DVB Logo
Home
မြန်မာသတင်း
ဧရာဝတီတိုင်း၌ မီးပြတ်ချိန် ပိုကြာလာသဖြင့် အသေးစားလုပ်ငန်းများ ရပ်တည်ရန်ခက်ခဲ
DVB
·
January 10, 2024
ဧရာဝတီတိုင်း၌ မီးပြတ်ချိန် ပိုကြာလာသဖြင့် အသေးစားလုပ်ငန်းများ ရပ်တည်ရန်ခက်ခဲ
Donate to DVB

ဧရာဝတီတိုင်းမှာ လျှပ်စစ်မီးပြတ်တောက်ချိန် ပိုမိုကြာမြင့်လာတာကြောင့် အသေးစားနဲ့ အလတ်စားလုပ်ငန်းတွေ ရပ်တည်ဖို့ ခက်ခဲလာတယ်လို့ စီးပွားရေးလုပ်ငန်းရှင်တွေဆီက သိရပါတယ်။

ဧရာဝတီတိုင်းမှာ စစ်တပ်အာဏာသိမ်းပြီးကတည်းက လျှပ်စစ်မီးကို အချိန်ပိုင်းနဲ့သာ ပေးတော့တာ၊ ပေးတဲ့အချိန်ပိုင်းအတွင်းမှာလည်း အချိန်တနှစ်ကျော်လာတဲ့အထိ တရက်ကို လျှပ်စစ်မီးလာတဲ့အချိန် ၁ နာရီ၊ ၂ နာရီဝန်းကျင်အတွင်းသာ အချိန်ပိုင်းနဲ့ လုပ်ငန်းတွေ လုပ်ကိုင်နေရတာကြောင့် အခက်အခဲဖြစ်နေကြတယ်လို့ ဆိုပါတယ်။

အသေးစားနဲ့ အလတ်စား စီးပွားရေးလုပ်ငန်းရှင်တယောက်က “အရမ်းအရေးကြီးတဲ့ အော်ဒါတွေရမှ မီးစက်ကို အသုံးပြုရမှာပေါ့။ အမြဲတမ်း မီးစက်မသုံးနိုင်ဘူးလေ။ ဆီဈေးနဲ့ ကျမတို့ရတာနဲ့က ဘယ်လိုမှမကိုက်ဘူး။ မီးလာတဲ့အချိန်အတွင်းမှာပဲ အသည်းအသန် လုပ်ရတာပေါ့။ စစ်တပ်က အာဏာသိမ်းပြီးကတည်းက အဆင်ပြေပြေ မလုပ်ရ‌တော့ဘူး။ ဒီအတိုင်းဆို အလုပ် လုပ်ဆက်လုပ်ဖို့တောင် အဆင်မပြေတော့ဘူး” လို့ ပြောပါတယ်။

လုပ်ငန်းတွေ မိတ်မပျက်ရေး လုပ်ကိုင်လည်ပတ်နေရပြီး မီးစက်ကို အသုံးပြု လုပ်ကိုင်နေရတဲ့အတွက် စက်သုံးဆီဈေးက အတက်သာရှိ၊ အကျမရှိတာကြောင့် ထုတ်လုပ်မှု ကုန်ကျစရိတ်တွေ အရင်ကထက် သုံးဆကျော်ကျော်အထိ ပိုမိုကုန်ကျလာတယ်လို့ အသေးစားနဲ့ အလတ်စား လုပ်ငန်းရှင်တွေဆီက သိရပါတယ်။

“အထည်ချုပ်စက်ရုံတွေမှာလည်း မီးလာတဲ့အချိန်မှပဲ အလုပ်ကို စတင်လုပ်ကိုင်နေကြရတယ်။ အလုပ်က မီးအခက်အခဲကြောင့် အတော်အဆင်မပြေ အခက်အခဲ ဖြစ်နေတာ။ လုပ်ငန်းမှာလည်း မတွင်ကျယ်တဲ့အပြင် လည်ပတ်ရဖို့ပါ ခက်ခဲလာတာ။ မရပ်ချင်လို့ တောင့်ခံပြီး လုပ်နေတာ။ အရေးကြီးတဲ့ ကုန်ပစ္စည်းတွေကို မီးစက်နဲ့လုပ်ရတော့လည်း မီးစက်ကို လုံးလုံးအားကိုးလို့မရဘူး ဖြစ်နေတယ်။ အခုဆီဈေး‌တွေနဲ့က မီးစက်ကို အချိန်ပြည့် မသုံးနိုင်ဘူး” လို့ အသေးစား အထည်ချုပ်လုပ်ငန်းရှင်တယောက်က ပြောပါတယ်။

ဧရာဝတီတိုင်းမှာ လျှပ်စစ်မီး အချိန်ပြည့်မရရှိတဲ့အတွက်ကြောင့် ရေသန့်လုပ်ငန်း၊ အထည်ချုပ်လုပ်ငန်း၊ ဆန်လုပ်ငန်း၊ မုန့်လုပ်ငန်း၊ ရုံးလုပ်ငန်း စတဲ့လုပ်ငန်းတွေ အဓိက အခက်အခဲ ဖြစ်နေတယ်လို့ သိရပါတယ်။

အခုလို လျှပ်စစ်မီးလာတဲ့အချိန် နည်းလာပြီး အိမ်သုံးမီးကနေ လုပ်ငန်းတွေအထိ အခက်အခဲရှိတာကို စစ်ကောင်စီကတော့ ပြည်သူတွေ လျှပ်စစ်မီးကို ချွေတာသုံးစွဲဖို့ နေ့စဉ်ထုတ် မြန်မာ့အလင်းနဲ့ ကြေးမုံသတင်းစာတွေကနေ ကြေညာနေတာလည်း တွေ့ရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013