DVB Logo
Home
မြန်မာသတင်း
မြိတ်တွင် ကင်းလှည့်စောင့်ကြည့်သတင်းပေးရန် နေ့စားများကို ခိုင်းစေ
DVB
·
January 7, 2024
မြိတ်တွင် ကင်းလှည့်စောင့်ကြည့်သတင်းပေးရန် နေ့စားများကို ခိုင်းစေ
Donate to DVB

မြိတ်မြို့မှာ စစ်ကောင်စီကနေ လူတချို့ကို  နေ့စားခပေးခေါ်ပြီး မြို့တွင်းကင်းလှည့်တာနဲ့ ရပ်ကွက်တွေအတွင်း စောင့်ကြည့်သတင်းပေးဖို့ ခိုင်းစေလာတယ်လို့ ဒေသခံ ပြည်သူတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာလ နောက်ဆုံးအပတ်လောက်ကစပြီး ကလွင်ကျေးရွာအုပ်စုနဲ့ မြိတ်တောင်ကျေးရွာအုပ်စုတို့မှာ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးတွေကနေ ခေါ်ယူ ထားတာဖြစ်ပြီး လုပ်ပိုင်ခွင့်တချို့ကိုပေးထားတာလည်း တွေ့ရတယ်လို့ ပြောပါတယ်။

ရပ်ကွက်နေပြည်သူတယောက်က “ရပ်ကွက်ထဲမှာ တလမ်းကို ၃၊ ၄ ယောက်လောက်ကို ပျူစောထီးလည်း မဟုတ်၊ ရပ်ကွက်ဒလန်မျိုးလည်း မဟုတ်ဘဲ သတင်းပေးပုံစံမျိုးနဲ့ ခန့်ထားတာ။ သူတို့လုပ်တဲ့ပုံစံက ရပ်ကွက်ထဲ လမ်းထဲ သူစိမ်းဝင်လာလို့ရှိရင်  ချက်ချင်း စစ်ဆေးနိုင်တယ်။ စရဖကိုလည်း တိုက်ရိုက်ဆက်သွယ်ပြီးတော့ လာဖမ်းခိုင်းတာတို့ လုပ်တယ်။ အာဏာပေးထားတဲ့ ပုံစံမျိုးရှိတယ်။ ရပ်ကွက်တိုင်း မဟုတ်ဘဲ ကလွင်တို့၊ မြိတ်တောင်တို့မှာ ပိုလုပ်တယ်” လို့ ပြောပါတယ်။

သူတို့ကို နေ့စားခ ၂ သောင်းပေးပြီး ရပ်ကွက်အတွင်း သတင်းပေး စောင့်ကြည့်ခိုင်းတာမျိုးတွေအပြင် စစ်ဆေးရေးဂိတ်တွေနဲ့ ကင်းလှည့်တာတွေမှာ လိုအပ်ရင် လိုအပ်သလို အသုံးပြုတယ်လို့ မြို့ခံပြည်သူတွေက ပြောပါတယ်။

မြို့ခံတယောက်က “သူတို့ လုံခြုံရေးအင်အားအတွက် လိုအပ်တဲ့အခါကျရင် သုံးဖို့ဆိုပြီး ခေါ်နေတာ ရှိတယ်။ တချို့ရပ်ကွက်တွေမှာဆို တရားဝင်ပြောတာမျိုးမဟုတ်ဘဲ နာမည်တွေကို ကြိုကောက်ထားတာ။ လိုအပ်လာရင် ဝတ်စုံပေးဝတ်ပြီးတော့ စစ်ဆေးဖို့ ကင်းလှည့်ဖို့ သုံးလာတယ်။ လုံခြုံရေး လိုအပ်တဲ့အခါဆိုလည်း လိုက်ပေးရတယ်။ လိုအပ်ချိန် ဖုန်းဆက်မယ်ဆိုပြီး ခေါ်ထားတာမျိုးပါ” လို့ ပြောပါတယ်။

အခုလိုမျိုး စစ်ဆေးရေးဂိတ်တွေနဲ့ မြို့တွင်းကင်းလှည့်ရာတွေမှာ အရပ်သား ပြည်သူတွေကို နေ့စားခပေးပြီး ခိုင်းစေလာတာတွေက စစ်ကောင်စီတပ်သားဦးရေ နည်းပါးလာတာကြောင့် ဖြစ်တယ်လို့ မြို့ခံပြည်သူတချို့က ပြောပါတယ်။

မြို့ခံတယောက်က “အဓိကတော့ လုံခြုံရေးအတွက်ခေါ်တာ။ အခုဆိုရင် မြို့ထဲမှာ တကယ့်စစ်သားတွေက မရှိတော့ဘူး။ ပျူစောထီးတွေနဲ့ ရပ်ကွက်ထဲမှာ ခန့်ထားတဲ့ အဲဒီလိုကောင်တွေပဲ ရှိတယ်။ သူတို့မှာ တကယ်တမ်း အရေးပေါ်ဖြစ်လာပြီဆိုရင် ချက်ချင်း အရေးပေါ်လုံခြုံရေးပေးဖို့က အင်အား မလောက်ဘူး။ တပ်သားနည်းလာလို့ လုံခြုံရေးတွေ ဘာတွေ ချမယ်ဆို စစ်သားတွေ သိပ်မထုတ်သုံးတော့ဘဲ ပျူစောထီးတို့၊ နေ့စားသမားတွေကိုပဲ သုံးလာတာ။ သေနတ်ပေးကိုင်မယ်။ ကင်းစောင့်ပေးရမယ် ဆိုတာတွေပေါ့။ အဲဒီအတွက် ပိုက်ဆံရမယ်ပေါ့” လို့ ပြောပါတယ်။

၁၀၂၇ စစ်ဆင်ရေးစတင်ပြီးနောက် ရက်အနည်းငယ်လောက်ကစပြီးတော့ မြိတ်မြို့မှာ စစ်ကောင်စီဂိတ်တွေနဲ့ လုံခြုံရေးကင်းလှည့်တာတွေမှာ စစ်ကောင်စီ တပ်သားတွေကိုတောင် သိပ်မတွေ့ရတော့ပဲ နေ့စားခပေးပြီး ခိုင်းစေထားတဲ့ အရပ်ဝတ်တွေကို ပိုအသုံးများလာတာ တွေ့လာရတယ်လို့ မြိတ်မြို့ခံ ပြည်သူတွေဆီက သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013