
အာဆီယံအထူးကိုယ်စားလှယ် လာသွားတဲ့အတွက် နောက်ပိုင်းမှာ စစ်ဘေးရှောင်တွေအတွက် လူသားချင်းစာနာမှု အကူအညီတွေ ပိုရဖို့ မျှော်လင့်တယ်လို့ တောင်ကြီးမြို့က စစ်ဘေးရှောင်တွေက ပြောပါတယ်။
အာဆီယံဥက္ကဋ္ဌရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး မစ္စ မာရီယာ ထရီဆာ ပရဲညို လာဇာရို ဦးဆောင်တဲ့အဖွဲ့ဟာ ရှမ်းပြည်နယ်နဲ့ ကရင်ပြည်နယ်တွေဆီ လူသားချင်းစာနာမှု အကူအညီတွေ ပေးပို့နိုင်ဖို့ အောက်တိုဘာ ၂၈ ရက်မှ ၃၀ ရက်အထိ မြန်မာနိုင်ငံမှာ ရောက်ရှိနေတယ်လို့ စစ်အာဏာရှင်လက်အောက်ခံ နိုင်ငံခြားရေးဌာနက ထုတ်ပြန်ပါတယ်။
အထူးကိုယ်စားလှယ်နဲ့အဖွဲ့ဟာ အောက်တိုဘာ ၂၈ ရက်မှာ အာဆီယံ သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုဆိုင်ရာ လူသားချင်းစာနာမှု အကူအညီပေးရေး ညှိနှိုင်းမှုဗဟိုဌာန (AHA Centre) က ကိုယ်စားလှယ်တွေနဲ့ ရန်ကုန်မြို့ရှိ အာဆီယံသံရုံးတွေက သံတမန်တွေ ပါဝင်တဲ့ အာဆီယံ လေ့လာစောင့်ကြည့်ရေးအဖွဲ့ (AMT) နဲ့အတူ ရှမ်းပြည်နယ် (တောင်ပိုင်း) တောင်ကြီးမြို့ကို သွားရောက်ခဲ့ပြီး စိန့်ဖော်စတီနာနိုဗီရှိတ် ဘုရားကျောင်းနဲ့ ညိုမီးဘုရားကုန်း ကျေးရွာတွေမှာ စစ်ဘေးရှောင်တွေကို လူသားချင်းစာနာမှု အကူအညီတွေပေးတာကို ကြည့်ရှုခဲ့ပါတယ်။
အဲဒီစစ်ဘေးဒုက္ခသည်စခန်း ၂ ခုမှာ လူဉီးရေ ၁,၀၀၀ ကျော် ခိုလှုံနေတာဖြစ်ပါတယ်။ အာဆီယံ အထူးကိုယ်စားလှယ်က စစ်ဘေးရှောင်ပြည်သူတွေနဲ့လည်း တိုက်ရိုက်စကားပြောခဲ့ပြီး စစ်ဘေးရှောင်တွေရဲ့ လိုအပ်ချက်တွေကိုလည်း မေးမြန်းခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီလို တွေ့ဆုံရာမှာ သူတို့ရဲ့ စစ်ရှောင်စခန်းတွေထဲမှာ ကျန်းမာရေးစောင့်ရှောက်မှု လုံလောက်စွာ မရရှိတဲ့ အခြေအနေနဲ့ ရေရှားပါးမှု ပြဿနာတွေကို ပြောပြခွင့်ရခဲ့တယ်လို့ စစ်ဘေးရှောင်တွေက ပြောပါတယ်။
ဒါကြောင့် စစ်ဘေးရှောင်တွေရဲ့ စားဝတ်နေရေး အခက်အခဲတွေအတွက် ပိုပြီး အကူအညီရလာဖို့ မျှော်လင့်တယ်လို့ စစ်ဘေးရှောင်တယောက်က ပြောပါတယ်။
ညိုမီးစစ်ရှောင်စခန်းမှ စစ်ဘေးရှောင်ပြည်သူတယောက်က “ဒီစခန်းမှာ ဘာအခက်အခဲရှိလဲပေါ့၊ အခက်အခဲလေးတွေ မေးသွားတာတော့ ရှိတယ်ရှင်။ တိုက်ရိုက်စကားပြောခွင့် ရလိုက်တယ်ရှင်။ ထောက်ပံ့သွားတာကတော့ ဆန်ပေါ့လေ၊ ဆန်ရယ်၊ ကစ်ပုံးလေးတပုံးပေါ့နော်။ အဲဒီထဲမှာက ဆပ်ပြာတွေ၊ သွားတိုက်တံတွေ၊ သွားတိုက်ဆေးတွေ ပါတယ်။ မလာခင်တော့ ၃ ရက်လောက် ကြိုပြီး အကြောင်းကြားထားတယ်။ ဒီလို ဆန်လေးလာပေးတာကိုပဲ အရမ်းကို ကျေးဇူးတင်ပါတယ်လို့။ အဆင်ပြေလောက်မှာပဲ အိမ်တိုင်းအိမ်တိုင်းလည်း အဓိကက သူတို့အလုပ်သွားတယ် ဆိုတာလည်း ဒီစားဝတ်နေရေး အခက်အခဲ ဖြေရှင်းဖို့ပဲလေ နော” လို့ ပြောပါတယ်။
AHA Centre ဟာ မြန်မာနိုင်ငံက ကြက်ခြေနီအသင်းနဲ့ ပေါင်းပြီး အိမ်ထောင်စု ၁၀,၀၀၀ ကျော်ကို ပစ္စည်းတွေ ထောက်ပံ့ပေးဖို့ စီစဉ်ထားပါတယ်။
အာဆီယံ အထူးကိုယ်စားလှယ်နဲ့အဖွဲ့ တောင်ကြီးမြို့ကို မရောက်ခင်မှာ စစ်အာဏာရှင်အစိုးရက တောင်ကြီးမြို့ ဧရိယာတဝိုက်က လမ်းဘေးမှာ ဖွင့်ထားတဲ့ ဈေးဆိုင်တွေကို ၄ ရက်လောက် ပိတ်သိမ်းခိုင်းပြီး မြို့တွင်းကိုလည်း သန့်ရှင်းရေး လုပ်ခိုင်းတယ်လို့ တောင်ကြီးမြို့ခံတယောက်က ပြောပြပါတယ်။
“သီတင်းမကျွတ်ခင်ကတော့ လူကြီးလမ်းကြောင်းရှိတယ်ဆိုပြီး လမ်းဘေးစျေးသည်တွေ ၄ ရက်လောက် နားခိုင်းတယ်။ ပြီးတော့ တလမ်းလုံး ကြော်ငြာတွေဖြုတ်တယ်။ မြို့ထဲမှာလည်း သန့်ရှင်းရေးတွေ တအားလုပ်တယ်။ ကျောင်းတချို့ကိုလည်း ဧည့်သည်လာရင် ကြိုဖို့ ပြင်ဆင်ခိုင်းတာတွေ ရှိတယ်။ ဘယ်သူလာတာလဲလို့တော့ ကြိုမပြောဘူး။”
အာဆီယံ အထူးကိုယ်စားလှယ်နဲ့အဖွဲ့ရဲ့ လူသားချင်းစာနာတဲ့ အကူအညီ အထောက်အပံ့တွေ အမှန်တကယ် လိုအပ်နေသူတွေဆီ တကယ်ရောက်၊ မရောက် စောင့်ကြည့်ရမယ်လို့ ဒေသခံတွေက ပြောပါတယ်။
အာဆီယံ အထူးကိုယ်စားလှယ်နဲ့အဖွဲ့ သွားရောက်ခဲ့တဲ့ စစ်ရှောင်စခန်းက ပြည်သူတွေဟာ ၂၀၂၁ ခုနှစ် နှောင်းပိုင်းကတည်းက ကရင်နီပြည်နယ်နဲ့ ရှမ်းပြည်နယ်အစပ်က မိုးဗြဲမြို့နယ်နဲ့ ဖယ်ခုံမြို့နယ်မှာ ဖြစ်ပွားတဲ့ တိုက်ပွဲတွေကြောင့် တောင်ကြီးမြို့နယ်ကို တိမ်းရှောင်လာကြရသူတွေ ဖြစ်ပြီး သူတို့ဟာ အကူအညီ အထောက်အပံ့ မရရှိကြတဲ့အတွက် ကြုံရာကျပန်း လုပ်ကိုင်ပြီး စားဝတ်နေရေး ဖြေရှင်းနေကြရသူတွေ ဖြစ်ပါတယ်။
သီရိ











