
လောက်ကိုင်မြို့အခြေစိုက် စစ်ကောင်စီတပ်ဖွဲ့တွေအားလုံး လက်နက်ချ ထွက်ခွာသွားပြီး ရက်ပိုင်းအကြာမှာပဲ စစ်ကောင်စီက လေကြောင်းကနေ မကြာခဏ လာရောက် ဗုံးကြဲတိုက်ခိုက်နေတယ်လို့ ကိုးကန့်တပ်ဖွဲ့ MNDAA ရဲ့ သတင်းဌာန The Kokang က မနေ့က ထုတ်ပြန်ပါတယ်။
ဇန်နဝါရီ ၅ ရက်မှာ လောက်ကိုင်က စစ်ကောင်စီတပ်ဖွဲ့တွေ လက်နက်ချပြီး မြန်မာနိုင်ငံရှမ်းပြည်နယ် အထူးဒေသ(၁) ကိုးကန့်တစ်ခုလုံး လွတ်မြောက်နိုင်ခဲ့ကြောင်းကို ကြေညာပြီးနောက် လက်ရှိမှာ ကိုးကန့်ဒေသ လောက်ကိုင်မြို့တွင်း စစ်ကောင်စီ တပ်သားတွေ မရှိပေမဲ့လည်း စစ်ကောင်စီဟာ ကိုးကန့်မြို့တော် လောက်ကိုင်ဒေသကို ဂျက်လေယာဉ်နဲ့ မကြာခဏ လာရောက် ဗုံးကြဲပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။
ဇန်နဝါရီ ၉ ရက် ညနေပိုင်းက စစ်ကောင်စီရဲ့ ဂျက်လေယာဉ်ဟာ လောက်ကိုင်ဒေသရဲ့ ကောင်းကင်မှာလာရောက် ပျံဝဲပြီး တုန်ချိန်ရပ်ကွက်ကို ဗုံးကြဲတာကြောင့် အများပိုင် အဆောက်အဦတွေ ပျက်စီးခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။
ဒီလေကြောင်း တိုက်ခိုက်မှုအတွင်း အရပ်သားတွေ သေဆုံးဒဏ်ရာရတာတွေ လူနေအိမ်တွေ ပျက်စီးတာတွေ မရှိခဲ့ဘူးလို့ ဆိုပါတယ်။
လောက်ကိုင်မြို့အခြေစိုက် ဒေသကွပ်ကဲရေးစစ်ဌာနချုပ် (ဒကစ) က ဗိုလ်မှူးချုပ် ၆ ယောက် အပါအဝင် အရာရှိစစ်သည် ၂၀၀၀ ကျော်နဲ့ သူတို့ မိသားစုဝင်တွေဟာ MNDAA ထံမှာ ဇန်နဝါရီ ၄ ရက်က လက်နက်ချခဲ့ပြီးနောက် လောက်ကိုင်မြို့ကနေ ထွက်ခွာသွားခဲ့တာပါ။
အဲဒီ့နောက်မှာတော့ လောက်ကိုင်ဟာ စစ်ကောင်စီတပ် ကင်းစင်တဲ့နယ်မြေဖြစ်သွားပြီလို့ မြောက်ပိုင်းညီနောင်သုံးဖွဲ့က ဇန်နဝါရီလ ၅ ရက်နေ့မှာ ကြေညာခဲ့ပါတယ်။