DVB Logo
Home
မြန်မာသတင်း
အွန်လိုင်းငွေလိမ်ဂိုဏ်းများကို တရုတ်၊ ထိုင်းတို့နှင့် ပူးပေါင်းတိုက်ဖျက်ရန် အသင့်ရှိဟု KNU ပြော
DVB
·
January 11, 2024
အွန်လိုင်းငွေလိမ်ဂိုဏ်းများကို တရုတ်၊ ထိုင်းတို့နှင့် ပူးပေါင်းတိုက်ဖျက်ရန် အသင့်ရှိဟု KNU ပြော
Donate to DVB

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ ရွှေကုက္ကိုလ်မှာ  လုပ်ကိုင်နေတဲ့ ကျားဖြန့် ငွေလိမ်ဂိုဏ်းတွေ၊ ရာဇဝတ်မှုတွေကို တိုက်ဖျက်ရေး တရုတ်၊ ထိုင်းနိုင်ငံတို့နဲ့ ပူးပေါင်းဆောင်ရွက်ဖို့ အဆင်သင့်ပဲလို့ ကရင်အမျိုးသားအစည်းအရုံး (KNU) ပြောခွင့်ရသူက ဒီဗွီဘီကို ပြောပါတယ်။ 

ကျားဖြန့်လို့ ခေါ်တဲ့ တရုတ် ငွေလိမ်ဂိုဏ်းတွေ ကြီးစိုးခဲ့တဲ့ လောက်ကိုင်ဒေသဟာ ၁၀၂၇ စစ်ဆေးရေးကြောင့် မလည်ပတ်နိုင်တော့ပေမဲ့ ကရင်ပြည်နယ်၊ မြဝတီ၊ ရွှေကုက္ကိုလ်မြို့သစ်မှာတော့ အလုံးအရင်းနဲ့ တိုးချဲ့လုပ်ကိုင်နေတယ်လို့ အဲဒီဒေသနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

ထိုင်း-မြန်မာ နယ်စပ် သောင်းရင်းမြစ်ဘေးက ရွှေကုက္ကိုလ်မြို့သစ်မှာ လောင်းကစားဝိုင်းတွေ၊ အွန်လိုင်းငွေလိမ်ဂိုဏ်းတွေနဲ့ မူးယစ်ဆေးဝါး၊ လူကုန်ကူးမှု စတဲ့ ရာဇဝတ်မှုမျိုးစုံကို ပေါ်ပေါ်ထင်ထင် ကျူးလွန်နေကြတာပါ။

အဲဒီ ကျားဖြန့်လုပ်ငန်းတွေကို တိုက်ဖျက်ဖို့ စစ်ကောင်စီနဲ့ ပူးပေါင်းနေသမျှ ဖြေရှင်းနိုင်မှာ မဟုတ်ဘဲ ဒီလုပ်ငန်းတွေ တိုက်ဖျက်ဖို့ တရုတ်၊ ထိုင်းနိုင်ငံတို့နဲ့ ပူးပေါင်းဖို့ အဆင်သင့်ပဲလို့ ကရင်အမျိုးသားအစည်းအရုံး (KNU) ရဲ့ ပြောခွင့်ရ ပဒိုစောတောနီးက ပြောပါတယ်။

“ဒီလုပ်ငန်းတွေရဲ့ မြစ်ဖျားခံရာ အရပ်နဲ့ အရင်းအမြစ်က စစ်ကောင်စီက လာတာပဲ ဖြစ်ပါတယ်။ ဒီလုပ်ငန်းတွေ တိုက်ဖျက်ဖို့အတွက် စစ်ကောင်စီနဲ့ ပူးပေါင်းဆောင်ရွက်နေသမျှ ကာလပတ်လုံး ဘာအဖြေမှ ထွက်မလာဘူးဆိုတာ ဒီနေရာကနေ ရှင်းရှင်းလင်းလင်း ပြောချင်တယ်။ အထူးသဖြင့် တရုတ်နဲ့ ထိုင်းတို့နဲ့ လက်တွဲပြီးတော့ မတရားတဲ့လုပ်ငန်းတွေ တိုက်ဖျက်ဖို့ဆိုတာ ကျနော်တို့ အရန်သင့်ဖြစ်နေတယ်ဆိုတာ သတင်းကောင်းပေးချင်တယ်။ လုပ်ဆောင်ရမယ့် အပိုင်းတွေကို ကျနော်တို့နဲ့ ရင်းရင်းနှီးနှီး လက်တွဲ ဆွေးနွေးတိုင်ပင်ပြီး အဖြေကောင်းတခု ရလာနိုင်တယ်ဆိုတာ ဒီနေရာကပဲ ပြောချင်ပါတယ်။”

ရွှေကုက္ကိုလ်မြို့သစ် စီမံကိန်းဟာ စစ်ကောင်စီ လက်အောက်ခံ BGF နယ်ခြားစောင့်တပ်အဖွဲ့ ခေါင်းဆောင် ဗိုလ်မှူးကြီး စောချစ်သူနဲ့ တရုတ်လုပ်ငန်းရှင် ရှီရှီကျန်းတို့ကြား အကျိုးတူ ပူးပေါင်းထားတဲ့ စီမံကိန်းဖြစ်ပါတယ်။

ဒီအွန်လိုင်းငွေလိမ်ဂိုဏ်းတွေနဲ့ ရာဇဝတ်မှုတွေက တိုက်ဖျက်ဖို့ စစ်ကောင်စီအပါအဝင် ကရင်နယ်ခြားစောင့်တပ် BGF နဲ့ DKBA, KNU တို့မှာလည်း တာဝန်ရှိတယ်လို့ ထိုင်း-မြန်မာ လူကုန်ကူးမှု တိုက်ဖျက်ရေးမှာ ပါဝင်ကူညီနေသူတဦးက ဒီဗွီဘီကို ပြောပါတယ်။

“သူတို့တွေရဲ့ Scam center တွေက လောက်ကိုင်ဘက်မှာ Run လို့ မရပေမယ့် ဒီဘက် DKBA ရွှေကုက္ကိုလ်ကနေ အစ ကျောက်ခတ်အဆုံး ဒီတလျှောက်လုံး ကောင်းကောင်း Run နေတာ။ ဒီလောက် ထိုင်းအစိုးရကလည်း တတ်နိုင်တဲ့ဘက်ကနေ တားဆီးတာတွေ ရှိလာပေမဲလည်း တကယ်တမ်းက လုံလောက်မှု မရှိဘူး။ BGF မှာလည်း တာဝန်ရှိတယ်။ KNU မှာလည်း တာဝန်ရှိတယ်။ KNU ဘက်ကလည်း ဒါကို ရဲရဲတင်းတင်း တိုက်ထုတ်မယ်လို့ ပြောဆိုတာ အခုထိ မတွေ့ရဘူး။ အပေါ်ယံလောက်ပဲ မပါဝင် မပတ်သတ်ဘူး။ မရှိဘူးလောက်ပဲ ပြောနေတယ်။ ဒါက ကရင်ပြည်နယ် တခုလုံးနဲ့ဆိုင်တယ်။ ကရင်ပြည်နယ်အတွက် မကောင်းလို့ တိုင်းပြည်အတွက်လည်း ပုံရိပ်က မကောင်းဘူး။”

ရွှေကုက္ကိုလ်မြို့သစ် အွန်လိုင်း ငွေလိမ်ဂိုဏ်းတွေမှာ လူကုန်ကူးခံရပြီး ပိတ်မိနေတဲ့ နိုင်ငံခြားသားတွေ ထောင်သောင်းချီရှိပြီး အဲဒီလူတွေ ပြန်လွတ်မြောက်လာအောင် သက်ဆိုင်ရာ နိုင်ငံတွေနဲ့ ပူးပေါင်းကူညီပေးနေရတယ်လို့ လူကုန်ကူးမှု တိုက်ဖျက်ရေး ကူညီပေးသူက ပြောပါတယ်။

ကျားဖြန့်လုပ်ငန်းတွေမှာ လူကုန်ကူးခံရသူတွေဟာ အများဆုံးက တရုတ်လူမျိုးတွေဖြစ်ပြီး သီရိလင်္ကာ၊ အိန္ဒိယ၊ ပါကစ္စတန်၊ နီပေါ၊ အာဖရိကန်၊ အီသီယိုးပီးယား၊ ကင်ညာ၊ ဗီယက်နမ်၊ ဖိလစ်ပိုင်၊ အင်ဒိုနီးရှား၊ မလေးရှား၊ စင်ကာပူ စတဲ့ နိုင်ငံပေါင်းစုံပါဝင်ပါတယ်။ 

ရွှေကုက္ကိုလ်မြို့သစ်မှာ မြန်မာတွေလည်း သွားရောက် လုပ်ကိုင်နေကြပြီး အများစုကတော့ ငွေလိမ်လုပ်ငန်းမှန်း သိသိလျက်နဲ့ လုပ်ကိုင်ကြတာလို့ လုပ်ကိုင်ခဲ့သူတဦးက ပြောပါတယ်။

“တနေ့ကို လူ အနည်းဆုံး ၃၊ ၄ ယောက် ရှာပေးရတယ်။ အနည်းဆုံး မရှာနိုင်ဘူးဆိုရင် ကျနော့် အလုပ်ချိန်က နေ့ခင်း ၃ နာရီခွဲကနေ မနက် ၃ နာရီခွဲ။ မနက် ၃ နာရီခွဲမှာ လူ ၃၊ ၄ ယောက် မပြည့်ဘဲ တယောက်ပဲ ရတယ်ဆိုရင် အိုတီ ၁ နာရီ၊ ၂ နာရီ ဆင်းရတယ်၊ မနက် မိုးလင်းထိပဲ။ ၄ ရက်လောက် ကျနော် အလုပ်လုပ်ခဲ့တယ်။ ပထမနေ့မှာ အဲ့လူတွေက ကျနော့်ကို ဘယ်လို သင်ပေးလဲဆိုတော့ ကိုယ့်ကိုယ်ကိုယ် ရောင်းစားခံလိုက်ရပြီဆိုတဲ့ အတွေးကို တွေးထားတဲ့။ ပြီးရင် ပိုက်ဆံတွေ အများကြီးယူတဲ့။ ယူပြီးသွားရင် ပြန်ပေါ့နော်။ ဆိုတော့ အဲ့လိုမျိုးတွေ သူတို့ ပြောတယ်။”

မြဝတီ၊ ရွှေကုက္ကိုလ်အပါအဝင် KK Park တို့မှာ လုပ်ကိုင်နေတဲ့ ငွေလိမ်ဂိုဏ်းတွေရဲ့ နောက်ကွယ်မှာ စစ်ကောင်စီ အပါအဝင် နယ်ခြားစောင့်တပ် BGF သာမက ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်ဖွဲ့ဝင်အချို့ ပါဝင်ပတ်သက်နေတယ်လို့ ပြောဆိုတာတွေ ရှိပါတယ်။ KNU ဘက်ကတော့ ပါဝင်ပတ်သက်တာ လုံးဝ မရှိဘဲ တွေ့ရှိခဲ့ပါကလည်း ဥပဒေနဲ့အညီ အရေးယူသွားမယ်လို့ ထုတ်ပြန် ပြောဆိုထားပါတယ်။ 

ဇွဲသစ်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013