DVB Logo
Home
မြန်မာသတင်း
ဒူဘိုင်းသို့ မြန်မာအမျိုးသမီး ၂ ဦး ရောင်းစားခံရ၊ ပြန်ခေါ်လိုလျှင် ကျပ်သိန်း ၁၀၀ ပေးရမည်
DVB
·
January 12, 2024
ဒူဘိုင်းသို့ မြန်မာအမျိုးသမီး ၂ ဦး ရောင်းစားခံရ၊ ပြန်ခေါ်လိုလျှင် ကျပ်သိန်း ၁၀၀ ပေးရမည်
Donate to DVB

ရန်ကုန်တိုင်း မှော်ဘီမြို့နယ်နေ မြန်မာအမျိုးသမီး ၂ ဦးကို အေဂျင်စီတခုက ဒူဘိုင်းမှာ အလုပ် ရမယ်ဆိုကာ လိမ်လည်ပို့ဆောင်ရောင်းစားခဲ့ပြီး ပြန်ခေါ်လိုပါက တဦးကို သိန်း ၁၀၀ ပေးရမယ်ဆိုပြီး ပြောကြောင်း ‌သွေးစည်းညီညွတ်သော သမဂ္ဂများအဖွဲ့ချုပ် (STUM) ဆီက သိရပါတယ်။

အသက် ၂၀ သာ ရှိသေးတဲ့ ရွှေမှုံနဲ့ ဇူးဇင်မြင့်တို့ကို TikTok ပေါ်က ရင်းနှီး‌တဲ့ အရှေ့ဒဂုံမှာရှိတဲ့ Yu Journey Agent & General Service Co.Ltd အေဂျင်စီမှ အမျိုးသမီးတဦးက ဒူဘိုင်းမှာ အလုပ်လုပ်‌ဖို့ ပို့ပေးမယ်ဆိုပြီး ၂ သိန်းတောင်းကာ ပို့ဆောင်ပေးခဲ့ပါတယ်။

အမျိုးသမီး ၂ ဦးဟာ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၃ ရက်မှာ ဒူဘိုင်းအေဂျင်စီရုံးကို ရောက်ပြီး အဲဒီက တဆင့် အီရတ်ကို ပို့ဆောင်ခံရပြီး အီရတ်ရောက်တဲ့အခါ သူတို့ရောင်းစားခံရတာကို သိပေမဲ့ ဖုန်းတွေ သိမ်းထားတာကြောင့် မိသားစုကို ဆက်သွယ်လို့မရဘဲ ဖုန်းတွေ ပြန်ရတဲ့အချိန်မှသာ ဆက်သွယ်ပြီး ပြန်ခေါ်ဖို့ အကူအညီတောင်းခဲ့ပါတယ်။

သွေးစည်းညီညွတ်သော သမဂ္ဂများအဖွဲ့ချုပ် (STUM) ရဲ့တာဝန်ရှိသူတဦးက "သူတို့ ဒူဘိုင်းရောက်ပြီး ပိုက်ဆံမရဘဲ အေးဂျင့်အိမ်တွေစီမှာပဲ အလုပ်လုပ်ရတယ်။ ကလေးတွေက အလုပ် မရ‌တော့ဘူးလား မေးတော့ သူတို့က ဒူဘိုင်းမှာတော့ မလွယ်ဘူး။ အီဂျစ်နဲ့အီရတ်မှာ‌ အလုပ်လုပ်မလား ပို့ပေးမယ်ပြောတယ်။ ကလေးတွေက မသွားချင်ပေမဲ့ အီဂျစ်မှာ သံရုံးရှိတယ်။ အီဂျစ်ကို သွားမယ်လို့ ပြောလိုက်တာကို သူတို့က အီရတ်ကို ပို့‌လိုက်တယ်။ အီရတ်ရောက်တော့ ကလေးတွေက ရေမသောက်ရ၊ အ‌စာရေစာမဝဖြစ်တဲ့အပြင်ကို လကုန်တဲ့အခါ လခတောင်းတာကို သူတို့ကို ရောင်းသွားပြီ၊ ပြန်ဖို့ ပြောရင်ရိုက်မယ်လို့လည်း ခြိမ်းခြောက်တယ်" လို့ ပြောပါတယ်။ 

STUM အဖွဲ့ဟာ အေဂျင်စီရုံးကို ဆက်သွယ်ခဲ့ပြီး မြန်မာအမျိုးသမီး ၂ ယောက်ကို ပြန်ပို့ပေးဖို့ လေယာဉ် လက်မှတ်ဝယ်ပို့ပေးမယ်လို့ ပြောခဲ့ပေမယ့် လျော်ကြေး သိန်း ၁၀၀ ပေးမှ ပြန်လွှတ် ပေးမယ်လို့ ပြောပါတယ်။

မြန်မာနိုင်ငံအတွင်းမှာရှိတဲ့ အေဂျင်စီတော်တော်များများဟာ လိုင်စင်မရှိဘဲ အလုပ်သမားပို့ဆောင် နေပြီး အခု မြန်မာအမျိုးသမီး နှစ်ဦးကို ပို့ဆောင်ပေးတဲ့ Yu Journey Agent & General Service Co.Ltd အေဂျင်စီမှာလည်း ဒူဘိုင်းကို သွားမယ့် မြန်မာအမျိုးသမီးတွေ ဆက်ရှိနေသေးတဲ့အတွက် မြန်မာအလုပ်သမားတွေနဲ့ နိုင်ငံခြားသွားဖို့ဆို သေချာစုံစမ်းသင့်တယ်လို့ STUM က တာဝန်ရှိသူ တဦးက ပြောပါတယ်။

မြန်မာအမျိုးသမီးနှစ်ဦးရောင်းစားခံရတာနဲ့ပတ်သက်ပြီး  Yu Journey Agent & General Service Co.Ltd ကို ဆက်သွယ်ခဲ့ပေမဲ့ ဖုန်းပိတ်ထားတဲ့အတွက် ဆက်သွယ်လို့ မရခဲ့ပါဘူး။

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း အလုပ်ကိုင်ရှားပါလာပြီး စာဝတ်နေရေး ကျပ်တည်း လာတာကြောင့် ထိုင်း၊ မလေးရှား၊ ဒူဘိုင်း၊ ကာတာ၊ တရုတ်နဲ့ အီရတ်နိုင်ငံတွေမှာ အလုပ်လုပ်ကိုင် နေကြရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013