DVB Logo
Home
မြန်မာသတင်း
စစ်တပ် အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ကျဆုံးပြည်သူ ၄၃၀၀ ခန့်ထိ မြင့်တက်လာ
DVB
·
January 9, 2024
စစ်တပ် အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ကျဆုံးပြည်သူ ၄၃၀၀ ခန့်ထိ မြင့်တက်လာ
Donate to DVB

မြန်မာနိုင်ငံမှာ အာဏာသိမ်း ၃ နှစ်နီးပါးအကြာ စစ်ကောင်စီတပ်တွေ အကြမ်းဖက် ပစ်ခတ်သတ်ဖြတ်မှုတွေကြောင့် နိုင်ငံတဝန်း အပြစ်မဲ့ကျဆုံးပြည်သူအယောက် ၄,၃၀၀ နီးပါးနဲ့ ဖမ်းဆီးထိန်းသိမ်းခံရသူပေါင်း ၂၅,၇၇၉ ယောက်ထိ ရှိလာခဲ့ပြီလို့ နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ)က ထုတ်ပြန်ထားပါတယ်။

ဒီစာရင်းဟာ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်ကနေ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၈ ရက် အထိ အေအေပီပီက ကောက်ယူမှတ်တမ်းပြုစုထားတာဖြစ်ပြီး အမှန်တကယ် ကျဆုံးသူတွေဟာ ဒီထက်ပိုနိုင်တယ်လို့ ဖော်ပြပါတယ်။

နွေဦးတော်လှန်ရေးကာလအတွင်း ဒီနေ့အထိ ၁၉,၉၀၄ ယောက် လက်ရှိ ချုပ်နှောင်ခံထားရဆဲ ဖြစ်ပြီး အဲဒီထဲက ၈,၄၅၆ ယောက်ကတော့ ထောင်ဒဏ် ချမှတ်ခံထားရပါတယ်။

တော်လှန်ရေးနဲ့ ဆက်စပ်ပြီး သေဒဏ်ချမှတ်ခံထားရကာ အကျဉ်းထောင်တွေထဲ ထိန်းသိမ်းခံနေရသူ အရေအတွက်ကတော့ ၁၁၉ ယောက် ရှိနေပြီး မျက်ကွယ်သေဒဏ်ချမှတ်ခံထားရသူ ၄၃ ယောက်အပါအဝင် ၁၁၉ ယောက်ကတော့ မျက်ကွယ်ပြစ်ဒဏ် ချမှတ်ခံထားရတာကြောင့် သေဒဏ်ချမှတ်ခံထားရသူ စုစုပေါင်း ၁၆၂ ယောက် ရှိလာပြီ ဖြစ်ပါတယ်။

လတ်တလောအချိန်ထိ ဖမ်းဆီးခံရပြီး ပြန်လည်လွတ်မြောက်လာသူဦးရေကတော့ ၅,၈၇၅ ယောက်ရှိခဲ့တယ်လို့ ဆိုပါတယ်။

အေအေပီပီ မှတ်တမ်းနှင့် သုတေသနဌာနက စောင့်ကြည့်လေ့လာမှုအရ နိုင်ငံတဝန်း စစ်အုပ်စုရဲ့ လေကြောင်းတိုက်ခိုက်မှုတွေ ပိုမိုပြင်းထန်လာပြီး တိုက်ပွဲဖြစ်ပွားခြင်း မရှိတဲ့ အချိန်မှာတောင် အရပ်သားတွေကို ဦးတည်ပစ်ခတ်မှုတွေကြောင့် ကလေးငယ်တွေနဲ့ သက်ကြီးရွယ်အိုတွေ အပါအဝင် အရပ်သား ထိခိုက်သေဆုံးမှုနှုန်း မြင့်တက်နေတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း စစ်ကိုင်းတိုင်းမှာ တန့်ဆည်မြို့က စိန်းနန်းကျေးရွာ၊ တမူးမြို့နယ်က ခါမ်းပါတ်မြို့နဲ့ ထီးချိုင့်မြို့နယ်တွေ၊ ရှမ်းပြည်နယ်မှာ နမ္မတူမြို့နယ်၊ ကွတ်ခိုင်မြို့နဲ့ နမ့်ဆန်မြို့နယ် အပါအဝင် နိုင်ငံတဝန်း စစ်အုပ်စုက သာလွန်အင်အားသုံး ပြီးတော့ လေကြောင်းကနေ တိုက်ခိုက်ခဲ့တာကြောင့် ပြည်သူတွေ သေဆုံး၊ ဒဏ်ရာရရှိ ကြပြီး နေအိမ်၊ စာသင်ကျောင်းနဲ့ ဘာသာရေးဆိုင်ရာ အဆောက်အဦတွေ ပျက်စီးခဲ့ရပါတယ်။

ရခိုင်ပြည်နယ် စစ်တွေမြို့နယ်မှာ စစ်တပ်က အရပ်သား ၁၀၀ ဝန်းကျင်ကို ဖမ်းဆီးခဲ့တဲ့အပြင် စစ်ကြောင်းထိုးကာ လက်နက်ကြီးတွေနဲ့ ပစ်ခတ် မီးရှို့ ဖျက်ဆီးမယ်ဆိုပြီး ခြိမ်းခြောက်တာကြောင့် စစ်တွေနဲ့ ပုဏ္ဏားကျွန်းမြို့နယ်တွေက ကျေးရွာတွေက ဒေသခံ ၂၀၀၀၀ ဝန်းကျင် တိမ်းရှောင်နေကြရတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် စစ်အုပ်စုက ကုန်းလမ်းနဲ့ ရေလမ်းတွေက သွားလာခွင့်ကို ပိတ်ပင်ထားတာကြောင့် ကိုယ်ဝန်ဆောင် အမျိုးသမီးတွေ အပါအဝင် ကျန်းမာရေးချို့တဲ့သူတွေ အသက်ဆုံးရှုံးမှုနဲ့ ကြုံတွေ့နေရတယ်လို့လည်း အေအေပီပီက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013