည ၉ နာရီလောက်ကစပြီး နှစ်ဖက်တပ်တွေ ချက်ချင်း အပစ်ရပ်စဲဖို့   “ဟိုင်ဂင်သဘောတူညီမှု” ဆိုပြီး ကြေညာခဲ့တာပါ။ 

ဇန်နဝါရီ ၁၂ ရက် မနေ့က ဟိုင်ဂင်ဆွေးနွေးပွဲရလဒ် စတင်အသက်ဝင်တဲ့နေ့ ဖြစ်ပေမဲ့   စစ်ကောင်စီဘက်က   ပစ်ခတ်တိုက်ခိုက်တာတွေ ဆက်လုပ်နေတယ်လို့ ညီနောင်မဟာမိတ် ၃ ဖွဲ့က  ထုတ်ပြန်လာတာ ဖြစ်ပါတယ်။

မနေ့က ရှမ်းပြည်နယ်မြောက်ပိုင်း  နမ့်ဆန်မြို့နယ်က ကွယ်ဟယ်ကျေးရွာကို စစ်ကောင်စီတပ်က လေကြောင်းကနေ ၅ ကြိမ် တိုက်ခိုက်ခဲ့ပြီး နမ္မတူမြို့နယ်၊ မန်လီကျေးရွာကိုလည်း ဂျက်တိုက်လေယာဉ်နဲ့ မနေ့ညနေက ဗုံးကြဲခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။

တရုတ်နိုင်ငံရဲ့ ကြားဝင်စေ့စပ်ပေးမှုကြောင့်  မြန်မာစစ်တပ်နဲ့ MNDAA၊ TNLA၊ AA ၃ ဖွဲ့တို့ ယူနန်ပြည်နယ် ကူမင်းမြို့မှာ တွေ့ဆုံဆွေးနွေးခဲ့ပြီး အပစ်အခတ်ရပ်စဲရန် သဘောတူညီမှု ရရှိခဲ့ကြတာလို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် မော်နင်းက မနေ့က ဘေဂျင်းမှာ ကျင်းပတဲ့ ပုံမှန်သတင်းစာရှင်းလင်းပွဲမှာ အတည်ပြုပြောပါတယ်။

နှစ်ဖက်က ချက်ချင်းအပစ်အခတ်ရပ်စဲရေး အကောင်အထည်ဖော်ဖို့၊  စစ်ရေးထိတွေ့မှုတွေ ရပ်တန့်ဖို့၊ သက်ဆိုင်ရာ အငြင်းပွားမှုတွေကို ငြိမ်းချမ်းစွာ ဆွေးနွေး ဖြေရှင်းဖို့ သဘောတူခဲ့ ကြောင်း၊ နယ်စပ်နေ တရုတ်ပြည်သူတွေ၊ မြန်မာပြည်အတွင်းရှိ တရုတ်စီမံကိန်းတွေနဲ့ ဝန်ထမ်းတွေရဲ့ ဘေးကင်းလုံခြုံမှု မထိခိုက်စေဖို့ နှစ်ဖက် ကတိပြုခဲ့တဲ့အပြင် အပစ်အခတ်ရပ်စဲရေးအစီအစဉ်နဲ့  တခြားကိစ္စရပ်တွေကိုလည်း ညှိနှိုင်းဆွေးနွေးခဲ့တယ်လို့လည်း မော်နင်းက ပြောပါတယ်။

မြန်မာနိုင်ငံမြောက်ပိုင်း အပစ်အခတ်ရပ်စဲရေးနဲ့ ငြိမ်းချမ်းရေးဆွေးနွေးမှုအရှိန်ကို ထိန်းသိမ်း တာဟာ မြန်မာနိုင်ငံရှိ ဘက်အသီးသီးရဲ့အကျိုးစီးပွားနဲ့ ကိုက်ညီတဲ့အပြင် တရုတ်-မြန်မာ နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းမှု ထိန်းသိမ်းဖို့လည်း အထောက်အကူဖြစ်စေတယ်။  မြန်မာနိုင်ငံမှာရှိတဲ့ သက်ဆိုင်ရာဘက်အသီးသီးက သဘောတူထားတဲ့ အပစ်ရပ် သဘောတူညီမှုကို သေချာ အကောင်အထည်ဖော်ဆောင်ပြီး အပြန်အလှန် အစွမ်းကုန် ထိန်းထိန်းသိမ်းသိမ်း လုပ်ဆောင်ကာ ဆွေးနွေးခြင်းဖြင့် ပြဿနာတွေကို  ဆက်လက်ဖြေရှင်ဖို့နဲ့  မြန်မာပြည်မြောက်ပိုင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ် တိုးတက်လာစေရေး အတူတကွကြိုးပမ်းကြဖို့  တရုတ်နိုင်ငံက မျှော်လင့်တယ်လို့  ဆိုပါတယ်။

ဒီအတွက် တရုတ်နိုင်ငံက တတ်စွမ်းသမျှကူညီပံ့ပိုးမှုတွေ ပြုလုပ်ကာ အပြုသဘောဆောင်တဲ့ အခန်းကဏ္ဍကနေ ဆက်လက်ရပ်တည် ပါဝင်သွားဖို့ အသင့်ရှိတယ်လို့  တရုတ်နိုင်ငံခြားရေး ဌာန ပြောခွင့်ရသူက ပြောပါတယ်။ 

စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ် ဇော်မင်းထွန်းကလည်း ကူမင်းမှာတွေ့ဆုံဆွေးနွေးပြီး  ယာယီအပစ်ရပ်ဖို့ သဘောတူညီခဲ့တဲ့အကြောင်းနဲ့ အပစ်အခတ်အရပ်စဲရေး ပိုမိုခိုင်မာဖို့ ဆက်လက်ပြီး ဆွေးနွေးလုပ်ဆောင်သွားမယ်လို့  မီဒီယာတွေကို ပြောထားပါတယ်။ 

အဲဒီဆွေးနွေးပွဲမှာ ပါဝင်တက်ရောက်ခဲ့သူတဦးကလည်း ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ညီနောင်မဟာမိတ် ၃ ဖွဲ့နဲ့ စစ်ကောင်စီတပ်တွေ ရောက်တဲ့နေရာမှာ ရပ်ပြီး ရှေ့ဆက်မတိုးဘဲ ယာယီ အပစ်ရပ်ကြဖို့ သဘောတူခဲ့ကြတယ်လို့ ဒီဗွီဘီကို ပြောပါတယ်။

သဘောတူညီချက်တွေထဲမှာ စစ်ကောင်စီဘက်က လေကြောင်းတိုက်ခိုက်တာ၊ ဗုံးကြဲတာ လက်နက်ကြီး ပစ်ခတ်တာတွေ မလုပ်ဖို့နဲ့  မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့ဘက်ကလည်း စစ်ကောင်စီ တပ်စခန်းတွေနဲ့ မြို့သိမ်းတာတွေကို ဆက်မလုပ်ဖို့ ပါရှိတယ်လို့ ဆိုပါတယ်။

ဒါပေမဲ့ စစ်ကောင်စီတပ်တွေကတော့ သီပေါ ၊ ကျောက်မဲနဲ့ မန္တလေးတိုင်း မိုးကုတ်မြို့နယ်တွေမှာ တိုက်ပွဲမဖြစ်ဘဲ အရပ်သားတွေနေတဲ့ နေရာတွေကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး လားရှိုးအခြေစိုက် စစ်ကောင်စီတပ်ကနေ လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့သေးတယ်လို့ ညီနောင် ၃ ဖွဲ့က  ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် ရခိုင်ပြည်နယ် မောင်တော၊ မင်းပြား၊ ကျောက်တော်၊ ပေါက်တော စတဲ့ မြို့နယ်တွေကိုလည်း စစ်ကောင်စီတပ်တွေက လက်နက်ကိုင်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်နေဆဲ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013