
စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း လုံခြုံရေးအခြေအ နေဆိုးရွားစွာပျက်စီးနေတဲ့ မန္တလေး မြို့မှာ အများပြည်သူပိုင်လမ်းတွေပေါ်က ရေမြောင်းအဖုံးတွေပါ အခိုးခံနေရလို့ သူခိုးဖမ်းဖို့ ပြည်သူ တွေဆီ အကူအညီတောင်းခံနေရပါတယ်။
စစ်တပ်နဲ့ ရဲအင်အား အများအပြားရှိတဲ့အပြင် ပျူစောထီးတွေ အင်အားကောင်းတဲ့ မန္တလေး မြို့ပေါ်မှာ စစ်တပ်အား ဏာသိမ်းခဲ့တဲ့ ၂၀၂၁ ခုနှစ်ကစလို့ ခိုးမှု၊ လုယက်မှု၊ ဓားပြမှုနဲ့ ပြန်ပေးမှုတွေ မကြာခဏဖြစ်နေပေမဲ့ တရားခံတွေကို ထိရောက်စွာ ဖမ်းဆီးအရေးယူနိုင်တာမရှိဘဲ အများစုမှာ လွတ်မြောက်နေဆဲဖြစ်တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
အဲဒီလို ခိုးဆိုးလုနှိုက်မှုတွေများနေတဲ့အပြင် အခုလက်ရှိ မန္တလေးမြို့က လမ်းမတွေပေါ်မှာရှိတဲ့ ရေမြောင်းအဖုံးတွေ အခိုးခံနေရလို့ ပြည်သူတွေအနေနဲ့ ဝိုင်းဖမ်းပေးကြဖို့ မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီက အကူအညီတောင်းခံနေတာပါ။
မန္တလေးမြို့ခံတယောက်က “ဆိုက်တွဲတွေနဲ့ လစ်ရင်လစ်သလို ခိုးနေကြတာ။ အမှိုက်ကောက် သလို လာလိုနဲ့ ဆိုက်တွဲပေါ်တင်ပြီး ခိုးကြတာ။ သံပိဿာချိန်နဲ့ သံတိုသံစဆိုင်မှာ ပြန်ရောင်းစားကြတာ။ စည်ပင်တောင် အဲဒီလိုအကူအညီတောင်းနေပြီဆိုတော့ ကျနော်တို့တောင် ဘယ်လိုပြောရမှန်း မသိတော့ဘူး” လို့ DVB ကို ပြောပါတယ်။
စစ်အာဏာရှင်လက်အာက်ခံ မန္တလေးမြို့တော်စည်ပင်က လူမှုကွန်ရက်မှာ တင်ထားတဲ့ ဓာတ်ပုံတွေ အရ မြို့တွင်းက လမ်းတွေပေါ်မှာ ရှိတဲ့ ရေမြောင်းအဖုံးတွေကို ဖြုတ်ယူသွားကြတာတွေ့ရပြီး အန္တရာယ်များတဲ့အတွက် အခုလို မလုပ်ကြဖို့လည်း မေတ္တာရပ်ခံထားပါတယ်။
ဒါ့အပြင် မြို့တော်သန့်ရှင်းသာယာလှပရေးအတွက် ပြည်သူတွေအနေနဲ့ ဝိုင်းဝန်းကူညီပေးကြဖို့နဲ့ ခိုးယူနေတာကို သိရှိပါက စည်ပင်ကို သတင်းပေးပို့ကြဖို့ကိုလည်းး မေတ္တာရပ်ခံထားပါတယ်။
“နေရာအချို့မှာ မြောင်းဖုံးတွေ အခိုးခံနေရပါတယ်။ မြောင်းဖုံးတွေခိုးတော့ မြောင်းက အပေါက်ကြီးဖြစ်ပြီး အန္တရာယ်တော်တော်များပါတယ်။ ခိုးတာတွေ မလုပ်သင့်ပါ။ ပြည်သူများ အနေဖြင့် မြို့တော်သန့်ရှင်းသာယာလှပရေးအတွက် ဝိုင်းဝန်းကူညီပေးဖို့ လိုအပ်မှာဖြစ်သလို ခိုးယူနေတာ သိရှိပါကလည်း စည်ပင်ကို သတင်းပေးပို့နိုင်ကြောင်း မေတ္တာရပ်ခံအပ်ပါတယ်” လို့ သူတို့ရဲ့ တရားဝင် ဖေ့စ်ဘွတ်ခ်စာမျက်နှာမှာ ဖော်ပြပြောဆိုထားတာပါ။
ဖေ့စ်ဘွတ်ခ်အသုံးပြုသူတယောက်က “အိမ်ဆောက်တာ မဆောက်တာ အုတ်သဲထုံးကျောက် ဆိုင်နား ဝန်ထမ်း informer ထား၊ ထွေလာဂျီနောက်လိုက်၊ ပြီး အိမ်ကိုလိုက်၊ ကွိုင်ရှာ ငွေယူတဲ့ စနစ်နဲ့တောင် ဆရာတို့ ဆယ်စုနှစ် ၂ ခုနီးပါး အဲဒီ model နဲ့ အလုပ်လုပ်တတ်နေတာပဲ ဆရာတို့ရယ်၊ ပြည်သူတွေ တိုင်ပတ်နေတော့ ဆရာတို့ကို မကူနိုင်တာ နားလည်ပေးလိုက်ပါ။ ကိုလှရွှေတို့ဆို အကုန်သိပါတယ်။ သူတို့မသိတာမရှိပါဘူး။ သူတို့မသိရင်တော့ စုံစမ်းရခက်တတ် ပါတယ်။ ဆရာတို့ကြိုးစားမှ ကျနော်တို့ Singapore ကျော်လို့ရမယ် မဟုတ်လား ခင်ဗျာ။ တမြို့လုံးရှိတဲ့ CCTV တွေ ဆရာတို့ အသုံးချနိုင်အောင် ပြည်သူတွေ ဘာလုပ်ပေးရမလဲခင်ဗျာ” လို့ မှတ်ချက်ပေးထားပါတယ်။
မန္တလေးမြို့ဟာ စစ်တပ်အာဏာသိမ်းပြီးတဲ့နောက်ပိုင်း ခိုးဆိုးလုနှိုက်မှုတွေ၊ ဓားပြမှုတွေ၊ ပြန်ပေးဆွဲ မှုတွေကြောင့် လုံခြုံရေးအခြေအနေ ဆိုးဆိုးရွားရွား စိုးရိမ်နေရတာပါ။
မနေ့က ဇူလိုင်လ ၂၀ ရက် ညနေပိုင်းကလည်း ချမ်းမြသာစည်မြို့နယ်မှာရှိတဲ့ မီလျံနာ ရွှေဆိုင်ကို သေနတ်ကိုင်ထားတဲ့ လူ ၆ ဦး ဝင်ရောက်ဓါးပြတိုက်ခဲ့တဲ့ဖြစ်စဉ် ဖြစ်ပွားခဲ့ပြီး ရွှေတပိဿာကျော် ပါသွားတယ်လို့ မြို့ခံသတင်းရင်းမြစ်တွေထံက သိရပါတယ်။











