DVB Logo
Home
မြန်မာသတင်း
သိန္နီ ကျောင်းခမ်းပရိယတ္တိစာသင်တိုက် လက်နက်ကြီးကြောင့် ပြိုကျပျက်စီး 
DVB
·
January 8, 2024
သိန္နီ ကျောင်းခမ်းပရိယတ္တိစာသင်တိုက် လက်နက်ကြီးကြောင့် ပြိုကျပျက်စီး 
Donate to DVB

စစ်ဘေးရှောင်ပြည်သူ ၃၀၀၀ ကျော်ကို လက်ခံကူညီစောင့်ရှောက်ခဲ့တဲ့ ရှမ်းပြည်နယ်၊ သိန္နီမြို့က ကျောင်းခမ်းပရိယတ္တိ စာသင်တိုက်ကြီးဟာ ဇန်နဝါရီ ၆ ရက် မနက်က တိုက်ပွဲအတွင်း လက်နက်ကြီးကျပြီး ပြိုကျပျက်စီးသွားပါတယ်။

သိန္နီဒေသခံတယောက်က “ကျောင်းခမ်းလုံးဝ ပျက်စီးတယ်၊ အကြီးဆုံးဘုရား ဆင်းတုတော် ပြိုလဲပြီး မြေခတယ်လို့ ကြားတယ်။ ဘယ်သူမှ ဓာတ်ပုံမရိုက်ရဲဘူး၊ ကျောင်းထဲမှာ ကိုးကန့်တပ်ဖွဲ့ဝင်နဲ့ ကျောင်း‌ရှေ့က စကခ ၁၆ တိုက်နေကြတယ်။  ဇန်နဝါရီ ၇ ရက် မနက်မှာတော့ စကခ ၁၆ က ဆုတ်ခွာသွားလို့ တိုက်ပွဲသံ ငြိမ်သွားတယ်၊ ဘယ်သူမှတော့ ကျောင်းနား မသွားရဲသေးဘူး” လို့ ဒီဗွီဘီကို ပြောပါတယ်။ 

မြောက်ပိုင်းမဟာမိတ်တပ်တွေနဲ့ စစ်ကောင်စီတပ်တို့ကြား ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲကာလ ၁၀၂၇ စစ်ဆင်ရေး စတဲ့နေ့ကတည်းကစ အဆိုပါကျောင်းခမ်းမှာ စစ်ဘေးရှောင်တွေ ထောင်နဲ့ချီ ခိုလှုံနေပြီး ကျောင်းနဲ့ မျက်နှာချင်းဆိုင်မှာ စကခ ၁၆ စစ်ကောင်စီတပ်စခန်း ရှိနေပါတယ်။ 

အစပိုင်းမှာ စစ်ကောင်စီတပ်ဘက်က စစ်ဘေးရှောင်တွေကို အကာအကွယ်ပြုပြီး  ဝင်ထွက်သွားလာခွင့် ကန့်သတ်လိုက်တာကြောင့်  စားနပ်ရိက္ခာအခက်အခဲဖြစ်ပြီး ဆန်ပြုတ်သာ သောက်ခဲ့ရကြောင်း၊ လက်နက်ကြီးပါ ကျလာလို့ သေဆုံးဒဏ်ရာရသူတွေရှိပြီး ကျောင်းနောက်ဘက်ကနေ တသုတ်ချင်း ခိုးထွက်လာခဲ့ကြတာလို့ လားရှိုး ရှမ်းလူငယ်ပရဟိတအဖွဲ့ တာဝန်ရှိသူတဦးက ပြောပါတယ်။ 

ထွက်ပြေးလာသူတွေကို လားရှိုးပရဟိတအဖွဲ့စုံက ကားတွေနဲ့ သွားကြိုပြီး မန်ဆူကျောင်းတိုက်၊ အောင်ပင်လယ်ကျောင်းတိုက်နဲ့ သူတို့ဆွေမျိုးသားချင်း အသိတွေရှိရာ ပို့ဆောင်ပေးခဲ့တယ်လို့ ဆိုပါတယ်။ 

ဇန်နဝါရီ ၆ ရက်နေ့မှာ ၁၅၀ ကျော် ထပ်သွားကြိုလာပြီး ကျောင်းထဲမှာတော့ လေဖြတ်နေတဲ့ လူနာ၊ နေမကောင်းသူတွေ ၅-၆ ယောက်လောက် ကျန်ခဲ့ကြောင်း၊  သူတို့ကတော့ သွားကြိုမယ့်နေရာကို လမ်းမလျှောက်နိုင်လို့ မလာနိုင်၊ တံတားပျက်ပြီး တိုက်ပွဲလည်း ဖြစ်နေတော့ ပရဟိအဖွဲ့လည်း သွားမကြိုနိုင်ဘဲ ကျန်ခဲ့တယ်။ အဲဒီမနက် ကျောင်းခမ်း လက်နက်ကြီးကျတယ်လို့ သတင်းကြားတော့ ထွက်မပြေးနိုင်တဲ့ သူတို့အတွက်လည်း စိုးရိမ်တယ်လို့ ဆိုပါတယ်။ 

အဆိုပါ ကျောင်းခမ်းပရိယတ္တိစာသင်တိုက်မှာ ခြေတံရှည် ပျဉ်ထောင်၊ သွပ်မိုးကျောင်းဆောင် ဖြစ်ပြီး သံဃာ အပါး ၈၀ ခန့် သီတင်းသုံးနေကြောင်း၊ သက်တမ်း ၁၀၀ နီးပါးရှိပြီဖြစ်ပြီး ရှေးလက်သမားလက်ရာ၊ ရှေးဟောင်းဆင်းထုတော်နဲ့ ပုရပိုဒ်တွေရှိကြောင်း၊ ပျက်စီးဆုံးရှုံးမှု အသေးစိတ်ကိုတော့ မသိရသေးဘူးလို့  သိန္နီဒေသခံက ပြောသွားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013