Home
မြန်မာသတင်း
ကျောက်တော်၊ မြောက်ဦးနှင့် မင်းပြားတို့တွင် တိုက်ပွဲပြင်းထန်
DVB
·
January 12, 2024
war 1212024

ရခိုင်ပြည်နယ်အတွင်းက ကျောက်တော်၊ မြောက်ဦးနဲ့ မင်းပြားမြို့နယ်တွေမှာ ရက္ခိုင့်တပ်တော် (အေအေ) နဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲအပြင်းအထန် ဖြစ်ပွားနေပြီး စစ်ကောင်စီဘက်က ကြည်း၊ ရေ၊ လေ ၃ ခုပေါင်းပြီး အသည်းအသန် ခုခံနေရတယ်လို့ အေအေနဲ့ နီးစပ်သူတွေဆီကနေ သိရပါတယ်။

ကျောက်တော်မြို့နယ် ဦးစွန်းတောင်မှာ တပ်စွဲထားတဲ့ ၃၇၇ အ‌မြောက်တပ်က စစ်ကောင်စီတပ်သားတွေကို ဇန်နဝါရီ ၁၂ ရက် မနက် ၂ နာရီလောက်မှာ ရက္ခိုင့်တပ်တော် (အေအေ) က ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ရာမှ တိုက်ပွဲအပြင်းအထန် ဖြစ်ပွားနေတယ်လို့ အေအေနဲ့ နီးစပ်သူတယောက်က ဒီဗွီဘီကို ပြောပါတယ်။

တိုက်ပွဲဖြစ်ပွားတဲ့နေရာတွေကို ကန်စောက်အခြေစိုက် အမတ ၃၇၇ နဲ့ ၅၃၉ တပ်ရင်းတွေက လက်နက်ကြီးပစ်ကူ ညလုံးပေါက်ပစ်ခတ်ခဲ့ပြီး ဆနွင်းတောင်၊ ကျီးကန်းတောင်နဲ့ ချောင်းတူရွာဘက်တွေကိုလည်း လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့ကြတယ်လို့ ဆိုပါတယ်။

အဲဒီ ဦးစွန်းတောင်နဲ့ ၁ မိုင်ခွဲလောက်အကွာမှာရှိတဲ့ အပေါက်ဝကျေးရွာနား တဝိုက်ကိုလည်း စစ်တွေမြို့ ခလရ ၂၀ က တက်လာတဲ့ Mi35 တိုက်ခိုက်ရေးရဟတ်ယာဥ်တစီးနဲ့ လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့တယ်လို့ ပြောပါတယ်။

ကျောက်တော်မြို့နယ် ကန်စောက်ကျေးရွာအနီးမှာရှိတဲ့ ခမရ ၅၃၉ ကိုလည်း အေအေဘက်က ဇန်နဝါရီ ၁၀ ရက် ညကတည်းက ထိုးစစ်ဆင်နေပြီး စစ်ကောင်စီက လေကြောင်းအဓိကထားပြီး ခုခံနေရတယ်လို့ ဒေသခံတဦးက ပြောပါတယ်။

“တိုက်ပွဲက တော်တော်‌လေးကို ဖြစ်နေတယ်။ စစ်ကောင်စီတပ်ကို အေအေဘက်က အနားမပေးဘဲ တိုက်ခိုက်နေတာကြောင့် စစ်ကောင်စီက လေကြောင်းနဲ့ပဲ အဓိက ခုခံနေရတယ်။ ဒီနေ့လည်း ရဟတ်ယာဥ်နဲ့ လာပစ်တာ ၂ ကြိမ်ရှိနေပြီ။ စစ်ကောင်စီက ထိုးစစ်ကို မခုခံနိုင်တော့တာကြောင့် အရပ်သားကျေးရွာတွေကိုပဲ လက်နက်ကြီးပစ်ပြီး တိုက်ခိုက်တယ်။ ဒီအတိုင်းဆိုရင် နောက် ၃ ရက်လောက်ဆိုရင် တပ်တခုလုံး ကျသွားနိုင်တယ်။”

စစ်​ကောင်စီက လက်နက်ကြီးပစ်ခတ်မှုကြောင့် အပေါက်ဝ၊ ခွဆုံ၊ ဝါးတောင်ကျေးရွာ အပါအဝင် ကျေးရွာတချို့မှာ ကျရောက်ပေါက်ကွဲပြီး အရပ်သားထိခိုက်မှုတွေ ရှိနေပါတယ်။

“စစ်ကောင်စီက လက်နက်ကြီးတွေနဲ့ တရစပ်ကို ရွာတွေကိုပစ်နေတာ။ အပေါက်ဝမှာဆိုရင် အရပ်သားတွေ လက်နက်ကြီးကျပြီးတော့ သေဆုံးမှုတွေတောင်ရှိတယ်။ တခြားရွာတွေမှာ ထိခိုက်ဒဏ်ရာရမှုတွေရှိတယ်” လို့ နောက်ထပ် ဒေသခံတဦးက ပြောပါတယ်။

တိုက်ခိုက်မှုဖြစ်ပွားပြီး စစ်ကောင်စီက လက်နက်ကြီးပစ်ခတ်မှုတွေကြောင့် အနီးအနားက ကျေးရွာ ၁၀ ကျော်က ဒေသခံ သောင်းနဲ့ချီ ဘေးလွတ်ရာကို တိမ်းရှောင်နေကြရပါတယ်။

မြောက်ဦးမြို့ ခမရ ၃၇၇ စစ်ကောင်စီတပ်ရင်းနားမှာလည်း ဒီနေ့ မနက် ၇ နာရီ ၅၅ မိနစ်လောက်မှာ ရက္ခိုင့်တပ်တော် (အေအေ) နဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့ကာ လင်းမြွေတောင်ဘက်က ဆင်းလာတဲ့ စစ်ကောင်စီတပ်သား ၇၂ ယောက်ကိုလည်း ရက္ခိုင့်တပ်တော် (အေအေ) က ကန်ချေပြင်ရွာ၊ လိပ်မရွာနားတွေမှာ ကြားဖြတ်တိုက်ခိုက်ခဲ့လို့ တိုက်ပွဲပြင်းထန်နေတယ်လို့ ဆိုပါတယ်။

မင်းပြားမြို့မှာလည်း စစ်ကောင်စီရဲ့ အထိုင်တပ်ရင်းတွေကို ရက္ခိုင့်တပ်တော် (အေအေ) က ထိုးစစ်ဆင် တိုက်ခိုက်နေလို့ စစ်ကောင်စီဘက်က လက်နက်ကြီးပစ်ကူအပြင် စစ်တွေကနေ တက်လာတဲ့ ဇက်နေဗီ ၂ စီးနဲ့ ပစ်ကူပေးခဲ့ကြတယ်လို့ ပြောပါတယ်။

အဲဒီစစ်ကောင်စီရဲ့ ဇက်နေဗီ ၂ စီးဟာ စစ်တွေဘက်ကို ပြန်ဆင်းလာလို့ မွန်းလွဲ ၁ နာရီကျော်လောက်မှာ ရက္ခိုင့်တပ်တော် (အေအေ) က ပစ်ခတ်ခဲ့ပြီး အပြန်အလှန် တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။

မင်းပြားမြို့ ခမရ ၃၈၀ တပ်ရင်းနဲ့ ကျိန်းတောင် စစ်ကောင်စီတပ်စခန်းကိုတော့ ရက္ခိုင့်တပ်တော် (အေအေ) က သိမ်းပိုက်ရရှိထားကြောင်း သတင်းကြားတယ်လို့ ပြောပါတယ်။

ဒါ့အပြင် ပလက်ဝမြို့နယ်မှာလည်း စစ်ကောင်စီရဲ့ လက်ကျန်စခန်းတွေဖြစ်တဲ့ ခလရ ၂၈၉ တပ်ရင်းနဲ့ မီးဝဗျူဟာကုန်းတို့ကို ရက္ခိုင့်တပ်တော်က အပြင်းအထန် တိုက်ခိုက်နေတယ်လို့ သိရပါတယ်။

ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ်အတွင်းက မြို့နယ်ပေါင်း ၁၆ မြို့နယ်မှာ အောက်တိုဘာ ၂၇ ရက်ကနေ ဒီဇင်ဘာ ၁၀ ရက်အထိ စစ်ကောင်စီရဲ့ ဗျူဟာကုန်း၊ နယ်ခြားစောင့်စခန်းတွေ အပါအဝင် စစ်စခန်းပေါင်း ၁၄၂ ခုကို သိမ်းပိုက်နိုင်ခဲ့တယ်လို့ ဒီဇင်ဘာ ၁၄ ရက်နေ့မှာ ရက္ခိုင့်တပ်တော် (အေအေ) က ထုတ်ပြန်ထားပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024