DVB Logo
Home
မြန်မာသတင်း
ကလေးအကျဉ်းထောင်မှ ၁၀၀ ကျော် ပြန်လွတ်လာ၊ နိုင်ငံရေးအကျဉ်းသား မပါဝင်
DVB
·
January 5, 2024
ကလေးအကျဉ်းထောင်မှ ၁၀၀ ကျော် ပြန်လွတ်လာ၊ နိုင်ငံရေးအကျဉ်းသား မပါဝင်
Donate to DVB

ဇန်နဝါရီ ၄ ရက် ၇၆ နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် စစ်ကောင်စီက စစ်ကိုင်းတိုင်း၊ ကလေးမြို့ အကျဉ်းထောင်ကနေ အကျဉ်းသား ၁၀၀ ကျော် လွှတ်ပေးခဲ့ပေမဲ့ နိုင်ငံရေးအကျဉ်းသားတွေတယောက်မှ မပါဝင်ဘူးလို့  အကျဉ်းထောင်နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

ကလေးမြို့အကျဉ်းထောင်ကနေ အမျိုးသား ၅၂ ယောက်နဲ့ အမျိုးသမီး ၅၄ ယောက် စုစုပေါင်း အကျဉ်းသား၊ အကျဉ်းသူ ၁၀၆ ယောက်ကို လွှတ်ပေးခဲ့ပေမဲ့ အခုပြန်လွတ်လာသူတွေဟာ ဆေးမှု၊ ရမ်းကားမှု၊ ခိုးမှု၊ လုယက်မှု၊ ဖောက်ထွင်းမှု စတဲ့အမှုတွေနဲ့ ပြစ်ဒဏ်ချခံနေရသူတွေ ဖြစ်တယ်လို့ အကျဉ်းထောင်နဲ့ နီးစပ်သူတွေက ဆိုပါတယ်။

အကျဉ်းထောင်နဲ့နီးစပ်သူ ဒေသခံတယောက်က “မနေ့က နိုင်ငံရေးအကျဉ်းသား မိသားစုတွေ မနည်းဘူး လာစောင့်နေတာ။ မနက်စောစောပိုင်း ၂ နာရီလောက်ကတည်းက ညနေပိုင်း ပြန်လွှတ်တာ ကုန်တဲ့အချိန်အထိပဲ။ ပါမလားလို့ မျှော်နေတဲ့သူတွေကော၊ ပါမလာလို့ ငိုယိုနေတဲ့သူတွေကော။ တကယ့် စိတ်မကောင်းစရာ မြင်ကွင်းပါပဲ။ သာမန်မှုခင်းနဲ့ ပြစ်ဒဏ်ချခံနေရသူတွေ လွတ်တာများပါတယ်” လို့ ပြောပါတယ်။

လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် လွှတ်ပေးခဲ့သူတွေကို ပုဒ်မ ၄၀၁၊ ပုဒ်မခွဲ ၁ အရ နောက်တကြိမ် ပြစ်မှုကျူးလွန်ရင် အဲဒီပြစ်ဒဏ်အပြင် ကျန်ရှိနေတဲ့ ပြစ်ဒဏ်တွေကိုပါ ကျခံရမယ်ဆိုတဲ့သတ်မှတ်ချက်နဲ့ လွတ်ငြိမ်းခွင့်ပြုတာလို့ စစ်ကောင်စီက ထုတ်ပြန်ခဲ့ပါတယ်။

နိုင်ငံရေးသမားမိသားစုဝင်တယောက်က “ကိုယ့်အနေနဲ့ ဘယ်လိုပုံစံနဲ့ သူတို့လွှတ်လွှတ် လွတ်လာဖို့ မျှော်လင့်တာပေါ့။ မနေ့က အစောကြီးကတည်းက သွားစောင့်တာ။ ကိုယ့်မိသားစုဝင်လည်း မပါဘူး၊ တခြားနိုင်ကျဉ်းလည်း တယောက်မှမပါဘူး။ စစ်ကောင်စီကို အများကြီး မျှော်လင့်လို့၊ ယုံကြည်လို့ မရဘူးလေ၊ ဘာမှ မတတ်နိုင်ဘူးလေ။ သူတို့က လွှတ်ပေးမှ လွတ်ရမှာဆိုတော့ ဆုတောင်းပေးရုံပဲရှိတယ်” လို့ ပြောပါတယ်။

စစ်ကောင်စီကတော့ လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် တနိုင်ငံလုံး အတိုင်းအတာနဲ့ အကျဉ်းသား၊ အကျဉ်းသူ ၉,၆၅၂ ယောက်ကို လွတ်ငြိမ်းခွင့်ပြုတယ်လို့ ကြေညာခဲ့တာ ဖြစ်ပါတယ်။

ဧရာဝတီတိုင်းက ဖျာပုံ၊ မအူပင်၊ ဟင်္သာတ အကျဉ်းထောင်တွေကနေ အကျဉ်းသား အယောက် ၁၀၀ ကျော်စီ လွှတ်ပေးခဲ့ပေမဲ့လည်း နိုင်ငံရေးအကျဉ်းသား တယောက်မှ မပါဝင်ခဲ့ဘူးလို့ အကျဉ်းထောင်နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

ဒါ့အပြင် ကလေး၊ ရမည်းသင်း၊ မြင်းခြံ၊ သရက်၊ ဒိုက်ဦး၊ ပေါင်းတည်၊ မော်လမြိုင် အကျဉ်းထောင်တွေက လွတ်လာသူတွေဟာလည်း နိုင်ငံရေးအကျဉ်းသား တယောက်မှ မပါဝင်ခဲ့ဘူးလို့ သိရပါတယ်။

နိုင်ငံတဝန်းအကျဉ်းထောင်တွေကနေ အကျဉ်းသား ၉၀၀၀ ကျော်ကို စစ်ကောင်စီက ပြစ်ဒဏ် လွတ်ငြိမ်းခွင့်ပေးလိုက်တဲ့အထဲမှာ  နိုင်ငံရေးအကျဉ်းသား ၂၀၀ ဝန်းကျင် ပါဝင်လာပြီး အများစုက ရန်ကုန်နဲ့ မန္တလေးနဲ့  မွန်ပြည်နယ်အကျဉ်းထောင်တွေကဖြစ်တယ်လို့    ဒီဗွီဘီက စုံစမ်း သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013