DVB Logo
Home
မြန်မာသတင်း
စဉ့်ကူးတွင် လက်နက်ကြီးကြောင့် ၁ ဦးသေဆုံး၊ စစ်တပ်ဗုံးကြဲသဖြင့် မိုးမိတ်ဒေသခံများ တိမ်းရှောင်နေရ
DVB
·
January 10, 2024
စဉ့်ကူးတွင် လက်နက်ကြီးကြောင့် ၁ ဦးသေဆုံး၊ စစ်တပ်ဗုံးကြဲသဖြင့် မိုးမိတ်ဒေသခံများ တိမ်းရှောင်နေရ
Donate to DVB

မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်၊ ရွှေပြည်ရွာတောင်ဘက်၊ သဲချောင်းအနီးကနေ ဇန်နဝါရီ ၉ ရက်က စစ်အုပ်စု လက်နက်ကြီး ပစ်ခတ်တာကြောင့် ကျောက်ငနွားရွာက ဒေသခံ အမျိုးသားတဦး သေဆုံးကာ နှစ်ဦး ပြင်းထန်ဒဏ်ရာရသွားတယ်လို့ စဉ့်ကူးဒေသခံတွေထံက သိရပါတယ်။

ဇန်နဝါရီ ၉ ရက် ညနေ ၆ နာရီလောက်က ပစ်ခတ်ခဲ့တာဖြစ်ပြီး သေဆုံးသူအမျိုးသားဟာ အသက် ၃၀ အရွယ် ကျော်မျိုးထက် ဆိုသူ ဖြစ်တယ်လို့လည်း သိရပါတယ်။

စဉ့်ကူးဒေသခံ တော်လှန်ရေးတပ်ဖွဲ့ဝင်တဦးက “ငါးချက်လောက် ပစ်တယ်။ ကျောက်ငနွား ကတော့ အကုန်ပြေးကြတာပဲ။ ရက်ကန်းစင်တောင်ခြေတွေလည်း ကျတယ်။ အထိအခိုက်တော့ မရှိဘူး” လို့ ပြောပါတယ်။

အဆိုပါ ထိခိုက်ဒဏ်ရာရသူတွေကို စဉ့်ကူးမြို့နယ် ပကဖက ဆေးဝါးကုသဖို့ ကူညီဆောင်ရွက်နေတယ်လို့လည်း သိရပါတယ်။

စဉ့်ကူးမြို့နယ်အတွင်းမှာ စစ်အုပ်စုက ပျူရွာမှာ အထိုင်ချထားပြီး ကျေးရွာတွေကို ဒရုန်းနဲ့ ဗုံးသီးချ တိုက်ခိုက်တာ၊ ပျူစောထီးတပ်ဖွဲ့ဝင်တွေ စုဆောင်းတာ၊ ရေကြောင်းရော ကုန်းကြောင်းကပါ စစ်ကြောင်းထိုး တိုက်ခိုက်တာတွေ ရှိတဲ့အတွက် ကျေးရွာ ၁၀ ရွာလောက်က ဒေသခံတွေ စစ်ဘေးရှောင်နေကြရတယ်လို့ သိရပါတယ်။

ဒီဇင်ဘာ ၁၀ ရက်ကလည်း ထုံးကြီးကျေးရွာကို စစ်ကားတွေရောက်လာပြီး လက်နက်ကြီးတွေနဲ့ မြစ်အနောက်ဘက် ကျွန်းပေါ်ရွာတွေကို သုံးနေရာခွဲပြီး ဆက်တိုက်ပစ်ခတ်နေတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၉ ရက် မနက် ၅ နာရီလောက်ကလည်း တောင်အင်းရွာက စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး၊ ပျူစောထီးခေါင်းဆောင် လှမျိုးရဲ့ နေအိမ်ပေါ် တော်လှန်ရေးတပ်ဖွဲ့‌ဝင်တွေက ဒရုန်းနဲ့ ဗုံးသီးချ တိုက်ခိုက်ခဲ့တာကြောင့် အဲဒီနေရာမှာ အထိုင်ချထားတဲ့ ပျူစောထီး ၅ ဦး ပြင်းထန်စွာ ထိခိုက်ဒဏ်ရာရသွားတယ်လို့ သိရပါတယ်။ အုပ်ချုပ်ရေးမှူး လှမျိုးနဲ့ မိသားစု၊ ပျူစောထီးတွေကတော့ ထွက်ပြေးတိမ်းရှောင်ခဲ့ကြတယ်လို့ သိရပါတယ်။

အဆိုပါ အုပ်ချုပ်ရေးမှူးရဲ့နေအိမ်ကို ပထမအကြိမ် ဒရုန်းနဲ့ ဗုံးသီးချတိုက်ခိုက်ခဲ့ပြီး အုပ်ချုပ်ရေးမှူး လှမျိုးကို ပြည်သူနဲ့ပူးပေါင်းဖို့ သတိပေးစာ ပေးပို့ခဲ့ပေမဲ့ နားမထောင်တဲ့အပြင် ပြည်သူတွေထံကနေ ငွေကြေးကောက်ခံပြီး Drone Jumper ဝယ်ယူကာ စိန်ခေါ်နေတာကြောင့် ထပ်မံတိုက်ခိုက်ခဲ့တာလို့လည်း တော်လှန်ရေးတပ်ဖွဲ့ဝင်တွေထံက သိရပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မိုးမိတ်မြို့နယ်မှာလည်း စစ်ကောင်စီတပ်က ဇန်နဝါရီ ၉ ရက် နေ့လယ်ပိုင်းမှာ မန်ဖွယ်ရွာနဲ့ စင့်ကင်ရွာတွေဘက်ကို လေယာဥ်နဲ့ ဗုံးလာကြဲခဲ့တာကြောင့် မိုးမိတ်​ဒေသခံတွေ တိမ်းရှောင်နေကြရတယ်လို့ သိရပါတယ်။

မိုးမိတ်မြို့ စင့်ကင်ရွာက စစ်ကောင်စီတပ်ရဲ့ ကျန်ကန်တပ်စခန်းကုန်းကို TNLA တပ်က ဇန်နဝါရီ ၅ ရက်မှာ သိမ်းပိုက်ခဲ့ပြီး ဒီဇင်ဘာ ၁၀ ရက်နေ့မှာ မန်ဖွယ်ရွာကို TNLA တပ်တွေ ရောက်နေတယ်ဆိုပြီး စစ်တပ်က လေယာဥ်နဲ့ လာကြဲသွားတာလို့ မိုးမိတ်မြို့ဒေသခံတဦးက ပြောပါတယ်။

“တိုက်ပွဲဖြစ်တယ်။ မန်ဖွယ်ရွာဘက်မှာ သူတို့အဖွဲ့တွေ ရောက်နေတယ်ဆိုပြီး​တော့ မနက်ပိုင်းမှာ တိုက်ပွဲအရင်ဖြစ်ပြီး နေ့လယ် ၁၂ လောက်မှာ လေယာဥ်နဲ့လာကြဲတာ။ မန်ဖွယ်မှာ လာပစ်တဲ့အချိန်တော့ အရမ်းကြောက်တယ်၊ နီးတယ်လေ။”

မိုးမိတ်မြို့ စင့်ကင် မြစ်ဆုံအဝင်ကို တအာင်းလွတ်မြောက်ရေးတပ် (TNLA) က တိုက်ခိုက်သိမ်းပိုက်ပြီးနောက် စစ်တပ်က ပထမအကြိမ် လေယာဥ်နဲ့ လာပစ်ခတ်ခဲ့တာလို့ သိရပါတယ်။

ဒေသခံ အမျိုးသမီးတဦးက “တချို့တဝက်တော့ ရှောင်ကြပါတယ်။ သူခိုးလည်း ကြောက်ရတယ်။ အိမ်မှာလည်း တယောက် နှစ်ယောက် ကျန်ပါတယ်။ သိသလောက်တော့ ၁ ရက်နေ့ကစပြီး ဖြည်းဖြည်း ရှောင်ကုန်ကြပြီ” လို့ ပြောပါတယ်။

မိုးမိတ်မြို့မှာ စစ်တပ်က လေကြောင်းသုံး ဗုံးကြဲခဲ့တာကြောင့် ထိခိုက်ပျက်စီးမှု အခြေအနေကို နှစ်ဖက် သတင်းထုတ်ပြန်ခြင်း မရှိသေးသလို ဒီဗွီဘီအနေနဲ့လည်း သီးခြား အတည်မပြုနိုင်သေးပါဘူး။

မိုးကုတ်​မြို့ ဗျူဟာကုန်းကနေလည်း မိုးမိတ်ဘက်ကို ဇန်နဝါရီ ၈ ရက် ညပိုင်းက လက်နက်ကြီးနဲ့ ၅ ချက် လှမ်းပစ်ခတ်ခဲ့သေးတယ်လို့ မိုးကုတ်မြို့​ဒေသခံတွေဆီက သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013