
ဒိန်းမတ်နိုင်ငံက စစ်မှုမထမ်းမနေရ ဥပဒေကို အသစ်တိုးချဲ့လိုက်ပြီး တပ်သားအသစ် အယောက် ၁,၆၀၀ လောက်ကို ၁၁ လကြာ စစ်မှုထမ်းဖို့ စတင်စုဆောင်းလိုက်ပါတယ်။
အာတိတ်လုံခြုံရေးဖိအားတွေနဲ့ ယူကရိန်းစစ်ပွဲကြောင့် ဒိန်းမတ်ဟာ ကာကွယ်ရေးတည်ဆောက်မှုကို အရှိန်မြှင့်တင်နေတာပါ။
ဒိန်းမတ်နိုင်ငံ အနောက်ပိုင်း၊ အိုခေစ်ဘိုလ်မြို့က တပ်စခန်းတခုမှာ စစ်မှုထမ်းအသစ်တွေဟာ စစ်ဆေးမှု ခံယူခြင်း၊ ပစ္စည်းကိရိယာများ လက်ခံခြင်းနဲ့ လေ့ကျင့်ခန်းတွေကို စတင်လေ့လာခြင်း စတဲ့ လုပ်ငန်းစဉ်ကို စဖို့ ရောက်လာပါတယ်။
ဒိန်းမတ်နိုင်ငံက ၂၀၂၄ ခုနှစ်မှာ ပထမဆုံးအကြိမ်အဖြစ် အမျိုးသမီးတွေပါ စစ်မှုထမ်းအဖြစ် တိုးချဲ့ ပါဝင်လာမှာဖြစ်ပြီး စံသတ်မှတ်ထားတဲ့ စစ်မှုထမ်းသက်ကို ၄ လကနေ ၁၁ လအထိ တိုးမြှင့် မယ်လို့ ပြောခဲ့ပါတယ်။
စစ်မှုထမ်းအရေအတွက်ကို ၂၀၃၃ ခုနှစ်မှာ နှစ်စဉ် အယောက် ၅,၀၀၀ ကနေ ၇,၅၀၀ အထိ တိုးမြှင့်ဖို့ သတ်မှတ်ထားပါတယ်။
ဒိန်းမတ်ဟာ အခုလကုန်ပိုင်းမှာ ဂရင်းလန်းကျွန်းဆီ စစ်မှုထမ်းတွေကို ပထမဆုံးအကြိမ်အဖြစ် လွှတ်ဖို့ ပြင်ဆင်နေတာပါ။
အဲလိုအချိန်မှာ တပ်သားသစ်တွေ ရောက်လာတာဖြစ်ပြီး စစ်သား ၁၀၀ ကျော်က အချိန်ပြည့် စစ်သည်တပ်ဖွဲ့တွေရဲ့ စစ်ဆင်ရေးတာဝန်တွေကို တလကြာ ထမ်းဆောင်ဖို့ စီစဉ်ထားပါတယ်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က အမျိုးသားလုံခြုံရေးကို ကိုးကားပြီး ဒိန်းမတ်ပိုင်နက်ကို သိမ်းပိုက်ဖို့ အကြိမ်ကြိမ် ကြိုးစားနေလို့ အခုလို တပ်ဖြန့်ချထားမှုဟာ နိုင်ငံရေးအရ ပိုအရေးပါလာပြီး ဂရင်းလန်းနဲ့ ဒိန်းမတ်အစိုးရတွေက ထရမ့်ပ်ရဲ့ တောင်းဆိုချက်ကို ပြတ်ပြတ်သားသား ပယ်ချခဲ့ပါတယ်။
Source: Reuters










