DVB Logo
Home
မြန်မာသတင်း
လောက်ကိုင်ဒကစ လက်နက်ချပြီးနောက် စစ်ကောင်စီတပ်များ ထပ်မံလက်နက်ချနိုင်ဟု CDM အရာရှိများ သုံးသပ် 
DVB
·
January 8, 2024
လောက်ကိုင်ဒကစ လက်နက်ချပြီးနောက် စစ်ကောင်စီတပ်များ ထပ်မံလက်နက်ချနိုင်ဟု CDM အရာရှိများ သုံးသပ် 
Donate to DVB

လောက်ကိုင်က စစ်ကောင်စီ ဗိုလ်မှူးချုပ် ၆ ဦး အပါအဝင် စစ်ကောင်စီ တပ်သားထောင်နဲ့ချီကာ လက်နက်ချတဲ့ ဖြစ်စဉ်ဟာ စစ်တပ်သမိုင်းမှာ အထိအနာဆုံးဖြစ်ပြီး နောက်ထပ် လက်နက်ချတာတွေ ထပ်ရှိလာမယ်လို့ နိုင်ငံရေးလေ့လာသူတွေနဲ့  CDM အရာရှိတွေက သုံးသပ်ပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကိုးကန့်ဒေသ၊ လောက်ကိုင်မြို့က ဒေသကွပ်ကဲရေးစစ်ဌာနချုပ်မှာ စစ်ကောင်စီဟာ တပ်မ (၅၅)၊ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (၁၂) နဲ့ (၁၄) တို့ကို အင်အားဖြည့်ထားပေမဲ့ အရာရှိ  ၂၂၈ ယောက်၊ တပ်သား ၁၈၉၅ ယောက်နဲ့ မိသားစုဝင် ၁၆၀၀ ကျော်တို့ဟာ  ဇန်နဝါရီ ၅ ရက်က လက်နက်ချခဲ့တာ ဖြစ်ပါတယ်။

စစ်ကောင်စီရဲ့ ရာထူးမြင့် ဗိုလ်ချုပ်တွေဟာ လာဘ်စားမှုနဲ့ ပျက်စီးနေချိန် တပ်သားတွေကလည်း အသေမခံတော့ဘဲ လက်နက်ချကြတာ ဖြစ်တယ်၊ စစ်တပ်က ပြိုပျက်လာတာကြာပြီဖြစ်ပေမဲ့ အခုဖြစ်ရပ်ကတော့ ပြင်းထန်ပြီး စစ်တပ်သမိုင်းမှာ အထိအနာဆုံးဖြစ်တယ်လို့ နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာလှကျော်ဇောက ဒီဗွီဘီကို ပြောပါတယ်။

“စစ်ကောင်စီ အတော်အထိနာတဲ့ပွဲပဲ။ ဗိုလ်ချုပ် ၆ ယောက်နဲ့ တပ်တခုလုံးရော လက်နက်ချတယ်ဆိုတာ သမိုင်းမှာ မရှိတာ၊ အတော်အထိနာတဲ့ ပွဲပဲ။ စစ်တပ်က ပြိုပျက်လာတာ ကြာပြီ။ အခုက သိပ်ပြင်းထန်သွားတယ်။ အထက်က အသီးသီးက ငွေရေးကြေးရေးနဲ့ ပျက်စီးနေတော့ အောက်ကလည်း အသေမခံတော့ဘူးပေါ့။ စိတ်ဓာတ်အရ တော်တော်ကျဆင်းနေပြီ ဆိုတာ ပြတယ်။ နွေဦးတော်လှန်ရေးအတွက် ဆိုရင်လည်း အင်မတန်ကောင်းတဲ့ တော်လှန်ရေးခရီး အလှည့်အပြောင်းတခုကို ရောက်နိုင်တယ်လို့ ပြောနိုင်တယ်။”

ဒါပေမဲ့ စစ်အာဏာရှင်စနစ်ကို အဆုံးသတ်နိုင်ဖို့ အောင်ပွဲကို ဆက်ထိန်းထားဖို့လိုပြီး တော်လှန်ရေးတပ်ဖွဲ့တွေ ဟန်ချက်ညီ တိုက်ခိုက်ဖို့လိုတယ်လို့ ဒေါက်တာလှကျော်ဇောက ပြောပါတယ်။

စစ်ကောင်စီအနေနဲ့ လောက်ကိုင်မှာ သံချပ်ကာကားတွေ၊ အမြောက်တွေအပြင် အင်အားထောင်နဲ့ချီ တပ်ဖြည့်ထားပေမဲ့ တကယ့်တိုက်ပွဲမှာ မနိုင်နိုင်တဲ့အတွက် လက်နက်ချတာလို့ CDM ဗိုလ်ကြီး ဇင်ယော်က ပြောပါတယ်။

လက်နက်ချလာတဲ့ ထောင်နဲ့ချီတဲ့ စစ်ကောင်စီတပ်သားတွေဟာ လားရှိုးနဲ့ ကျိုင်းတုံတို့က စစ်ကောင်စီ အခြေစိုက် နေရာတွေကို ပြန်လည်ရောက်ရှိသွားပါတယ်။

သူတို့ကို ရှမ်းမြောက်တိုက်ပွဲတွေမှာ ပြန်သုံးဖို့တော့ မသေချာတော့ဘဲ ကရင်၊ ကရင်နီနဲ့ ရခိုင်စစ်မျက်နှာတွေဆီ လွှတ်ဖို့ စစ်ကောင်စီက ပြင်နေတယ်လို့လည်း CDM ဗိုလ်ကြီး ဇင်ယော်က သုံးသပ်ပြောပါတယ်။

“လက်နက်ချတပ်သားတွေ အောက်ခြေ ထောင်ကျော်ကို တခြားစစ်မျက်နှာပြင်တွေကို ဆက်ပို့ မယ်ထင်ပါတယ်။ ဘာလို့လဲဆိုတော့ ပြင်ဦးလွင်နဲ့ မန္တလေးမှာ စစ်သားနဲ့ မိသားစုတွေကို ထားဖို့ နေရာတွေ ပြင်ဆင်နေတယ်လို့သိရတယ်။ သူတို့ကို ရှမ်းမြောက်ဂွင်မှာတော့ သုံးမှာ မဟုတ်တော့ဘူး။ တခြားကရင် ကရင်နီ ရခိုင်ဘက်တွေ ဖြန့်ခွဲလွှတ်မယ်လို့ ဖရဲသီးတွေက ပြောထားတာရှိတယ်။”

ဇန်နဝါရီ ၈ ရက်အထိ ရှမ်းမြောက်ဒေသက ကွတ်ခိုင်၊ သိန်းနီ ၊ ကျောက်မဲ၊ သီပေါနဲ့ လားရှိုးတို့မှာ ညီနောင်မဟာမိတ်တပ်တွေနဲ့ စစ်ကောင်စီအကြား စစ်ရေး ပြင်းထန်နေပါတယ်။

အကျဉ်းထောင်တွေထဲက တပ်သားဟောင်းတွေကိုတောင် ပြန်သုံးနေရတဲ့ စစ်ကောင်စီဟာ ပြန်ရောက်လာတဲ့ လက်နက်ချတပ်သားတွေကိုလည်း ပြန်သုံးမှာပဲလို့ လေတပ် CDM တပ်ကြပ်ကြီး ဇေယျက သုံးသပ်ပါတယ်။

လားရှိုးအနီးမှာ တိုက်ပွဲတွေ ပြင်းထန်လာနိုင်တဲ့အတွက် ပြန်စုစည်းတာလည်း ဖြစ်နိုင်ပေမဲ့ လက်နက်ချတဲ့ အရသာကို သိသွားသူတွေဖြစ်တဲ့အတွက် စစ်ကောင်စီတပ်တွေ ထပ်ပြီး လက်နက်ချတာတွေ လုပ်ဦးမှာလို့လည်း ပြောပါတယ်။

CDM တပ်ကြပ်ကြီး ဇေယျ “အဓိကကတော့ လောက်ကိုင်မှာ နိုင်ကိုမနိုင်တော့လို့ လက်နက်ချလိုက်တာပါ။ လက်နက်ချလိုက်ပြီဆိုကတည်းက စိတ်ဓာတ်ပျက်ပြားသွားပြီ။ စစ်ထောင်ထဲက သူတွေတောင် ထုတ်ပြီးပြန်သုံးတာ လက်နက်ချတဲ့သူတွေလည်း ပြန်သုံးမှာပဲ။ လက်နက်ချပြီးသားသူ ပြန်သုံးရင် လက်နက်ပြန်ချဦးမှာပဲ။ ပုံမှန်အချိန်ဆိုရင်တော့  အရေးယူတာ လုပ်မှာပေါ့။ အခုက ပြန်သုံးဖို့ များတယ်။ ပြန်သုံးရင်လည်း လက်နက်ပြန်ချဖို့က ၉၀ ရာခိုင်နှုန်းလောက်ရှိတယ်”လို့ ပြောပါတယ်။

၁၀၂၇ စစ်ဆင်ရေး စတင်ချိန်ကတည်းက  အခုချိန်ထိ စစ်ကောင်စီတပ်သား ၄၀၀၀ နီးပါး လက်နက်ချခဲ့ပြီးပြီလို့ ညီနောင်မဟာမိတ်တပ်တွေက ထုတ်ပြန်ထားပြီး ဇန်နဝါရီ ၆ ရက် မှာလည်း ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်က  စစ်ကောင်စီရဲ့ တောင်ရှည်တောင် ဗျူဟာကုန်းလည်း လက်နက်ချခဲ့တယ်လို့  ထုတ်ပြန်ထားပါတယ်။ 

သီဟ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013