
ထိုင်းအရှေ့တောင်ပိုင်း ချွန်းပူးရီးခရိုင်၊ ဘန်လမွန်းမြို့နယ်ရှိ မူကြိုကလေးထိန်းကျောင်း တကျောင်း မှာ စက်တင်ဘာ ၉ ရက် မနက်က ပစ်ခတ်မှုဖြစ်ပွားပြီး ဆရာမ တယောက် သေဆုံးသွားတယ်လို့ ချွန်းပူးရီး ဒေသတွင်း သတင်းတွေမှာ ဖော်ပြပါတယ်။
ဒီနေ့မနက် ၁၀ နာရီခွဲလောက်က ဘန်လမွန်းမြို့၊ နောင်ပါလိုင်ရပ်ကွက်၊ နယ်မြေ ၃ ရှိ နောင်ပါလိုင် စည်ပင်သာယာမူကြိုကျောင်းထဲမှာ ပစ်ခတ်မှုဖြစ်ပြီး ထိခိုက်ဒဏ်ရာရသူရှိကြောင်း အကြောင်းကြားချက် ရတာကြောင့် အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့နဲ့အတူ သွားရောက်စစ်ဆေးခဲ့တယ်လို့ ဘန်လမွန်းနယ်မြေရဲစခန်း တာဝန်ရှိသူက သတင်းထောက်တွေကို ပြောပါတယ်။
အခင်းဖြစ်ပွားရာမှာ မူကြိုကျောင်းက ဆရာ/ဆရာမနဲ့ ကလေးတွေ အယောက် ၅၀ လောက်က ထိတ်လန့်ကြောက်ရွံ့မှုတွေဖြစ်နေတာ တွေ့ရတာကြောင့် အရင်ဆုံး လုံခြုံရေးယူပြီး စာသင်ဆောင်ထဲက ကလေးငယ်အားလုံးကို ဘေးလွတ်ရာကို အရေးပေါ် ရွှေ့ပြောင်းပေးခဲ့တယ်။
ကျောင်းအဆောက်အအုံမှာ နှစ်ထပ်ကျောင်းဆောင်ဖြစ်ပြီး အောက်ထပ်အခန်းရှေ့ စင်္ကြံလမ်းမှာ အဝါရောင်တီရှပ် ဘောင်းဘီရှည်ဝတ်ဆင်ထားတဲ့ အမျိုးသမီး တယောက် ဦးခေါင်းမှာ အနီးကပ် ပစ်ခံထားရတဲ့ သေနတ်ဒဏ်ရာ ၁ ချက်နဲ့ လဲကျသေဆုံးနေတယ်။ သူဟာ အသက် ၄၈ နှစ်ရွယ် နန်းဖိုင်းလင်း ထောင်းထတ် ခေါ် ခူးပေါ့တ်ဖြစ်ပြီး အဲဒီမူကြိုကျောင်းက အတန်းပိုင်ဆရာမ ဖြစ်တယ် လို့ ဆိုပါတယ်။
မျက်မြင်သက်သေတွေ ထွက်ဆိုချက်အရ အဲဒီနေ့မနက်က သေနတ်သံ တချက် ကြားရပြီး ဘယ်သူမှ အပြင်မထွက်ရဲတော့ဘဲ ကလေးတွေရဲ့ လုံခြုံရေးအတွက် အခန်းတံခါးတွေကို ပိတ်ထားကြတယ်။ မိနစ် ၂၀ လောက်ကြာမှ အပြင်ကို ထွက်ပြီးစစ်ဆေးကြည့်တာမှာ ခူးပေါ့တ်က သွေးအိုင်ထဲမှာ လဲကျ သေဆုံးနေတာတွေ့လို့ ရဲစခန်းနဲ့ ကယ်ဆယ်ရေးအဖွဲ့တွေဆီ အကြောင်းကြားလိုက်တာလို့ ဆိုပါတယ်။
ပစ်ခတ်မှု ကျူးလွန်သူ ဘယ်သူဘယ်ဝါဆိုတာ မသိရသေးပေမဲ့ တာဝန်ရှိသူတွေက ဆရာမ ခူးပေါ့တ်ရဲ့ ခင်ပွန်းဖြစ်သူ ဘန်းလမွန်းရဲတပ်ဖွဲ့က ရဲအရာရှိတယောက်ကို သံသယအရှိဆုံးသူအဖြစ် ပစ်မှတ်ထားပါတယ်။ အဓိကအကြောင်းမှာ သဝန်တိုမှုကြောင့်လို့ ယူဆတယ်လို့ ဆိုပါတယ်။
လက်ရှိမှာ ရဲတပ်ဖွဲ့က အခင်းဖြစ်ပွားရာ မူလတန်းကျောင်းကို ပိတ်ဆို့ထားပြီး ချွန်းပူးရီးခရိုင်ဝန်နဲ့ ဘန်လမွန်းမြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ဥက္ကဋ္ဌနဲ့ တာဝန်ရှိသူတွေ လာရောက်စစ်ဆေးနေပါတယ်။
ပြစ်မှူကျူးလွန်သူလို့ သံသယရှိတဲ့ ဒုရဲအုပ် ဖုန်းရဲ့ နေအိမ်ကိုလည်း သွားရောက်ဝိုင်းဝန်း ပိတ်ဆို့ထားတယ်။ သူကတော့ အိမ်ထဲမှာပဲရှိနေပြီး အဖမ်းမခံသေးဘူးလို့ သတင်းမှာ ဖော်ပြပါတယ်။
Source - ပရကျင်းပူရီသတင်း / INN News / Police TV











