
ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့ အမှတ် ၅ ရပ်ကွက်မှာ ဇန်နဝါရီ ၈ ရက် မနက်အစောပိုင်း ၁ နာရီလောက်မှာ ဘူးသီးတောင်အခြေစိုက် ခလရ ၂၆၃ က စစ်ကောင်စီတပ်သား အင်အား ၃၀ လောက်က ဒေသခံ ၃ ယောက်ကို ဖမ်းဆီးသွားကြတယ်လို့ ဘူးသီးတောင်မြို့ ဒေသခံတယောက်က ဒီဗွီဘီကို ပြောပါတယ်။
ဖမ်းဆီးခံရသူတွေကတော့ ဘူးသီးတောင်မြို့ အမှတ် ၅ ရပ်ကွက်က အသက် ၄၀ အရွယ် ဦးအဘူကာလောင်း၊ အသက် ၃၅ နှစ်အရွယ် ဦးညီနိုဟာရှိန်း၊ အသက် ၃၅ နှစ်အရွယ် ဦးအာလောင်တို့ ဖြစ်ကြတယ်လို့ ဆိုပါတယ်။
သူတို့ကို ဘာကြောင့်ဖမ်းဆီးသွားတယ် ဆိုတာကို အတိအကျ မသိရသေးပေမဲ့ စစ်ကောင်စီတပ်ကတော့ အပြစ်မဲ့ပြည်သူတွေကို ULA/AA နဲ့ ဆက်စပ်တယ်လို့ စွပ်စွဲပြီး မကြာခဏ ဖမ်းဆီးလေ့ရှိကာ ခလရ ၂၆၃ တပ်ရင်းထဲကို ခေါ်သွားကြတယ်လို့ ပြောပါတယ်။
ဘူးသီးတောင်မြို့ အမှတ် ၅ ရပ်ကွက်မှာ ဒီဇင်ဘာ ၂၃ ရက် ညကလည်း ပြည်သူတယောက်ကို ULA/AA နဲ့ ဆက်စပ်တယ်လို့ စွပ်စွဲပြီး စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
ရခိုင်ပြည်နယ်အတွင်းမှာ ရက္ခိုင့်တပ်တော်(အေအေ) နဲ့ စစ်ကောင်စီတပ်တို့ တကျော့ပြန် တိုက်ပွဲတွေ ပြန်လည်ဖြစ်ပွားပြီးနောက် စစ်ကောင်စီဘက်က ဒေသခံပြည်သူ ၃၀၀ ကျော်လောက်ကို အေအေနဲ့ ဆက်စပ်တယ်လို့ သံသယမှုအပြင် ဒေသန္တရဥပဒေတွေနဲ့ပါ ဖမ်းဆီးခဲ့ကြတယ်လို့ သိရပါတယ်။
စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်၊ နဘားကျေးရွာမှာ စစ်ရှောင်ပြည်သူတွေရဲ့ နေအိမ်က ပစ္စည်းတွေ ခိုးယူခံနေရကြောင်း သိရပါတယ်။
ကချင်လွတ်မြောက်ရေးတပ် (KIA) နဲ့ စစ်ကောင်စီတပ်တို့ စစ်ရေးတင်းမာမှုတွေ ရှိနေတဲ့အတွက် နဘားလမ်းဆုံ စော်မော်ချောင်းအနီးက စစ်ဘေးတိမ်းရှောင်နေတဲ့ ဒေသခံတွေရဲ့ ပစ္စည်းတွေ အခိုးခံနေရကြောင်း ဒေသခံတွေဆီက သိရပါတယ်။
ဒေသခံ အမျိုးသားတဦးက “ခုလက်ရှိတော့ တိုက်ပွဲဖြစ်တာ မရှိသေးဘူး။ ဒါပေမဲ့ နဘားလမ်းဆုံမှာက စစ်တပ် ရှိတယ်။ အဲ့ဒီနားက တောင်ပေါ်မှာက KIA တွေရှိတယ်။ နှစ်ဖက် တိုက်ပွဲဖြစ်လာမှာ စိုးရိမ်လို့ ပြီးခဲ့တဲ့ နိုဝင်ဘာလောက်ကတည်းက ကြိုပြီး တိမ်းရှောင်နေကြတာ။ အဲ့ဒီ တိမ်းရှောင်နေတဲ့ အိမ်တွေက ပစ္စည်းတွေ အခိုးခံရတာ” လို့ ပြောပါတယ်။
ကချင်လွတ်မြောက်ရေးတပ် (KIA) နဲ့ စစ်ကောင်စီတပ်တို့ စစ်ရေးတင်းမာနေတဲ့အတွက် စော်မှော်ချောင်းအနီးက ဒေသခံပြည်သူတွေ ဘေးလွတ်ရာ တိမ်းရှောင်နေစဉ် နေအိမ် ဈေးဆိုင်တွေအတွင်းက လျှပ်စစ်မီးကြိုး၊ ဘက်ထရီအိုးနဲ့ တခြားအိမ်သုံးပစ္စည်းတွေ အခိုးခံနေရတာပါ။
ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၉ ရက်က စော်မှော်ချောင်းကျေးရွာ ဈေးဆိုင်တန်းကို စစ်ကောင်စီတပ်က လေယာဉ်နဲ့ ဗုံးကြဲခဲ့တဲ့အတွက် အမျိုးသမီးတဦး သေဆုံးကာ ပြည်သူ ၅ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရပြီး နေအိမ်ဈေးဆိုင်တွေ မီးလောင် ပျက်စီးခဲ့ပါသေးတယ်။










