DVB Logo
Home
မြန်မာသတင်း
အာဆီယံဥက္ကဋ္ဌသစ် လာအိုက မြန်မာနိုင်ငံကို အထူးကိုယ်စားလှယ် စေလွှတ်
DVB
·
January 10, 2024
အာဆီယံဥက္ကဋ္ဌသစ် လာအိုက မြန်မာနိုင်ငံကို အထူးကိုယ်စားလှယ် စေလွှတ်
1 / 3
Donate to DVB

အာဆီယံဥက္ကဋ္ဌသစ်ဖြစ်လာတဲ့ လာအိုနိုင်ငံဟာ မြန်မာ့အရေး ပထမဆုံး ကြိုးပမ်းတဲ့အနေနဲ့ မြန်မာအာဏာသိမ်း စစ်ခေါင်းဆောင်နဲ့ တွေ့ဆုံဖို့ အာဆီယံ အထူးကိုယ်စားလှယ်  အာလွန်ကဲအိုကစ်တီကွန်ကို  မြန်မာနိုင်ငံကို  စေလွှတ်လိုက်ပါတယ်။

အာဆီယံဥက္ကဋ္ဌရဲ့ အထူးကိုယ်စားလှယ်အဖြစ် မကြာသေးခင်ကမှ ခန့်အပ်ခံရတဲ့ အာလွန်ကဲအိုကစ်တီကွန်ဟာ ဇန်နဝါရီ ၁၀ ရက်မှာ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ အဖွဲ့ကို နေပြည်တော်မှာ တွေ့ဆုံမှာ ဖြစ်တယ်လို့ သိရပါတယ်။

အာဆီယံအထူးကိုယ်စားလှယ်နဲ့အဖွဲ့ဟာ အန်စီအေ အပစ်ရပ်လက်မှတ်ထိုးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေက ခေါင်းဆောင်တွေနဲ့လည်း တွေ့ဆုံခဲ့ပါတယ်။

ဒါ့အပြင် တခြားနိုင်ငံရေးပါတီခေါင်းဆောင်တွေနဲ့ပါ တွေ့ဆုံသွားမှာ ဖြစ်တယ်လို့ မြန်မာစစ်တပ်လက်အောက်ခံနဲ့ စစ်တပ်အားပေးမီဒီယာတွေက ဖော်ပြကြပါတယ်။

ဝါရင့်သံတမန် အာလွန်ကဲအိုကစ်တီကွန်ဟာ လာအိုဝန်ကြီးချုပ်ရုံးဝန်ကြီး အဖြစ်လည်း တာဝန်ထမ်းဆောင်ခဲ့ဖူးသူ ဖြစ်သလို ကုလသမဂ္ဂဆိုင်ရာ လာအိုနိုင်ငံရဲ့ ကိုယ်စားလှယ်အဖြစ်လည်း နှစ်ပေါင်း များစွာ တာဝန်ထမ်းဆောင်ခဲ့ဖူးပါတယ်။

အာဆီယံ အထူးကိုယ်စားလှယ် အနေနဲ့ ဒီခရီးစဉ်အတွင်း နေပြည်တော် အကျဉ်းထောင်မှာ ဖမ်းဆီးထိန်သိမ်းခံနေရတဲ့ မြန်မာလူထုခေါင်းဆောင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့  တွေ့ဆုံဖို့ ရှိမရှိကလည်း စိတ်ဝင်စားစရာ ဖြစ်ပါတယ်။

ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဒွန်ပရာမွတ်ဝီနိုင်းကတော့ ၂၀၂၃ ခုနှစ် ဇူလိုင်လ နေပြည်တော်ခရီးစဉ်မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခဲ့ပြီး သူ့ရဲ့ တွေ့ဆုံမှုကတော့ အာဆီယံနဲ့ သက်ဆိုင်ခြင်းမရှိခဲ့ပါဘူး။

လက်ရှိ လာအိုနိုင်ငံ အာဆီယံဥက္ကဋ္ဌ တာဝန်ကျတဲ့နှစ်မှာ မြန်မာ့အရေးအတွက် ပိုမိုကောင်းမွန်တဲ့ တွေ့ဆုံဆွေးနွေးမှုတွေ ပိုမိုဖော်ဆောင်နိုင်မလားဆိုတာကို နိုင်ငံတကာအသိုက်အဝန်းက စောင့်ကြည့်နေကြမှာ ဖြစ်ပါတယ်။

အရင်နှစ်က အလှည့်ကျဥက္ကဋ္ဌဖြစ်တဲ့ အင်ဒိုနီးရှားထက် အိမ်နီးချင်းလာအိုက မြန်မာစစ်အာဏာရှင်တွေနဲ့  တွေ့ဆုံဆက်ဆံမှုတွေ ပိုလုပ်နိုင်မယ်လို့လည်း  ယူဆနေကြပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းပြီး နှစ်လအကြာ ၂၀၂၁ ခုနှစ် ဧပြီလမှာ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ပါဝင်တက်ရောက်ခဲ့တဲ့ အာဆီယံ ခေါင်းဆောင်များအထူးအစည်းအဝေးမှာ မြန်မာ့အရေးနဲ့ ပတ်သက်လို့ အကြမ်းဖက်မှုရပ်တန့်ရေးအပါအဝင် အချက် ၅ ချက်ကို သဘောတူခဲ့ကြပါတယ်။

ဒီအဲဒီသဘောတူညီချက်တွေကို စစ်ကောင်စီဘက်က ပူးပေါင်းဆောင်ရွက်တာမရှိသလို တချက်မှာ  အကောင်အထည်ဖော်နိုင်ခြင်းမရှိတဲ့အတွက် အာဆီယံထိပ်သီး အစည်းအဝေးနဲ့ ဆက်စပ် ထိပ်သီးအစည်းအဝေးတွေမှာ  စစ်ခေါင်းဆောင်ကို တက်ခွင့်မပေးပဲ ပိတ်ပင်ထားခဲ့ပါတယ်။

မြန်မာနိုင်ငံနဲ့ နယ်မြေချင်းထိစပ်နေတဲ့ လာအိုနဲ့ ထိုင်းလို အာဆီယံနိုင်ငံတွေကတော့ မြန်မာစစ်တပ်နဲ့ အဆင့်မြင့်အရာရှိ ပိုင်းဆက်ဆံမှုတွေ ရှိမြဲရှိနေဆဲ ဖြစ်ပါတယ်။ 

ပြီးခဲ့တဲ့ ဒီဇင်ဘာလက ပြုလုပ်ခဲ့တဲ့ မဲခေါင်မြစ်ဝှမ်းနိုင်ငံများ အွန်လိုင်းအစည်းအဝေးမှာ ဗီယက်နမ်၊ ကမ္ဘောဒီးယား၊ တရုတ်နိုင်ငံက ခေါင်းဆောင်တွေနဲ့အတူ မြန်မာစစ်ခေါင်းဆောင်လည်း တက်ရောက်ခဲ့ပါတယ်။ အဲဒီအစည်းအဝေးမှာ တရုတ်နိုင်ငံ ဝန်ကြီးချုပ် လီချန်နဲ့ မင်းအောင်လှိုင်တို့က ပူးတွဲဥက္ကဋ္ဌ အဖြစ် တာဝန်ယူခဲ့ကြပါတယ်။

ပြီးခဲ့တဲ့နှစ် စက်တင်ဘာလ အာဆီယံထိပ်သီးအစည်းအဝေးမှာ မြန်မာအရေးနဲ့ ပတ်သက်ပြီး အာဆီယံရဲ့ လက်ရှိဥက္ကဋ္ဌ၊ အရင်ဥက္ကဋ္ဌနဲ့ လာမယ့် ဥက္ကဋ္ဌတို့ ပူးပေါင်းပြီး ကြားဝင်ညှိနှိုင်းပေးမဲ့ ထရွိုင်ကာ အမည်ရ ယန္တရားတစ်ခုကို သတ်မှတ်သဘောတူခဲ့ကြပါတယ်။ 

အခုနှစ် ၂၀၂၄ အတွက် မြန်မာ့အရေး ပူးပေါင်းဆောင်ရွက်ရမယ့် နိုင်ငံတွေဟာ လာအို၊ အင်ဒိုနီးရှားနဲ့ မလေးရှား တို့ ဖြစ်ပါတယ်။

အာလွန်ကဲအိုကစ်တီကွန်ရဲ့ အခုမြန်မာပြည်ခရီးစဉ်မှာတော့ အင်ဒိုနီးရှားဘက်က ဘယ်ကိုယ်စားလှယ်မှ လိုက်ပါလာတာ မရှိဘူးလို့ အင်ဒိုနီးရှားနိုင်ငံရေး သတင်းရင်းမြစ်တစ်ခုကနေ သိရကြောင်း နစ်ကီအေးရှားသတင်းမှာ ဖော်ပြပါတယ်။

SOURCE: NIKKEI ASIA

Photo: KPL/NCA-EAO

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013