
ပြီးခဲ့တဲ့ သီတင်းပတ်က အမေရိကန်ရေတပ်ကြောင့် ကျဆုံးခဲ့တဲ့ ဟူသီရေတပ်က တပ်ဖွဲ့ဝင် ၁၀ ဦးကို ဂုဏ်ပြုဖို့ ယီမင်နိုင်ငံ မြို့တော် ဆာနာမှာ ဇန်နဝါရီ ၅ ရက် က ဟူသီတွေကို ထောက်ခံသူ ထောင်ပေါင်းများစွာ စုဝေးခဲ့ကြ ပါတယ်။
ဟူသီ စစ်ဆင်ရေး ရဟတ်ယာဉ်တွေ ကောင်းကင်မှာ ပျံသန်းနေချိန် ဆန္ဒပြသူတွေက မြို့တော် စာနာမှာ ရှိတဲ့ ဆာဘင်းရင်ပြင်မှာ ပါလက်စတိုင်းအလံတွေကို ဝှေ့ယမ်းခဲ့ကြပါတယ်။
လူမျိုးတုံးသတ်ဖြတ်မှုလို့ ခေါ်တဲ့ ဂါဇာကမ်းမြောင်ဒေသက အစ္စရေးရဲ့ စစ်ပွဲကို အဆုံးသတ်ရေး နည်းလမ်းရှာဖို့ တိုက်တွန်းခဲ့သလို အဲဒီလုပ်ရပ်အတွက် အကျိုးဆက်တွေ အမေရိကန်က ကြုံရလိမ့်မယ်လို့ ဟူသီအရာရှိ တဦးက ပြောပါတယ်။
ဂါဇာကမ်းမြောင်ဒေသမှာ အစ္စရေးရဲ့ လုပ်ရပ်တွေဟာ လူမျိုးတုံး သတ်ဖြတ်မှုဆီ ဦးတည်နေတယ် ဆိုတဲ့ စွဲချက်ကို အစ္စရေးက အရင်က ငြင်းဆိုထားပါတယ်။
ဒီဇင်ဘာ ၃၁ ရက်က စင်္ကာပူနိုင်ငံအလံ စိုက်ထူထားတဲ့ မဲ့ရ်စ်ခ် ဟန်ကျိုး သင်္ဘောကို စစ်သွေးကြွ တွေက တိုက်ခိုက်ခဲ့အပြီး အမေရိကန်တပ်ဖွဲ့ဝင်တွေက ပင်လယ်နီထဲမှာ ဟူသီသင်္ဘော သုံးစင်းကို တိုက်ခိုက်ခဲ့လို့ ဟူသီတိုက်ခိုက်ရေးသမား ၁၀ ဦး သေဆုံးခဲ့ပါတယ်။
ယီမင်အနောက်မြောက်ပိုင်းက နယ်မြေအများအပြားကို ထိန်းချုပ်ထားတဲ့ အီရန်နဲ့ မိတ်ဘက် ဟူသီလှုပ်ရှားမှုအဖွဲ့ဟာ ဂါဇာကမ်းမြောင် ဒေသက ပါလက်စတိုင်းတွေကို ထောက်ခံရင်း အစ္စရေးနဲ့ ပတ်သက်နေတယ်လို့ သူတို့ပြောတဲ့ သင်္ဘောတွေကို ပင်လယ်နီထဲမှာ တိုက်ခိုက်နေပါတယ်။
ဟူသီတွေဟာ နိုဝင်ဘာ ၁၉ ရက်က စပြီး ပင်လယ်နီနဲ့ အေဒင်ပင်လယ်ကွေ့တို့ကို ဖြတ်သန်း သွားလာနေတဲ့ စီးပွားရေးသင်္ဘောတွေကို တိုက်ခိုက်မှု ၂၅ ကြိမ် လုပ်ခဲ့တယ်လို့ အမေရိကန်ရေတပ် က ဆိုပါတယ်။
Source/Photo - Reuters










