
ယူကရိန်းနိုင်ငံ ခါခိဗ်မြို့မှာတွေ့တဲ့ ဒုံးကျည်အကြွင်းအကျန်တွေဟာ မြောက်ကိုရီးယားက ပို့ခဲ့တာ ဖြစ်ပုံရတယ်လို့ ထိပ်တန်း လက်နက်ကျွမ်းကျင်သူတွေက ဇန်နဝါရီ ၅ ရက်မှာ ပြောပါတယ်။
နှစ်နိုင်ငံကြား လက်နက်ပူးပေါင်းဆောင်ရွက်တာတွေ သိသိသာသာနဲ့ စိုးရိမ်စရာကောင်းလောက် အောင် တိုးလာတယ်လို့ အမေရိကန်က ပြောအပြီးခုလို ကောက်ချက်ချခဲ့တာပါ။
ရုရှားဟာ မြောက်ကိုရီးယားလုပ် တာတိုပစ်ဒုံးကျည်တွေနဲ့ ယူကရိန်းနိုင်ငံဆီ ပစ်ခတ်ခဲ့တယ်လို့ အမေရိကန်က ပြောအပြီး တစ်ရက်အကြာမှာ ပြောလိုက်တာ ဖြစ်ပါတယ်။
ရုရှားက ယူကရိန်းကို မြောက်ကိုရီးယား ဒုံးကျည်တွေနဲ့ ပထမဆုံးအကြိမ် ပစ်ခတ်ခဲ့တယ်လို့ ယူကရိန်းအစိုးရကလည်း သောကြာနေ့မှာ ပြောပေမဲ့ အထောက်အထား မပြခဲ့ပါဘူး။
ဒတ်ခ်ျ သုတေသီနဲ့ မြောက်ကိုရီးယား စစ်တပ်ဆိုင်ရာ ကျွမ်းကျင်သူ ယို့စ် အိုလီမန်က ဒုံးကျည်ပစ်ခတ်မှုအပြီး အပျက်အစီးတွေကို စစ်ဆေးကြည့်ရှုခဲ့ပါတယ်။
အိုလီမန်က “အင်မတန်သေးတဲ့ အသေးစိတ်မှာတောင် ကေဘယ်ပြေးလမ်းတွေ၊ ဝက်အူ မူလီတခုချင်းနဲ့ အင်ဂျင်အပိုင်း စတဲ့ အစိတ်အပိုင်းတွေကိုကြည့်ရင်တောင် အရာအားလုံးဟာ ဒီမြောက်ကိုရီးယားဒုံးကျည်နဲ့ ပြီးပြည့်စုံအောင် ကွက်တိနီးပါး တူနေတာ တွေ့နိုင်ပါတယ်” လို့ သူက အင်တာဗျူး တစ်ခုမှာ ပြောပါတယ်။
မစ်ဒယ်ဘာရီ ကောလိပ်က အမေရိကန်အခြေစိုက် လက်နက်ကျွမ်းကျင်သူ ဂျက်ဖရီ လူးဝစ် ကလည်း ဒုံးကျည်ရဲ့ ချိတ်ဆက်ထားတဲ့ မူလီတွေရဲ့ အမှတ်အသား ဖွဲ့စည်းပုံလို အသေးစိတ်အချက်အလက်တွေကို ကိုးကားပြီး အိုလီမန်ရဲ့ ကောက်ချက်ကို သဘောတူခဲ့ပါတယ်။
ရုရှားနဲ့ မြောက်ကိုရီးယားအစိုးရ နှစ်ဖက်စလုံးဟာ အရင်က ဘယ်လို လက်နက်ဆိုင်ရာ သဘောတူညီချက်တွေမှ မလုပ်ထားဘူးလို့ ငြင်းဆိုထားပေမဲ့ စစ်ဘက်ဆိုင်ရာ ဆက်ဆံရေးကို နက်ရှိုင်းအောင်လုပ်ဖို့ မနှစ်က ကတိပြုခဲ့ပါတယ်။
ဒီဒုံးကျည်တွေက အမှတ်အသားတွေကို ဖျက်ထားပေမဲ့ ရုရှားမှာ ထုတ်လုပ်ထားတာတွေ မဟုတ်ဘူးလို့ ခါခိဗ်ဒေသဆိုင်ရာ ပြည်နယ်အုပ်ချုပ်ရေးမှူး အိုလေ ဆေးနီဟူဘော့ဗ်က သောကြာနေ့ အစောပိုင်းမှာ ပြောခဲ့ပါတယ်။
Source/Photo-REUTERS/Sofiia Gatilova











