DVB Logo
Home
မြန်မာသတင်း
တော်လှန်ရေးကို မဆုတ်မနစ် ထောက်ကူပေးကြရန် NUG ယာယီသမ္မတ တိုက်တွန်း
DVB
·
January 10, 2024
တော်လှန်ရေးကို မဆုတ်မနစ် ထောက်ကူပေးကြရန် NUG ယာယီသမ္မတ တိုက်တွန်း
Donate to DVB

စစ်အာဏာရှင်စနစ် အပြီးတိုင်အဆုံးသတ်စေမယ့် ဒီတော်လှန်ရေးကို မဆုတ်မနစ် ထောက်ကူ ပေးကြဖို့နဲ့ ဝန်းရံပေးကြဖို့  အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံတော်ယာယီသမ္မတ ဒူဝါလရှီးလက ကချင်အမျိုးသားရေးအရာအစည်းအရုံး (ဂျပန်) မှာ ကျင်းပတဲ့ ကချင်ပြည်နယ်နေ့ အခမ်းအနားကို ပေးပို့တဲ့ မိန်းခွန်းမှာ ပြောကြားခဲ့ပါတယ်။

မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီး ရက်ပိုင်းမှာ ကချင်ပြည်နယ်နေ့ကို သတ်မှတ်ခဲ့ပေမဲ့ ကချင်ပြည်နယ်နဲ့ ပြည်နယ်သူပြည်နယ်သားတွေဟာ လွတ်လပ်မှု ငြိမ်းချမ်းသာယာမှုတွေကို ဒီကနေ့အထိတိုင် ခံစားခွင့်မရသေးဘူးလို့ ယာယီသမ္မတ ဒူဝါလရှီးလက ပြောပါတယ်။

“လွတ်လပ်ရေးရပြီးတာ ၇၆ နှစ်တိုင်ခဲ့ပေမဲ့ ကျနော်တို့ ပြည်သူတရပ်လုံးက လွတ်လပ်ရေးအရသာ  ယနေ့အထိတိုင် ပြည့်ပြည့်ဝဝ ခံစားခွင့်မရရှိနိုင်သေးတာနဲ့ ထပ်တူပါပဲ။ မြန်မာပြည်သူတွေ ဗြိတိသျှအစိုးရရဲ့ ထိန်းချုပ်မှုအောက်ကလွတ်မြောက်ပြီး လွတ်လပ်ရေးတော့ ရခဲ့ပေမယ့်လည်း ကချင်ပြည်နယ်အပါအဝင် တနိုင်ငံလုံးအနေဖြင့် လွတ်လပ်မှု၊ ငြိမ်းချမ်းမှုနဲ့ ကိုယ့်ကြမ္မာကိုယ်ဖန်တီးခွင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အခွင့်အရေးတွေ ဆုံးရှုံးခဲ့ရပါတယ်။ ဒါ့အပြင် ခေတ်အဆက်ဆက် အာဏာရှင်တွေရဲ့ ကုပ်သွေးစုပ် ဖိနှိပ်ချုပ်ချယ်မှုတွေကြောင့် ဆင်းရဲမွဲတေမှုတွေနဲ့ ပြည်တွင်းစစ်ရဲ့ဒဏ်ကို ခါးသီးစွာ ခံစားခဲ့ကြရပါတယ်။ သမိုင်းတလျှောက် တပါတီ အာဏာရှင်စနစ်၊ စစ်အာဏာရှင်စနစ်တွေရဲ့ အဆိုးသံသရာထဲမှာ ကျနော်တို့အားလုံး ရုန်းကန် ရှင်သန်ခဲ့ကြရပါတယ်။ တိုင်းရင်းသားလူမျိုးစုအသီးသီးကလည်း ဆုံးရှုံးနေရတဲ့ အခြေခံ ရပိုင်ခွင့်တွေနဲ့ ကိုယ့်ကြံမ္မာကိုယ် ရပိုင်ခွင့်အတွက် နှစ်ပေါင်းများစွာ တော်လှန်တိုက်ပွဲ ဝင်ခဲ့ကြရပါတယ်။ ဒီအချိန်မှာ‌တော့ တော်လှန်ရေးကြီးဟာ ကြီးမားတဲ့ အပြောင်းအလဲကြီးတခုကို ရောက်ရှိလာခဲ့ပြီဖြစ်ပါတယ်။ လူမျိုးစုအသီးသီး၊ အဖွဲ့အစည်းအသီးသီးက သီးခြားစီ တော်လှန်နေကြတဲ့ ပုံသဏ္ဌာန် မဟုတ်တော့ဘဲ အားလုံးက စစ်အာဏာရှင်စနစ်ကို အပြီးတိုင် အမြစ်ဖြတ်ခြေမှုန်းရမယ်ဆိုတဲ့ ခိုင်မာပြတ်သားတဲ့ ယုံကြည်ချက်နဲ့ တော်လှန်ရေးဆုံချက်ကို ရောက်ရှိခဲ့ပြီဖြစ်ပါတယ်။” 

“စစ်အာရှင်စနစ်ကို အမြစ်ဖြတ်နိုင်မှသာ အမိမြန်မာနိုင်ငံဟာ  တန်းတူညီမျှမှု၊ လွတ်လပ်မှုနဲ့ ငြိမ်းချမ်းမှုအပြည့်အဝရှိတဲ့ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံဖြစ်မယ်ဆိုတဲ့ ဘုံတူညီသော ယုံကြည်မှုလည်း ရှိနေကြပြီးဖြစ်ပါတယ်။ ကချင်ပြည်နယ်နေ့ ဆိုတာ ကချင်တိုင်းရင်းသားတွေသာမကဘဲ ကချင်ပြည်နယ်အတွင်း မှီတင်းနေထိုင်ကြတဲ့ ဌာနေတိုင်းရင်းသားအားလုံး၊ ပြည်နယ်သူပြည်နယ်သားအားလုံး ပြည်သူလူထုတရပ်လုံးနဲ့ သက်ဆိုင်တာဖြစ်ပါတယ်” လို့ ဒူဝါလရှီလက ပြောကြားခဲ့ပါတယ်။

အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကတော့  ငြိမ်းချမ်းရေးကို ဖော်ဆောင်ရာမှာ တိုင်းရင်းသားညီအစ်ကိုအချင်းချင်း ပြည်ထောင်စုစိတ်ဓာတ်အရင်းခံကာ နိုင်ငံရေးနည်းလမ်းအရ တွေ့ဆုံဆွေးနွေးအဖြေရှာခြင်းဖြင့်သာ အောင်မြင်နိုင်မှာဖြစ်ကြောင်း ဒီနေ့ကျရောက်တဲ့  ၇၆ နှစ်မြောက် ကချင်ပြည်နယ်နေ့ အခမ်းအနားသို ပေးပို့တဲ့ သဝဏ်လွှာမှာ ထည့်သွင်းပြောကြားခဲ့ပါတယ်။

ပြည်သူတွေ မျှော်မှန်းတောင့်တတဲ့  အေးချမ်းသာယာတဲ့ နိုင်ငံတော်ကြီးကို တည်ဆောက်နိုင်ဖို့ မရှိမဖြစ်လိုအပ်တဲ့ ပြည်ထောင်စုကြီးတခုလုံး ငြိမ်းချမ်း‌ရေးရရှိစေဖို့  NCA လမ်းကြောင်းအတိုင်း ဆောင်ရွက်ရမှာ ဖြစ်ကြောင်း အာဏာသိမ်းခေါင်းဆောင်က ပြောပါတယ်။

ဒီကနေ့ကျရောက်တဲ့ ၇၆ နှစ်မြောက် ကချင်ပြည်နယ်နေ့အထိမ်းအမှတ်ကို မြစ်ကြီးနားမြို့ရှိ ကချင်ပြည်နယ်အစိုးရရုံးမှာ ကျင်းပခဲ့ပြီး အခမ်းအနားကို ဖိတ်ကြားထားသူတွေသာ တက်ရောက်ခွင့်ရကာ လုံခြုံရေးတင်းကျပ်စွာနဲ့ ကျင်းပခဲ့ပါတယ်။

မြန်မာနိုင်ငံ လွတ်လပ်ရေးရရှိပြီးနောက် ၁၉၄၈ ခုနှစ် ဇန်နဝါရီ ၁၀ ရက်နေ့က ကချင်ပြည်နယ် ကောင်စီပထမဆုံးညီလာခံမှာ ကချင်ပြည်နယ်အစိုးရအဖွဲ့ ဖွဲ့စည်းခြင်းကို ဂုဏ်ပြုတဲ့အနေနဲ့ ဇန်ဝါရီ ၁၀ ရက်နေ့ကို “ကချင်ပြည်နယ်နေ့” အဖြစ် သတ်မှတ်ပြဋ္ဌာန်းခဲ့တာဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013