DVB Logo
Home
ငြိမ်းချမ်းရေး/စစ်ရေး
ထီးချိုင့်မြို့တွင် တိုက်ပွဲ ဆက်လက်ပြင်းထန်နေ
DVB
·
January 11, 2024
ထီးချိုင့်မြို့တွင် တိုက်ပွဲ ဆက်လက်ပြင်းထန်နေ
Donate to DVB

စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ကသာခရိုင်၊ ထီးချိုင့်မြို့မှာ နိုဝင်ဘာ ၈ ရက်ကနေ လက်ရှိအချိန်အထိ အချိန် ၂ လကျော်ကြာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး တဖက်နဲ့တဖက် အသာစီးမယူနိုင်သေးဘဲ အားပြိုင်မှု ပြင်းထန်နေပါတယ်။

ထီးချိုင့်မြို့ဟာ ကုန်းလမ်း၊ ရေလမ်း စတဲ့ ထောက်ပို့လမ်းကြောင်း ၂ ခုစလုံးအတွက် အရေးပါနေတာ၊ မန္တလေးတိုင်းနဲ့ ထိစပ်နေတာ စတဲ့ ဗျူဟာအရ အရေးပါတဲ့ အချက်တွေကြောင့် ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေနဲ့ စစ်ကောင်စီတို့ နှစ်ဖက်စလုံးက လက်လွှတ်မခံနိုင်ဘဲ တိုက်ပွဲဝင်နေကြပါတယ်။

စစ်ကိုင်းတိုင်းအထက်ပိုင်းမှာ စစ်ကောင်စီက မြေပြင် စစ်ရေးမထိန်းချုပ်နိုင်တော့တာကြောင့် လေကြောင်းပစ်ကူတွေ ဆက်တိုက်အသုံးပြုပြီး ပိုင်နက်နေရာတွေ လက်မလွှတ်ရဖို့ အားထုတ်နေတာကို တွေ့ရပါတယ်။

ထီးချိုင့် PDF ခေါင်းဆောင်တဦးက “၁ လနဲ့ ၂ ရက်ပေါ့ ဒီနေ့နဲ့ဆိုရင်။ ချကြတာပေါ့ဗျာ နှစ်ဖက်လုံး သူတင်ကိုယ်တင်ပါပဲ။ သူတို့ဘက်ကလည်း ခံစစ် တော်တော်လေးကို ပြင်ပြီး လုပ်နေကြတာပေါ့။ လက်မလွှတ်ချင်ကြဘူး ဖြစ်နေတာပေါ့။ ပွဲကတော့ ကြာတာပေါ့ဗျာ။ ၂ လဆိုတော့ အနေအထားကတော့ အခက်အခဲတွေကတော့ အများကြီးပေါ့ဗျာ။ ပွဲတွေအားလုံးထဲမှာ ထီးချိုင့်က အဆိုးဆုံး အပြင်းထန်ဆုံးထဲမှာ ပါတယ်ဗျ။ မြို့တွေသိမ်းသွားတဲ့ ကောလင်းတို့တောင်မှ အဲ့လောက်မကြဲခံရဘူးပေါ့ဗျာ။ ကျနော်တို့ကျတော့ မြို့ထဲတင်မကဘူး၊ မြို့ပြင်တွေရော အကုန်လုံးပတ်ကြဲတာ၊ နေ့စဉ်လိုလိုပေါ့ဗျာ။ ထောက်ပို့ရဟတ်ယာဉ်လာလိုက် တိုက်လေယာဉ်နဲ့လာကြဲလိုက် ပုံမှန်ပါပဲ။ ထီးချိုင့် သမိုင်းဝင် မြသိန်းတန်က အထိအခိုက်တော့ ရှိနိုင်တယ်ပေါ့လေ။ ဒါပေမဲ့ လောလောဆယ်က သူတို့က အဲ့ဒီဘုရားကို နောက်ခံထားပြီး ခြေကုပ်ယူနေတာဆိုတော့ ကျနော်တို့လည်း အဲ့ဒါတော့ မပြောနိုင်သေးဘူးဗျ။ မီးကတော့ နေ့တိုင်းပဲ သူတို့ရှို့နေပါတယ်။ သုံးလေးရပ်ကွက်လောက်ပဲ ကျန်တာပေါ့။ ကြက်သွန်ခင်းကတော့ မပျက်သေးပါဘူး၊ အရှေ့ပိုင်းလေးပဲ အရှေ့ကုန်းလေးပဲ ရှိပါသေးတယ်။ မီးမလောင်ဘဲ ကျန်တဲ့အိမ်တွေတောင်မှ သူတို့နဲ့ပေါင်းပြီး သူခိုး ခိုးတာရောဆို ဘာမှမကျန်ပါဘူး။ ကောလင်းကတော့မရဘူး၊ ကျနော်တို့တွေတောင် ဆက်သွယ်လို့မရဘူး” လို့ ပြောပါတယ်။

၂၀၂၃ ဒီဇင်ဘာ ၂၀ ရက်ကစပြီး စစ်ကိုင်းတိုင်းအထက်ပိုင်း ကောလင်း၊ ထီးချိုင့်၊ ကသာနယ်တွေကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်ပြုလုပ်ခဲ့ပြီး ပြည်သူတချို့ ထိခိုက်သေဆုံး ဒဏ်ရာရခဲ့ပါတယ်။

ဖြစ်စဉ်တွေကိုကြည့်ရင် စစ်ကောင်စီဟာ မြေပြင်သတင်းပေးတွေရဲ့ သတင်းမှားတွေကို ရရှိခဲ့တာ တွေ့နိုင်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကိုင်းတိုင်းအထက်ပိုင်း၊ တမူးနယ်၊ ကနန်ရွာ နှစ်ခြင်းဘုရားကျောင်းဝင်းနဲ့ စာသင်ကျောင်း ဝန်းကျင်ကို ဇန်နဝါရီ ၇ ရက် မနက် ၁၀ နာရီခွဲဝန်းကျင်မှာ စစ်ကောင်စီက ဂျက်ဖိုက်တာနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ကလေးငယ် ၅ ယောက် အပါအဝင် ပြည်သူ ၁၈ ယောက် ကျဆုံးခဲ့ပါတယ်။ တိုက်ခိုက်မှုကြောင့် ဒဏ်ရာရသူ ၂၀ နီးပါးရှိခဲ့ပြီး ဆေးဝါးကုသဖို့ အခက်အခဲတွေ ဖြစ်နေတယ်လို့ ဒေသခံတယောက်က ပြောပါတယ်။

“အားလုံး ၁၈ ယောက်၊ ပွဲချင်းပြီးသေတာက ၁၆ ယောက်၊ ကုရင်းတန်းလန်းသေတာက ၂ ယောက်ဗျ။ ကလေး ၅ ယောက်၊ အမျိုးသမီး ၆ ယောက်၊ ကျန်တာအမျိုးသား။ သူတို့ သင်တန်းဆင်းပွဲသတင်းရတာ သတင်းအမှားတွေ ဖြစ်နိုင်တယ်။ သင်တန်းဆင်းပွဲက အရင်နေ့က ပြီးသွားပြီလေ။ ဒဏ်ရာရတာများတယ်။ အမြဲတမ်း ဝေဟင်သတင်းပဲ နားစွင့်နေရတာ။ ဘယ်နေ့လာကြဲမလဲဆိုတာပဲ နားစွင့်နေကြတာ။ ကလေးမြို့ကိုပို့တာ ကလေးမြို့အဝင်က လက်မခံဘူး။ ကလေးမြို့အဝင်က စကစက လက်မခံဘူး၊ လက်မခံတော့ ကျနော်တို့ တခြားလမ်းကနေ ပြန်ပို့ရတယ်။”

ခါမ်းပါတ်မြို့နဲ့ကပ်လျက် ကနန်ရွာမှာ ချင်းလူမျိုးအများစုနေထိုင်ပြီး တနင်္ဂနွေ ဘုရားကျောင်းတက်တဲ့နေ့မှာ ဘုရားကျောင်းဝန်းကို စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်တာ ဖြစ်ပါတယ်။

ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေ သိမ်းယူထားတဲ့ ခါမ်းပါတ်မြို့ဘက်ကို စစ်ကောင်စီက ဒုတိယအကြိမ် ပြောက်ကျားထိုးစစ်ဆင်ဖို့ ထပ်မံပြင်ဆင်နေတယ်လို့ ဒေသခံတယောက်က ပြောပါတယ်။

“လွန်ခဲ့တဲ့ ၂ ရက် ၃ ရက်လောက်က ကလေးမြို့ဘက်ကနေ ၃၀၀ ပါ စစ်ကြောင်းတကြောင်း တက်လာတယ်ကြားတယ်။ ဒါပေမဲ့ ရန်မျိုးအောင်ဆိုတဲ့ ကျေးရွာနားမှာ ပျောက်သွားတယ်ဗျ၊ အဲ့စစ်ကြောင်းက။”

၂၀၂၁ စစ်အာဏာသိမ်းပြီးချိန်ကနေ ၂၀၂၃ ဒီဇင်ဘာလအထိ စစ်ကောင်စီနဲ့ လက်အောက်ခံ အစုအဖွဲ့တွေ မီးရှို့ဖျက်ဆီးတာကြောင့် မြန်မာနိုင်ငံတဝန်း အိမ်ခြေ ၇၇,၀၀၀ ကျော် မီးလောင်ပျက်စီးခဲ့ပြီး စစ်ကိုင်းတိုင်းမှာ အိမ်ခြေ ၅၈,၀၀၀ ကျော်၊ မကွေးတိုင်းမှာ ၁၁,၀၀၀ ကျော်၊ ချင်းပြည်နယ်မှာ ၁,၆၀၀ ကျော် ပျက်စီးဆုံးရှုံးခဲ့တယ်လို့ Data For Myanmar အဖွဲ့က ထုတ်ပြန်ထားပါတယ်။

၂၀၂၃ နိုဝင်ဘာလအထိ စစ်ကောင်စီက မြန်မာနိုင်ငံ မြို့နယ် ၃၃၀ ထဲက ၅၅ မြို့နယ်ကို စစ်အုပ်ချုပ်ရေး ကြေညာထားပြီး အာဏာသိမ်းမှု အထမြောက်အောင် ကြိုးစားခဲ့ပါတယ်။

သုတချမ်းသာ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013