DVB Logo
Home
မြန်မာသတင်း
ထိုင်းတွင် MOU မြန်မာအလုပ်သမား ၇၀ ကျော် အလုပ်သမားအခွင့်အရေး ချိုးဖောက်ခံရ
DVB
·
January 9, 2024
ထိုင်းတွင် MOU မြန်မာအလုပ်သမား ၇၀ ကျော် အလုပ်သမားအခွင့်အရေး ချိုးဖောက်ခံရ
Donate to DVB

ထိုင်းနိုင်ငံ၊ ချွန်ပူရီခရိုင်မှာ နှစ်နိုင်ငံသဘောတူစာချုပ် (MOU) စနစ်နဲ့ လာရောက် အလုပ် လုပ်ကိုင်နေတဲ့ မြန်မာအလုပ်သမား ၇၁ ဦးဟာ စာချုပ်ပါ အလုပ်ခွင်မှာ မလုပ်ရတာ၊ လုပ်အားခမရတာအပါအဝင် အလုပ်သမားအခွင့်အရေးတွေ ချိုးဖောက်ခံနေရတယ်လို့ WAG မြန်မာအလုပ်သမား ကူညီစောင့်ရှောက်ရေးအဖွဲ့ဆီက သိရ ပါတယ်။

မြန်မာအလုပ်သမား အမျိုးသား ၄၇ ဦး၊ အမျိုးသမီး ၄၂ ဦး စုစုပေါင်း ၇၁ ဦးဟာ  ထိုင်းနိုင်ငံ၊ ပထုံဌာနီခရိုင်၊ ဘန်ချန်မြို့ရှိ Apisit Engineering & Supply Part  ကုမ္ပဏီ ဆောက်လုပ်ရေးလုပ်ငန်းခွင်မှာ အလုပ်လုပ်ကိုင်ဖို့အတွက် မြန်မာနိုင်ငံမှ Moe Thit Yan  ကုမ္ပဏီနဲ့ ၂ နှစ်စာချုပ် ချုပ်ဆိုခဲ့ပါတယ်။

အဆိုပါစာချုပ်ချုပ်ဆိုပြီးတဲ့နောက် ကုမ္ပဏီက မြန်မာအလုပ်သမားတွေကို ပြီးခဲ့တဲ့နှစ် ၂၀၂၃၊ အောက်တိုဘာက ထိုင်းနိုင်ငံ၊ မဲဆောက်မြို့ကို ပို့ဆောင်ပေးခဲ့ပါတယ်။

ထိုင်းနိုင်ငံရောက်တဲ့အချိန်မှာ အလုပ်သမားတွေဟာ အေဂျင်စီနဲ့ စာချုပ်ထဲက ဆောက်လုပ်ရေးကုမ္ပဏီမှာ အလုပ်လုပ်ခွင့်မရဘဲ ချွန်ဘူရီခရိုင်ရှိ ဆောက်လုပ်ရေးဆိုက် တခုမှာသာ အလုပ်လုပ်ခွင့်ရခဲ့ပါတယ်။

ကာယကံရှင် အလုပ်သမားတစ်ဦးက “မြန်မာအေဂျင်စီက မဲဆောက်မြို့ကို ပို့ပေးတယ်။ မဲဆောက်ရောက်တဲ့အချိန် စာချုပ်မှာပါတဲ့ ကုမ္ပဏီက လာခေါ်ပြီး Power Line Engineering Public ကုမ္ပဏီမှာ ကျနော်တို့ကို ဘတ် ၂၀၀၀နဲ့ ရောင်းစားခဲ့တယ်။ အခုလို ပြဿနာတွေဖြစ်တော့ ကျနော်တို့ Power Line ကုမ္ပဏီမှာ အလုပ်မရတော့ဘူး။ တစ်ရက်ကို ဘတ် ၁၀၀ပေးပြီး အိမ်ခန်းငှားနေရတယ်။ အခုလက်ရှိမှာတော့ ကျနော်တို့ စားဝတ်နေရေးရော တော်တော်အခက်အခဲဖြစ်နေတယ်” လို့ ပြောပါတယ်။

မြန်မာအလုပ်သမားတွေဟာ Power Line Engineering ကုမ္ပဏီမှာ ၂ လနီးပါး အလုပ်လုပ်ကိုင်ပြီးတဲ့နောက်အလုပ်ပုံမှန်မဆင်းရတာ၊ လုပ်အားခမရတာ၊ စာချုပ်ပါစည်းကမ်း မကိုက်ညီတာနဲ့ အေဂျင်စီက တိကျတဲ့ တာဝန်ယူမှု မရှိတာတို့အတွက် စစ်ကောင်စီရဲ့ မြန်မာအလုပ်သမားသံရုံးကို အကူအညီတောင်းပေမဲ့ အကြောင်းမပြန်တာကြောင့် WAG အဖွဲ့ထံ အကူအညီ တောင်းခံခဲ့ပါတယ်။

WAG မြန်မာအလုပ်သမား ကူညီစောင့်ရှောက်ရေးအဖွဲ့ တာဝန်ရှိသူ ကိုမုန်တိုင်းက “အလုပ်သမားတွေက မြန်မာသံရုံးကို ဖြေရှင်းပေးဖို့ လှမ်းအကြောင်းကြားပေမဲ့ ရေရေရာရာ အကြောင်းမပြန်ခဲ့ပါဘူး။ MOU နဲ့ လာပေမဲ့ သံရုံးက ဘာမှမဖြေရှင်းတဲ့အတွက် ကျနော်တို့က ထိုင်းအာဏာပိုင်တွေနဲ့သာ ဖြေရှင်းပေးနေရတယ်။ အခု အလုပ်သမားတွေကို စာချုပ်ပါ လုပ်ငန်းခွင် မပို့ဆောင်တာနဲ့ အလုပ်သမားအခွင့်အရေး ချိုးဖောက်ခံရတွေနဲ့ ပတ်သက်ပြီး အေဂျင်စီနဲ့ ညှိနှိုင်းနေပေမဲ့ ကျနော်တို့ တောင်း‌ဆိုထားတဲ့ ၃ ချက်ထဲက ကျန်အော်(အလုပ်ပြောင်းခွင့်) လက်မှတ်တခုပဲ ရပါသေးတယ်” လို့ ပြောပါတယ်။

အလုပ်မဆင်းရတဲ့ ရက်‌တွေအတွက် လုပ်အားခ ၇၅ ရာခိုင်နှုန်း ရရှိဖို့နဲ့ အလုပ်သမားတွေအတွက် အလုပ်သစ် ရှာပေးဖို့အတွက် သက်ဆိုင်ရာ ထိုင်းအာဏာပိုင်တွေနဲ့ ညှိနှိုင်းဆောင်ရွက်နေတယ်လို့ သူက ဆက်ပြောပါတယ်။

ကိုမုန်တိုင်းက “လက်ရှိအခြေအနေမှာတော့ ကျနော်တို့ဘက်က သူဌေးပြောင်းလက်မှတ် ထုတ်ပေးဖို့၊ စာချုပ်ပါစည်းမျဉ်းချိုးဖောက်လို့ ၇၅ ရာခိုင်နှုန်း လျော်ကြေးပြန်လည်ပေးဖို့နဲ့ အလုပ်သမားတွေကို အလုပ်ပြန်ပေးဖို့ တောင်းဆိုထားတယ်။ သူတို့ဘက်က သူဌေးပြောင်းလက်မှတ်ပဲ ထုတ်ပေးပြီး ကျန်နှစ်ချက်မ လိုက်လျောပေးသေးဘူး။ ဒီအပေါ်မှာ အေဂျင်စီနဲ့ ပြဿနာနည်းနည်းတက်နေတယ်။ ဒါကြောင့် ကျနော်တို့ဘက်က ထိုင်း အာဏာပိုင်တွေကို တိုင်ထားတယ်”လို့ ပြောပါတယ်။

မြန်မာအလုပ်သမား ၇၁ ဦး သတ်မှတ်အလုပ်ခွင်ကို မပို့ဆောင်ပေးတာနဲ့ အလုပ်သမား အခွင့်အရေး ချိုးဖောက်ခံရမှုတွေနဲ့ ပတ်သက်ပြီး Moe Thit Yan  ကုမ္ပဏီကို ဆက်သွယ်ခဲ့ရာ မြန်မာအလုပ်သမားသံရုံးမှာ အကုန်ဖြေရှင်းပြီးပြီလို့ ပြန်လည်ဖြေကြားခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း အလုပ်အကိုင်ရှားပါးတာနဲ့ စီးပွားရေး အဆင်မပြေတာတွေကြောင့် ထိုင်း၊ မလေးရှားနဲ့ တရုတ်တို့မှာ သွားရောက် အလုပ် လုပ်ကိုင်သူ သိသိသာသာ တိုးပွားလာပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013