DVB Logo
Home
မြန်မာသတင်း
ဘုရားစေတီကို သံတူနှင့်ထုရိုက်ခဲ့သည့်ကိစ္စ MNDAA တောင်းပန်၊ ကျူးလွန်သူကို အရေးယူမည် 
DVB
·
January 10, 2024
ဘုရားစေတီကို သံတူနှင့်ထုရိုက်ခဲ့သည့်ကိစ္စ MNDAA တောင်းပန်၊ ကျူးလွန်သူကို အရေးယူမည် 
Donate to DVB

လောက်ကိုင်ဒေသမှာ ကိုးကန့်တပ်ဖွဲ့ဝင် လူငယ်တယောက်က  ဘုရားစေတီတဆူကို သံတူနဲ့ ထုရိုက်ခဲ့တာနဲ့ ပတ်သက်ပြီး တောင်းပန်တဲ့အကြောင်းနဲ့ ကျူးလွန်သူကို အရေးယူ အပြစ်ပေးမယ်လို့ မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA)က ဇန်နဝါရီ ၉ ရက်နေ့စွဲနဲ့ ကြေညာပါတယ်။

ခုရက်ပိုင်း လူမှုကွန်ရက်ပေါ်မှာ MNDAA ဝတ်စုံဝတ်ထားတဲ့ လူငယ်တယောက်က  ရွှေရောင် ဘုရားစေတီတဆူကို တူနဲ့ထုရိုက်နေတဲ့  ဗွီဒီယိုဖိုင်တစ်ခု ထွက်ပေါ်လာခဲ့တာနဲ့ ပတ်သက်လို့ ကိုးကန့်တပ်ဖွဲ့ရဲ့ စစ်ဆေးရေးကော်မတီက ထုတ်ပြန်ကြေညာလိုက်တာပါ။ 

အဆိုပါစေတီမှာ ရှမ်းပြည်မြောက်ပိုင်း ကိုးကန့်အထူးဒေသ ၁ နယ်မြေ လောက်ကိုင်ဒေသ စီအောကျေးရွာရဲ့ မြောက်ဘက် စစ်ကောင်စီတပ်စခန်းချခဲ့တဲ့ ဆင်ဦးကင်းတောင် ပွိုင့် ၂၂၀၂  တောင်ကုန်းပေါ်မှာ တည်ရှိပြီး  စစ်ကောင်စီတပ်တွေကတော့ အဲဒီနေရာကနေ ဆုတ်ခွာပေးလိုက်ရပြီ ဖြစ်ပါတယ်။

အဆိုပါဗွီဒီယိုဖိုင်ကြောင့် ပြည်သူလူထုက MNDAA အပေါ် နားလည်မှုလွဲမှား၊ ပြစ်တင်ရှုတ်ချခဲ့ကြောင်း၊ အကြံဆိုးရှိသူက ဘာသာရေးနဲ့ လူမျိုးရေးပဋိပက္ခတွေကို ရည်ရွယ်ချက်ရှိရှိ လှုံ့ဆော်တာကို တားမြစ်ဖို့နဲ့ ဗုဒ္ဓဘာသာဝင်တွေအနေနဲ့ စိတ်ပိုင်းဆိုင်ရာ ထိခိုက်နစ်နာမှု မဖြစ်စေဖို့  ကြေညာချက်ထုတ်ပြန်လိုက်တာလို့  ကိုးကန့်တပ်ဖွဲ့က ဆိုပါတယ်။

ဒါဟာ MNDAA အမိန့်အရ မဟုတ်ဘဲ ပုဂ္ဂိုလ်ရေးလုပ်ရပ်သာ ဖြစ်ကြောင်း၊ MNDAA အနေနဲ့ လက်အောက်ငယ်သားရဲ့ စည်းကမ်းညံ့ဖျင်းမှု၊ အရည်အချင်းမရှိတဲ့ လုပ်ရပ်အတွက် လွန်စွာတောင်းပန်ကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

MNDAA ဟာ လွတ်လပ်တဲ့ ဘာသာရေး ကိုးကွယ်မှုကို လေးစားလိုက်နာပြီး ဘာသာရေး ဆန့်ကျင်ဖို့၊ ဘာသာရေးအဆောက်အဦတွေ ဖျက်ဆီးဖို့ အမိန့်ပေးတာ လုံးဝမရှိကြောင်း၊ ဒီကိစ္စနဲ့ ပတ်သက်လို့ MNDAA စစ်ရေးကော်မတီက တရားခံကိုအရေးယူ အပြစ်ပေးဖို့ ညွှန်ကြားထားပြီး ဘာသာရေး လွတ်လပ်မှုကို လေးစားဖို့၊ ဘာသာရေး အဆောက်အဦတွေ အလေးထား ကာကွယ်ပေးဖို့ ညွှန်ကြားထားကြောင်း ကြေညာချက်မှာ ဖော်ပြပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ ဗုဒ္ဓဘာသာဝင်တွေကို လှောင်ပြောင်စော်ကား၊ ဘာသာရေးကို စော်ကား၊ မြန်မာတစ်မျိုးသားလုံးကို စော်ကားတဲ့ပုံစံ ဖြစ်တယ်လို့ နိုင်ငံပိုင် မီဒီယာတွေကနေ ပြောပါတယ်။ 

“ဒီလိုဖြစ်တဲ့ပုံစံတွေက သူတို့ပြောနေတဲ့ ဒီမိုကရေစီအရေး၊ ဖက်ဒရယ်ပြည်ထောင်စုအရေးနဲ့ လားလားမျှ သက်ဆိုင်ခြင်းမရှိပါဘူး။ ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုးတွေအပေါ်မှာ သက်သက်စော်ကားခြင်း၊ စော်ကားပြခြင်း ဖြစ်ပါတယ်။ ဒါတွေ ဘာကြောင့်ဖြစ်ရလဲဆိုတော့ ကျနော်တို့ ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုးတွေကြားထဲမှာ သွေးကွဲနေမှုတွေကို သပ်လျှိုတာ၊ သွေးကွဲနေမှုတွေအပေါ်မှာ အခွင့်ကောင်းယူတာ ဖြစ်ပါတယ်။ ဒါတွေကို သတိရှိကြဖို့ လိုပါတယ်။”

ဒီကိစ္စနဲ့ပတ်သက်ပြီး လူမှုကွန်ရက်မှာ ဝေဖန်ရှုတ်ချနေကြတာရှိသလို ရန်ကုန်နဲ့ မန္တလေးမှာလည်း  မဘသတွေနဲ့ တပ်ထောက်ခံသူတွေ ပူးပေါင်းပြီး  လှည့်လည်  ဆန္ဒပြကြပါတယ်။

တိုင်းရင်းသားဒေသတွေ အပါအဝင် မြန်မာနိုင်ငံအနှံ့ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေမှာ စစ်ကောင်စီ တပ်တွေဟာလည်း ဘုရားစေတီတွေ၊ ဘုန်းကြီးကျောင်းတွေပေါ်မှာ တပ်စွဲ အကာအကွယ်ယူပြီး ခံစစ်စခန်း ဆောက်လုပ်ထားတာရှိသလို ဘုရားစေတီတွေ၊ ကျောင်းကန်တွေနဲ့ ဘုန်းကြီးကျောင်းတွေကို လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်၊ သံဃာတော်တွေကို ဖမ်းဆီး သတ်ဖြတ်နေတာတွေ ရှိပေမဲ့ မဘသတွေနဲ့ တပ်ထောက်ခံသူတွေက တစုံတရာ ဝေဖန်ပြောဆိုတာ  ဆန္ဒပြကြတာ မရှိပါဘူး။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013