
အီကွေဒေါနိုင်ငံရဲ့ အလိုအရှိဆုံး အကျဉ်းသားတဦးဟာ သူ့ကိုထိန်းသိမ်းထားတဲ့ အကျဉ်းထောင်ကနေ ပျောက်သွားပြီးတဲ့ နောက်တရက် ဇန်နဝါရီ ၈ ရက်မှာ သမ္မတ ဒယ်နီရယ် နိုဘိုအာက ရက်ပေါင်း ၆၀ အရေးပေါ်အခြေအနေကို ကြေညာခဲ့ပါတယ်။
အရေးပေါ်အခြေအနေနဲ့ ပတ်သက်တဲ့ ဖြစ်ရပ်တွေဟာ တောင်အမေရိကနိုင်ငံ အီကွေဒေါမှာ အကြမ်းဖက်မှုတွေကို နှိမ်နင်းဖို့ ကတိပြုထားပြီး နိုဝင်ဘာလမှာ သမ္မတဖြစ်လာတဲ့ လူငယ် စီးပွားရေးသမား နိုဘိုအာအတွက် ပထမဆုံးသော လုံခြုံရေးစစ်ဆေးမှုတွေထဲက တခု ဖြစ်လာပါတယ်။
နိုင်ငံတွင်း လူပြည့်ကျပ်နေတဲ့ အကျဉ်းထောင်ခြောက်ခုမှာ ပြိုင်ဘက်ဂိုဏ်းတွေကြား တနင်္လာနေ့က ရုန်းရင်းဆန်ခတ်ဖြစ်ခဲ့တယ်လို့ အီကွေဒေါရဲ့ အကျဉ်းထောင်အေဂျင်စီက ပြောပါတယ်။
ထောင်တွင်း အဓိကရုဏ်းတွေကြောင့် ၂၀၂၁ ခုနှစ်ကစပြီး အကျဉ်းသား ၄၀၀ ကျော် သေဆုံးခဲ့ရတယ်လို့လည်း ဆိုပါတယ်။
လော့စ် ချိုနဲရို့စ် ရာဇဝတ်ဂိုဏ်းခေါင်းဆောင် အဒေါ်ဖို မာစီးယပ်စ်ဟာ သူ ထောင်ဒဏ် ၃၄ နှစ် ကျခံနေရတဲ့ ဂွါယာကေး အကျဉ်းထောင်ကနေ တနင်္ဂနွေနေ့က ပျောက်သွားခဲ့တာပါ။
ဖစ်တိုလို့လည်းခေါ်တဲ့ မာစီးယပ်စ်ဟာ မူးယစ်ကုန်ကူးမှုနဲ့ လူသတ်မှုတွေ အပါအဝင် ရာဇဝတ်မှု အမျိုးမျိုးအတွက် ၂၀၁၁ ခုနှစ်က ပြစ်ဒဏ်စီရင်ခံခဲ့ရသူ ဖြစ်ပါတယ်။
လော့စ် ချိုနဲရို့စ် ဂိုဏ်းဟာ ခြိမ်းခြောက်ငွေညှစ်မှု၊ လူသတ်မှုနဲ့ မူးယစ်ကုန်ကူးမှု အပါအဝင် ရာဇဝတ်မှုတွေနဲ့ ပတ်သက်နေတဲ့ အဖွဲ့အစည်းဖြစ်ပြီး အီကွေဒေါနိုင်ငံထဲက အဓိကထောင်တွေကို ထိန်းချုပ်ထားတယ်လို့ စွပ်စွဲခံထားရပါတယ်။
တနိုင်ငံလုံး ညမထွက်ရအမိန့် ထုတ်ပြန်ထားချိန်မှာ အရေးပေါ်အခြေအနေ ထုတ်ပြန်ထားရလို့ လမ်းမတွေပေါ်နဲ့ အကျဉ်းထောင်တွေထဲမှာပါ စစ်တပ်ကို တာဝန်ချထားရပါတယ်။
အကြမ်းဖက်မှုထူပြောတဲ့ အီကွေဒေါနိုင်ငံမှာ အရင်အစိုးရတွေလည်း မကြာသေးမီနှစ်တွေအတွင်း အရေးပေါ်အခြေအနေ ကြေညာခဲ့ဖူးပေမဲ့ ရလဒ်ကြီးကြီးမားမား မရှိခဲ့ဘူးလို့ ရိုက်တာသတင်းဌာနက ထုတ်ပြန်ထားပါတယ်။
Source/Photo-Reuters










