DVB Logo
Home
မြန်မာသတင်း
မှတ်တမ်းရုပ်ရှင်ဒါရိုက်တာ ရှင်ဒေဝီ ထောင်ဒဏ်တသက်တကျွန်း ချမှတ်ခံရ
DVB
·
January 11, 2024
မှတ်တမ်းရုပ်ရှင်ဒါရိုက်တာ ရှင်ဒေဝီ ထောင်ဒဏ်တသက်တကျွန်း ချမှတ်ခံရ
Donate to DVB

အကျဉ်းထောင်မှာ ဖမ်းဆီးခံထားရတဲ့ မှတ်တမ်းရုပ်ရှင်ဒါရိုက်တာ ရှင်ဒေဝီကို မြောက်ဥက္ကလာပမြို့နယ် စစ်ခုံရုံးကနေ ဇန်နဝါရီ ၁၁ ရက်မှာ အကြမ်းဖက်တိုက်ဖျက်ရေး ဥပဒေနဲ့ ထောင်ဒဏ်တသက်တကျွန်းချမှတ်လိုက်တယ်လို့  သူ့ရဲ့ မိသားစုထံက စုံစမ်းသိရပါတယ်။

ရုပ်သံသတင်းထောက်ဟောင်းလည်းဖြစ်၊ မှတ်တမ်းရုပ်ရှင်ဒါရိုက်တာလည်းဖြစ်တဲ့ ရှင်ဒေဝီကို စစ်ကောင်စီက အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀(ည) နဲ့ ၅၄ (ဃ)နဲ့ တရားစွဲဆိုခဲ့ပြီး ပုဒ်မ ၅၀ (ည) နဲ့ အမိန့်ချခဲ့တာလို့  မိသားစုတဦးက  ဒီဗွီဘီကို ပြောပါတယ်။

"ပုဒ်မ ၅၄(ဃ) ရယ်၊ ၅၀(ည)နဲ့ တရားစွဲတာ အမိန့်ချတော့ ၅၀(ည)နဲ့ ထောင်ဒဏ် တသက်တကျွန်းချလိုက်တာ အကြမ်းဖက်သမားမဟုတ်ဘဲ အခုလို အမိန့်ချတော့ စိတ်ထဲတော့ မကောင်းဘူး။”

ရှင်ဒေဝီဟာ ၂၀၂၃ ခုနှစ် အောက်တိုဘာ ၁၅ ရက်မှာ ရိုက်ကူးရေး ဒရုန်းတခုကို အွန်လိုင်းကနေ မှာယူပြီး အောင်မင်္ဂလာအဝေးပြေးဝင်းမှာ သွားရောက်ယူဆောင်ချိန် ဖမ်းဆီးခံခဲ့ရတာ ဖြစ်ပါတယ်။

မိသားစုဝင်တဦးက “ရာဇဝတ်မှုကျူးလွန်တဲ့သူလည်း မဟုတ်ဘူး။ ပရဟိတစိတ် ရှိတယ်။ လူသားချင်းစာနာထောက်ထားတတ်တယ်။ သူရဲ့ ရုပ်ရှင်အလုပ်ကို လုပ်နေတယ်၊ အစားအသောက် လိုသူတွေ အဝတ်အထည်လိုသူတွေရှိရင် ပေးတယ်။ ဒီလိုလူမျိုးကို အကြမ်းဖက်ပုဒ်မနဲ့ ချတာ ကျနော်တို့မိသားစုတွေ နားမလည်နိုင်ဘူး” လို့ ပြောပါတယ်။

ရှင်ဒေဝီဟာ ၂၀၀၅ ကနေ ၂၀၁၀ အထိ ဒီဗွီဘီသတင်းဌာနမှာ ရုပ်သံသတင်းထောက်အဖြစ် လုပ်ကိုင်ခဲ့ပြီး  ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးကို မှတ်တမ်းတင်ခဲ့သူတဦးလည်း ဖြစ်ပါတယ်။

၂၀၀၇ ခုနှစ် Yangon Film School အလုပ်ရုံဆွေးနွေးပွဲမှာ ပါဝင်ခဲ့ပြီးနောက်  ရှင်ဒေဝီဟာ  မှတ်တမ်းရုပ်ရှင်ရိုက်ကူးရေးလုပ်ငန်းတွေ စတင်လုပ်ကိုင်ခဲ့ပြီး အနည်းဆုံး ရုပ်သံမှတ်တမ်း ၁၅ ကားလောက် ရိုက်ကူးထားပါတယ်။

မန္တလေးဖောင်တော်ဦးဘုန်းတော်ကြီးသင် ပညာရေးကျောင်းအကြောင်း ရှင်ဒေဝီ ရိုက်ကူးထားတဲ့  “Brighter Future” မှတ်တမ်းရုပ်ရှင်ဟာ ၂၀၀၉ ခုနှစ်က မြန်မာပြည်မှာကျင်းပတဲ့   Art of Freedom ရုပ်ရှင်ပြပွဲမှာ အကောင်းဆုံး မှတ်တမ်းရုပ်ရှင်ဆုကို ရခဲ့ပါတယ်။

ကချင်ပြည်နယ် မိုင်ဂျာယန် စစ်ဘေးရှောင်စခန်းက ဒုက္ခသည်တွေအကြောင်း ရှင်ဒေဝီရိုက်ကူးခဲ့တဲ့  "Take Me Home"  မှတ်တမ်းရုပ်ရှင်ဟာလည်း ၂၀၁၃  ဝဿန်ရုပ်ရှင်ပွဲတော်မှာ အကောင်းဆုံး မှတ်တမ်းရုပ်ရှင်ဆုရှိခဲ့ပါတယ်။

ဒါ့အပြင်  ဆင်းရဲလို့ ပညာမသင်ရတဲ့  မြန်မာမိန်းကလေးငယ်တယောက် အကြောင်း ရိုက်ကူးထားတဲ့ ‘Now I’m Thirteen’   မှတ်တမ်းရုပ်ရှင်ဟာလည်း  ၂၀၁၄   Kota Kinabalu  နိုင်ငံတကာရုပ်ရှင်ပွဲတော်မှာ  ဒုတိယ ငွေဆု ရရှိခဲ့ပါတယ်။ 

Photo- Wathann Film Festival

Support DVB
Live
DVB Donate၂၀၂၅ စစ်အာဏာရှင်ရွေးကောက်ပွဲ ရလဒ်များ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013