DVB Logo
Home
မြန်မာသတင်း
မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးသံတမန် လာအို ခန့်အပ်
DVB
·
January 9, 2024
မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးသံတမန် လာအို ခန့်အပ်
Donate to DVB

အာဆီယံဥက္ကဋ္ဌရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးသံတမန်အဖြစ် ဝါရင့်နိုင်ငံရေးသမား ဝန်ကြီးချုပ်ရုံးဝန်ကြီးဟောင်း အာလွန်ကဲအိုကစ်တီကွန်ကို လာအိုအစိုးရက ခန့်အပ်လိုက်ပါတယ်။

ဝန်ကြီးချုပ်ရုံးဝန်ကြီးဟောင်းဖြစ်သူ အာလွန်ကဲအိုကစ်တီကွန်ကို အာဆီယံဥက္ကဋ္ဌရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးသံတမန်အဖြစ် လာအိုနိုင်ငံခြားရေးဝန်ကြီး ဆယ်လွန်မ်ဆေကွန်မာဆစ်က ခန့်အပ်လိုက်တာလို့ ထိုင်း  PBS သတင်းမှာ ဖော်ပြပါတယ်။

ဇန်နဝါရီ ၁ ရက်က စတင်တာဝန်ထမ်းဆောင်နေပြီဖြစ်တဲ့ အာဆီယံအထူးသံတမန်နဲ့ ပတ်သက်လို့ မိတ်ဘက် အာဆီယံနိုင်ငံတွေကို လာအိုနိုင်ငံခြားရေးဝန်ကြီးဌာနက အသိပေး အကြောင်းကြားခဲ့ပြီးဖြစ်တယ်လို့ ဆိုပါတယ်။

အာလွန်ကဲအိုကစ်တီကွန်ဟာ လာအိုနိုင်ငံရဲ့ ကုလသမဂ္ဂဆိုင်ရာ သံတမန်အဖြစ်လည်း တာဝန်ထမ်းဆောင်ခဲ့ဖူးသူဖြစ်ပြီး လာအိုနိုင်ငံမှာ ဖေဖော်ဝါရီလမတိုင်ခင် ကျင်းပသွားဖို့ ရှိနေတဲ့ အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး မတိုင်မီ အခုလို ခန့်အပ်လိုက်တာပါ။

အာဆီယံအလှည့်ကျဥက္ကဋ္ဌဖြစ်တဲ့ လာအိုဟာ ရှေ့ဆက်ဆောင်ရွက်သွားမယ့် လုပ်ငန်းစဉ်တွေနဲ့ မျှော်မှန်းထားတဲ့ ရလဒ်တွေကို တင်ပြဆွေးနွေးမယ့် သူ့ရဲ့ ပထမဆုံး နိုင်ငံခြားရေးဝန်ကြီးများ တွေ့ဆုံဆွေးနွေးပွဲကို စီစဉ်ထားပါတယ်။

၂၀၂၄ ခုနှစ်အတွင်း အာဆီယံ နိုင်ငံခြားရေးဝန်ကြီးတွေရဲ့ ပထမဆုံးအကြိမ် အစည်းအဝေးကို လာအိုမြို့တော်ဟောင်း လွမ်ဘရာဘမ်မြို့မှာ ဇန်နဝါရီ ၂၈ ရက်နဲ့ ၂၉ ရက်မှာ ကျင်းပဖို့ရှိနေတာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ အထူးသံတမန်ကို အခုလို မြန်မြန်ဆန်ဆန် ခန့်အပ်လိုက်တာဟာ အလှည့်ကျဥက္ကဋ္ဌသစ် လာအိုက အာဆီယံရဲ့ မြန်မာ့အရေးသဘောတူညီချက် ၅ ချက် အကောင်အထည်ဖော်ရေးကို အလေးအနက်သဘောထားကြောင်း ပြသလိုက်တာ ဖြစ်တယ်လို့ ထိုင်းနိုင်ငံရေးသမားတဦးက ပြောပါတယ်။

ပြီးခဲ့တဲ့နှစ်မှာ အာဆီယံဥက္ကဋ္ဌအလှည့်ကျခဲ့တဲ့ အင်ဒိုနီးရှားကတော့ မြန်မာနိုင်ငံဆိုင်ရာ အထူးသံတမန်အဖြစ် တဦးတယောက်ကို အမည်တပ် တာဝန်ပေးခြင်းမရှိခဲ့ဘဲ အာဆီယံ အထူးကိုယ်စားလှယ်ရုံးအဖြစ် ဖွင့်လှစ်ဆောင်ရွက်ခဲ့ပါတယ်။

မြန်မာပဋိပက္ခကို ချဉ်းကပ်ရာမှာ ပြီးခဲ့တဲ့ အာဆီယံအလှည့်ကျ ဥက္ကဋ္ဌတွေဖြစ်တဲ့ ဘရူနိုင်း၊ ကမ္ဘောဒီးယားနဲ့ အင်ဒိုနီးရှားတို့ ဆောင်ရွက်အောင်မြင်ခဲ့တဲ့ ရလဒ်တွေပေါ် အခြေခံပြီး လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံကလည်း ဆောင်ရွက်သွားမှာဖြစ်တယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံက ဦးဆောင်တဲ့ ရေရှဉ်တည်တံ့ပြီး အားလုံးပါဝင်တဲ့ ငြိမ်းချမ်းတဲ့အဖြေတခု ရရှိရေး ကြိုးပမ်းမှုမှာ ပါဝင်ကူညီဖို့ အာဆီယံက သန္နိဋ္ဌာန်ချမှတ် ဆောင်ရွက်နေတဲ့အတိုင်း အခုနှစ်ရဲ့ အလှည့်ကျဥက္ကဋ္ဌဖြစ်တဲ့ လာအိုကလည်း ဆက်လက် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။

လာအိုလက်ထက်မှာ အာဆီယံအဖွဲ့နဲ့ပတ်သက်လို့ နယ်ပယ် ၉ ခုကို အဓိကဦးစားပေး ဆောင်ရွက်သွားမှာဖြစ်ကြောင်း ပြီးခဲ့တဲ့လက မိန့်ခွန်းပြောကြားစဉ်မှာ နိုင်ငံခြားရေးဝန်ကြီး ဆယ်လွန်မ်ဆေက ပြောခဲ့ပါတယ်။

အဲဒီနယ်ပယ်ကိုးခုဟာ - စီးပွားရေးလုပ်ငန်းတွေ ချိတ်ဆက်ဖော်ဆောင်ရေး၊ အားလုံးပါဝင်ပြီး ရေရှည်အကျိုးဖြစ်ထွန်းမယ့် အနာဂတ်ဖော်ဆောင်ရေး၊ ဒစ်ဂျစ်တယ်အနာဂတ်သို့ အသွင်ကူးပြောင်းရေး၊ အာဆီယံအသိုင်းအဝိုင်းအတွင်းက မတူညီတဲ့ ယဉ်ကျေးမှုနဲ့ အနုပညာတွေကို ဖော်ထုတ်ပြီး ရေရှည်တည်တံ့အောင် အားပေးရေး၊ အာဆီယံအသိုင်းအဝိုင်းရဲ့ ၂၀၃၄ မျှော်မှန်းချက် ဖြစ်ပေါ်လာရေးအတွက် ဗျူဟာမြောက် စီမံကိန်းများ ရေးဆွဲဖော်ဆောင်ရေးတို့ ပါဝင်ပါတယ်။

ဒါ့အပြင် အာဆီယံအဖွဲ့ဝင်နိုင်ငံတွေ အားလုံး အာဆီယံအဖြစ် တသွေးတသားတည်း ဖြစ်လာစေရေး၊ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ကိစ္စတွေမှာ ပိုမိုပူးပေါင်းဆောင်ရွက်ရေး၊ အမျိုးသမီးတွေရဲ့ ကျန်းမာရေးဆိုင်ရာ ကိစ္စတွေမှာ ပိုမိုပူးပေါင်းဆောင်ရွက်ရေး၊ ကလေးငယ်တွေရဲ့ ကျန်းမာရေးဆိုင်ရာ ကိစ္စတွေမှာ ပိုမိုပူးပေါင်းဆောင်ရွက်ရေးတို့ ဖြစ်ကြောင်း ထိုင်း PBS သတင်းမှာ ရေးသားဖော်ပြပါတယ်။

Source/Photo-Thai PBS

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013