DVB Logo
Home
မြန်မာသတင်း
ကျောက်တော်မြို့နယ် ဗျူဟာကုန်းက စစ်သားအားလုံး လက်နက်ချ
DVB
·
January 7, 2024
ကျောက်တော်မြို့နယ် ဗျူဟာကုန်းက စစ်သားအားလုံး လက်နက်ချ
1 / 2
Donate to DVB

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ တင်းမရွာနားမှာရှိတဲ့ တောင်ရှည်တောင် ဗျူဟာကုန်းက စစ်ကောင်စီတပ်သားအားလုံး ဇန်နဝါရီ ၆ ရက်နေ့ ည ၉ နာရီလောက်မှာ ရက္ခိုင့်တပ်တော် အေအေဆီမှာ လက်နက်ချခဲ့ကြတယ်လို့ ညီနောင်မဟာမိတ် ၃ ဖွဲ့က ဇန်နဝါရီ ၆ ရက်နေ့ ညပိုင်းမှာ ထုတ်ပြန်ပါတယ်။

အဲဒီဗျူဟာကုန်းကြီးကို ဒီဇင်ဘာ ၂၅ ရက်နေ့ မနက်ပိုင်းကစလို့ ရက္ခိုင့်တပ်တော် အေအေက ထိုးစစ်ဆင် တိုက်ခိုက်ခဲ့တာဖြစ်ပြီး ဇန်နဝါရီ ၅ ရက်နေ့မှာ စစ်ကောင်စီဘက်က ဂျက်တိုက်လေယာဉ်တစင်းနဲ့ ပေါင် ၂၀၀ ဗုံးကြဲချရာမှာ ကိုယ့်လူကို ထိမှန်ပြီး စစ်ကောင်စီတပ်သား ၁၀ ယောက်ထက်မနည်း သေဆုံးခဲ့တယ်လို့ အေအေနဲ့ နီးစပ်သူတယောက်က ဒီဗွီဘီကို ပြောပါတယ်။

ဒါနဲ့ပတ်သက်လို့ အသေးစိတ်ကို အေအေဘက်က ထုတ်ပြန်တာမရှိသေးဘဲ ကျောက်တော် ဒေသခံတယောက်ကတော့ “တင်းမကျေးရွာအနီးက တောင်ရှည်တောင် ဗျူဟာကုန်းကို သိမ်းပိုက်လိုက်ပြီး သတင်းတွေကို မနေ့ကတည်းက ကြားရတယ်။ အေအေ က ထိုးစစ်ဆင်တာကလည်း ကြာနေပြီဆိုတော့ ဗျူဟာအထိုင်ချ စစ်သားတွေလည်း သိပ်ကျန်မှာ မဟုတ်တော့ဘူး။ လေကြောင်းနဲ့ လက်နက်ကြီး ပစ်ကူတွေက ထိရောက်မှုမရှိတော့ ကျန်နေသေးတဲ့ စစ်သားတွေက လက်နက်ချ လိုက်ကြတာနဲ့ တူတယ်” လို့ပြောပါတယ်။

တောင်ရှည်တောင်ဗျူဟာကုန်းဟာ ကျောက်တော်အခြေစိုက် စကခ ၉ ကို အနောက်က ကာထားတဲ့ ဗျူဟာကုန်းဖြစ်တဲ့အတွက် စကခ ၉ လည်း မကြာခင် သိမ်းပိုက်ခံရနိုင်ခြေ ရှိတယ်လို့ သူက ဆက်ပြောပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၁ ရက်နေ့ကတော့ တင်းမဗျူဟာကုန်းတခုကို ရက္ခိုင့်တပ်တော်(အေအေ)က သိမ်းပိုက်နိုင်ခဲ့ပြီး လက်နက်ခဲယမ်းတွေလည်း အများအပြား သိမ်းဆည်းရရှိခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီဗျူဟာကုန်း မကျဆုံးဖို့အတွက် ကျောက်တော်အခြေစိုက် စခက ၉ တပ်မက အတွဲလိုက်ဒုံးတွေ၊ လက်နက်ကြီးတွေနဲ့ ပစ်ကူပေးခဲ့သလို လေကြောင်းကနေ ဂျက်တိုက်လေယာဉ်၊ Mi-35 ရဟတ်ယာဉ်တွေအပြင် ထောက်ပို့လေယာဉ်တွေဖြစ်တဲ့ Y-12/Y-8/Mi-17 တွေနဲ့ပါ ဗုံးကြဲတိုက်ခိုက်ခဲ့ကြတယ်လို့ ပြောပါတယ်။

စစ်ကောင်စီဘက်က လက်လွှတ်ဆုံးရှုံးခဲ့ရတဲ့ တောင်ရှည်တောင်ကို ဒီနေ့ ဇန်နဝါရီ ၇ ရက်နေ့ မနက် ၈ နာရီ ၄၅ မိနစ်မှာ မကွေးဘက်က ဂျက်တိုက်လေယာဉ်တစင်းနဲ့ ဗုံး ၄ လုံး ကြဲချခဲ့ပြီး ၈ နာနာရီ ၅၇ မိနစ်မှာလည်း နောက်ထပ် လေယာဉ်တစင်းနဲ့ ဗုံး ၁ လုံးထပ်ကြဲသလို စက်သေနတ်ပစ်ခတ်သံတွေလည်း ကြားနေရတယ်လို့ ဆိုပါတယ်။

အနီးအနားက ကျေးရွာတွေကိုလည်း လေကြောင်းက တိုက်ခိုက်ခဲ့တဲ့အတွက် အရပ်သား ၃ ယောက်ထက်မနည်း သေဆုံးခဲ့ပြီး ၁၀ ယောက်ကျော် ထိခိုက်ဒဏ်ရာရခဲ့ကြပါတယ်။

ပလက်ဝမြို့က စစ်ကောင်စီရဲ့ အဓိက အမာခံစခန်းကုန်းကြီးတွေဖြစ်တဲ့ စကခ ၉၊  တပ်မ ၁၁ ရှေ့တန်းတပ်မဌာနချုပ် ၂ ခု အပါအဝင် ပလက်ဝ-ကျောက်‌‌တော်အစပ် မီးဝဗျူဟာကုန်း က ကျန်ရှိနေသေးတဲ့ စခန်းတွေကိုလည်း အပြီးသတ် သိမ်းပိုက် နိုင်ရေးအတွက် ရက္ခိုင့်တပ်တော် (အေအေ)က ထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့ ညီနောင် မဟာမိတ် ၃ ဖွဲ့က ဆိုထားပါတယ်။ ရခိုင်နဲ့ ပလက်ဝဒေသတို့မှာ ရခိုင်တပ်တော်က သိမ်းပိုက်ရရှိထားတဲ့ စစ်ကောင်စီ တပ်စခန်း ၁၅၀ ကျော်ရှိနေပြီဖြစ်ပြီး ရခိုင်ဒေသအတွင်းက စစ်ကောင်စီတပ်သားတွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေအနေနဲ့ အသက်မသေဘဲ မိသားစု၊ ဆွေမျိုး၊ မောင်နှမတွေနဲ့ ကောင်းမွန်စွာတွေ့ခွင့်ရလိုရင် နီးစပ်ရာ အေအေ စခန်းတွေကို အမြန်ဆုံးဆက်သွယ်ပြီး လက်နက်ချ အညံ့ခံဖို့ ရက္ခိုင့်တပ်တော် (အေအေ)က ဒီဇင်ဘာ ၂၉ ရက်နေ့မှာ သတိပေးထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013