Home
မြန်မာသတင်း
နမ္မတူမြို့နယ်တွင် ဗုံးခိုကျင်းပြိုကျပြီး ၃ ဦးသေဆုံး၊ ၁ ဦး ဒဏ်ရာရ 
DVB
·
January 5, 2024
Nan 512024

ရှမ်းပြည်မြောက်ပိုင်း ကျောက်မဲခရိုင် နမ္မတူမြို့နယ် မိုင်းရင်ကျေးရွာအုပ်စု မန်တီးရွာမှာ ဗုံးခိုကျင်းပြိုကျပြီး စစ်ဘေးရှောင်နေတဲ့ မိသားတစုပေါ် မြေပိကျလာလို့ လူကြီး ၁ ဦး နဲ့ ကလေး ၂ ဦး သေဆုံးသွားပါတယ်။ 

သူတို့ရွာမှာ ဇန်နဝါရီ ၄ ရက် ညက တအာင်းလွတ်မြောက်ရေးတပ်မတော် (TNLA) ဝင်ရောက်လာလို့ ရွာသားတွေ ကြောက်လန့်ပြီး ဗုံးခိုကျင်းအသီးသီးကို ပြေးဝင်တိမ်းရှောင်ကြကြောင်း၊ ရွာသားဖြစ်တဲ့ စိုင်းစံအေးဟာလည်း မိန်းမနဲ့  ကလေးတွေပါခေါ်ပြီး ရွာပြင်ဘက်မှာရှိတဲ့ သူတို့ခြံထဲက ဗုံးခိုကျင်းမှာ သွားရောက်ပုန်းအောင်းစဉ် မြေပြိုမှုဖြစ်ခဲ့တာလို့  မိုင်းရင်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးစိုင်းထွန်းလင်းက ဒီဗွီဘီကို ပြောပါတယ်။ 

“ကျနော်တို့ရွာဘက်မှာ စစ်တပ်လေယာဉ်တွေ နေ့တိုင်းဝဲနေတော့ ကြိုတင်ကာကွယ်တဲ့အနေနဲ့ အိမ်တိုင်း ဗုံးခိုကျင်းတူးထားကြတယ်။ မနေ့ညက TNLA တပ်ဖွဲ့ဝင်တချို့ ရွာထဲဝင်လာတယ်။  သူတို့ကတော့ ရွာသားတွေကို မကြောက်ကြပါနဲ့ ကျနော်တို့ ခဏပဲလာတာ၊ ပြီးရင်ပြန်ထွက်သွားမှာ၊ ထွက်မပြေးနဲ့လို့ ပြောတယ်။ ဒါပေမဲ့ ရွာသားတွေက ကြောက်တော့ ဗုံးခိုကျင်းထဲ သွားနေကြတယ်။ ည ၁၂ နာရီခွဲလောက်မှာ စိုင်းစံအေးမိန်းမ နန်းစိန်ပွင့်က မြေပြိုတယ်ဆိုပြီး အော်ဟစ်အကူအညီတောင်းတော့ အားလုံးသွားကူကြတာ။” 

ရွာသားတွေရောက်သွားချိန်မှာ နန်းစိန်ပွင့်ရဲ့ ခါးအောက်ပိုင်းက မြေကြီးထဲရောက်နေကြောင်း၊ သူ့ယောကျ်ားနဲ့ ကလေး ၂ ယောက်ကတော့ မြေကြီးထဲနစ်မြှုပ်နေလို့ ပြန်ဖော်လို့ရတဲ့အခါ အသက်မရှိတော့ဘူးလို့ ဆိုပါတယ်။ 

သေဆုံးသူတွေမှာ စိုင်းစံအေး (အသက် ၂၃ နှစ်)၊ သမီးဖြစ်သူ နန်းနုမ် (၂ နှစ်) နဲ့ တူမ နန်းအောင်မီး ( ၁၃ နှစ်) တို့ ဖြစ်ကြပါတယ်။ 

သူတို့ ဗုံးခိုကျင်းလုပ်ထားတဲ့နေရာဟာ ရွာပြင်နမ့်ဆွန်ချောင်းစပ် ချောက်ကမ်းပါးအနီးမှာဖြစ် ကြောင်း၊ ရေနဲ့နီးတော့ မြေသားမခိုင်မာဘဲ ပြိုကျတာဖြစ်နိုင်တယ်၊  လတ်တလော ရှမ်းပြည် မြောက်ပိုင်းမှာ တိုက်ပွဲတွေဖြစ်နေတာကြောင့် အတော်များများ ဗုံးခိုကျင်းတွေ တူးထားကြတယ်။ ဗုံးခိုကျင်းကို ခိုင်ခံ့လုံခြုံစွာတူးကြဖို့၊ ထွက်ပြေးရလွယ်အောင် အိမ်နဲ့အရမ်းဝေးတဲ့နေရာမှာ မတူးကြဖို့ ပြီးခဲ့တဲ့လက ရွာသားတွေကို အစည်းအဝေးခေါ်ပြီး ဗုံးခိုကျင်းနဲ့ပတ်သက်တဲ့ ပညာပေးဟောပြောတာ လုပ်ခဲ့သေးတယ်လို့  ကျေးရွာအုပ်ချုပ်ရေးမှူးက ပြောပါတယ်။ 

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024