DVB Logo
Home
မြန်မာသတင်း
ပင်လောင်းနှင့် ဒီးမော့ဆို စစ်ရှောင်များ စားနပ်ရိက္ခာ၊ ရေ၊ ဆေးဝါး အကူအညီလိုအပ်နေ
DVB
·
January 6, 2024
ပင်လောင်းနှင့် ဒီးမော့ဆို စစ်ရှောင်များ စားနပ်ရိက္ခာ၊ ရေ၊ ဆေးဝါး အကူအညီလိုအပ်နေ
Donate to DVB

ရှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့နယ်က ဒေသခံ စစ်ရှောင် အယောက် ၄,၀၀၀ ဝန်းကျင်အတွက် စားနပ်ရိက္ခာနဲ့ အသုံးအဆောင်တွေ အရေးပေါ် အကူအညီ လိုအပ်နေတယ်လို့ သိရပါတယ်။

စစ်ရှောင်တွေကို ကူညီပေးနေတဲ့ အဖွဲ့တခုရဲ့ တာဝန်ခံက “ဆန်အပါအဝင် စားနပ်ရိက္ခာတွေနဲ့ အနွေးထည်၊ စောင်၊ ဆေးဝါးတွေ အဓိက လိုအပ်နေတယ်။ အခု သောက်သုံးရေတွေကလည်း ခန်းခြောက်လာတယ်။ ရေက စတင် ရှားပါးလာပြီး ရေပါ အရေးပေါ်လိုအပ်နေတယ်။ ဘာမှကိုမရှိတာ၊ စစ်ရှောင်က ၄,၀၀၀ ကျော်မှာပဲ ရှိတယ်။ ဒီအတိုင်းဆို အကုန် ဒုက္ခရောက်တော့မှာ” လို့ ပြောပါတယ်။

အဲ့ဒီ အယောက် ၄,၀၀၀ ကျော်အထိရှိလာတဲ့ စစ်ရှောင်တွေဟာ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် (KNDF) နဲ့ စစ်ကောင်စီတပ်တို့ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်နေရတဲ့ စစ်ရှောင်တွေဖြစ်တယ်လို့ သိရပြီး တိုက်ပွဲတွေဟာ ဒီကနေ့အထိ ဖြစ်ပွားနေဆဲလို့ သိရပါတယ်။

စစ်ရှောင်တွေကို စောင့်ရှောက်ပေးနေတဲ့ ဒေသခံတယောက်က“ပင်လောင်းမြို့နယ်ထဲက တောင်ဘက်တကြောမှာ ပြီးခဲ့တဲ့ အောက်တိုဘာလလောက် ကတည်းကနေ တကျော့ပြန် စဖြစ်နေတာ။ ဒီနေ့အထိ တိုက်ပွဲက ဆက်ပြီး ဖြစ်ပွားနေတယ်။ တိုက်ပွဲဖြစ်ပွားတာကလည်း ရက်ဆက်နေတယ်။ စစ်ဘေးရှောင်တွေကလည်း တနေ့နဲ့တနေ့ ပိုပိုများလာတယ်။ ရေက အခု သုံးဖို့မပြောနဲ့၊ သောက်ဖို့တောင်မရှိဘူး” လို့ ပြောပါတယ်။

အဲ့ဒီစစ်ရှောင်တွေ လိုအပ်တဲ့ ကျန်းမာရေးစောင့်ရှောက်မှုနဲ့ အကူအညီတွေမရရင် အသက်အန္တရာယ် စိုးရိမ်ရတဲ့ ကျန်းမာရေးအခြေအနေတွေ ဖြစ်ပွားလာနိုင်တယ်လို့ ကျန်းမာရေးစောင့်ရှောက်ပေးနေတဲ့ ဆရာ ဆရာမတွေဆီကနေ သိရပါတယ်။

အခု စစ်ရှောင်တွေဟာ တောင်မဲသင်းကျေးရွာ၊ တောင်စလုံးတောင်ကျေးရွာ၊ တောင်စလုံးမြောက်ကျေးရွာ၊ တောင်လုံးပြင်ကျေးရွာနဲ့ ပင်ပုံကျေးရွာ စတဲ့ကျေးရွာတွေက ဒေသခံ စစ်ရှောင်တွေဖြစ်တယ်လို့ သိရပါတယ်။

ဒါ့အပြင် ပင်လောင်းမြို့နယ်က စစ်ရှောင်စခန်းတွေမှာ ကျန်းမာရေးစောင့်ရှောက်ပေးတဲ့ ဆရာ ဆရာမတွေနဲ့ စစ်ရှောင်တွေ မညီမျှ ဖြစ်နေတဲ့အတွက် ကျန်းမာရေးစောင့်ရှောက်ပေးဖို့ ဆရာ ဆရာမ လိုအပ်ချက်တွေလည်း ရှိနေတယ်လို့ စစ်ရှောင်တွေကို ကျန်းမာရေး စောင့်ရှောက်ပေးနေတဲ့ ဆရာ ဆရာမတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းမှာ စစ်ဘေးရှောင်နေကြတဲ့ပြည်သူတွေက မိုးရာသီကုန်ချိန်ကစပြီး ရေကို ဝယ်ယူသုံးစွဲနေရကာ ဒီဇင်ဘာလကစလို့ စျေးတက်လာတယ်လို့ စစ်ဘေးရှောင်ပြည်သူတွေက ပြောပါတယ်။

ဒီးမော့ဆိုအနောက်ခြမ်းမှာ ရေထွက်ပေါက်တွေက နည်းပါးတဲ့အပြင် ဓာတ်ဆီစျေးက တဂါလန်ကို ၂၄,၀၀၀ ထိ မြင့်တက်လာတာကြောင့် ရေဝယ်ယူသုံးစွဲရတဲ့အခါမှာ အရင်ကထက် ၂၀,၀၀၀၊ ၃၀,၀၀၀ ပိုကာ စျေးကြီးပေးဝယ်ယူနေရပြီး ရေအလှူရှင်တွေလည်း နည်းပါးလာတယ်လို့ သိရပါတယ်။

ခုလက်ရှိအချိန်မှာ ရေကားအသေးတစီးကို ၃၀,၀၀၀၊ ၃၅,၀၀၀ ကျပ် နဲ့ ရေဂါလန် ၁,၀၀၀ ဆံ့ ကားတစီးကို ၆၅,၀၀၀ ကနေ ၈၀,၀၀၀ ကျပ်အထိ ဝယ်ယူသုံးစွဲနေရတာကြောင့် အခက်အခဲ ရှိနေတယ်လို့ သိရပါတယ်။

စစ်ဘေးရှောင်အမျိုးသမီးတဦးက "ရေရှားတော့ ရေဝယ်ရတယ်။ အလုပ်ကိုင်ကလည်းရ ရှားပါးတယ်။ ၅၀၀၊ ၁၀၀၀ ရဖို့ကို ဘယ်လောက်ရှာရလဲနော်။ ရေခါကျတော့ ခဏလေးနဲ့ကုန်တယ်။ ဝယ်လည်း စျေးကကြီး။ ရေလည်းရှား ပိုက်ဆံလည်းမရှိ မလွယ်ဘူး" လို့ ပြောပါတယ်။

ဒီးမော့ဆိုအနောက်ဘက်ခြမ်းမှာ စစ်ရှောင်စခန်း ၁၀၀ ကျော်မကရှိပြီး စစ်ဘေးရှောင်ပြည်သူ ၁ သိန်းကျော်အထိရှိကာ နေရပ်ပြန်ပြီးနေထိုင်ဖို့၊ တောင်ယာလုပ်ငန်းလုပ်ကိုင်ဖို့အတွက် အခက်အခဲတွေ ရှိနေတာကြောင့် မပြန်နိုင်သေးဘဲ ရေကိုဝယ်ယူသုံးစွဲနေရတဲ့ စစ်ရှောင်စခန်းတွေ များပြားနေတယ်လို့ သိရပါတယ်။

စစ်ရှောင်အရေးကူညီပေးသူတယောက်က "စစ်ရှောင်တွေကလည်းများလာတယ်။ ရေဆိုလည်း ကျနော်တို့ အရင်ကကူပေးသေးတယ်ပေါ့။ ကားက သုံးတာများပြီး ပျက်သွားတော့ ရပ်ထားရတယ်ပေါ့နော်။ ရေက အရေးကြီးပေမဲ့ မကူနိုင်တော့ဘူးဖြစ်သွားတာပေါ့" လို့ ပြောပါတယ်။

ဒီးမော့ဆိုအနောက်ခြမ်းမှာ စစ်ရှောင်နေရတဲ့ပြည်သူတွေက စစ်ရှောင်ကာလ ၂ နှစ်ကျော် ၃ နှစ်နီးပါးထိရှိလာပြီး စစ်ရှောင်ပြည်သူဦးရေ ထပ်တိုးလာတာနဲ့အမျှ စားနပ်ရိက္ခာတွေ၊ အနွေးထည်၊ စောင်တွေနဲ့ အသုံးပြုဖို့ရေတွေအတွက် အခက်အခဲတွေနဲ့ ကြုံတွေ့နေရတယ်လို့ စစ်ဘေးရှောင်ပြည်သူတွေက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013