
ရခိုင်ပြည်နယ်၊ စစ်တွေမြို့နဲ့ တိုက်ပွဲတွေ နီးကပ်လာတာကြောင့် ဒေသခံတွေ အသက်အန္တရာယ် စိုးရိမ်ပြီး ဗုံးခိုကျင်းတွေ တူးကြပေမဲ့ စစ်အာဏာရှင်တပ်တွေကတော့ ဖျက်သိမ်းခိုင်းနေတာကြောင့် အခက်တွေ့နေကြရပါတယ်။
လက်ရှိမှာ စစ်တွေမြို့အနီး အာရက္ခတပ်တော် (AA) နဲ့ စစ်အာဏာရှင်တပ်တို့ရဲ့ တိုက်ပွဲတွေဟာ စစ်တွေမြို့အခြေစိုက် ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (ဒကစ) နဲ့ ၂ မိုင်အကွာရှိ ကျားမသောက် ကျေးရွာအထိ ရောက်ရှိလာနေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေထံက သိရပါတယ်။
ပြီးခဲ့တဲ့ သီတင်းပတ်ကလည်း စစ်တွေမြို့အနီး တိုက်ပွဲတွေ ပြင်းထန်ခဲ့ပြီး လက်နက်ကြီး ပစ်ခတ်သံတွေ ဆက်တိုက်ကြားခဲ့ရသလို လက်ရှိမှာလည်း မကြာခဏဆိုသလို လက်နက်ကြီး ပစ်ခတ်သံတွေ ကြားနေရဆဲ ဖြစ်ပါတယ်။
လက်နက်ကြီး ပစ်ခတ်မှုတွေကြောင့် စစ်တွေမြို့မဈေးကြီးမှာ လက်နက်ကြီး ကျရောက်ပေါက်ကွဲပြီး ဒေသခံရာချီ ထိခိုက်သေဆုံးမှု ရှိခဲ့သလို စစ်တွေမြို့ ဆေးရုံကြီးမှာလည်း လက်နက်ကြီး ကျရောက်ပေါက်ကွဲကာ ဆေးဝါးသိုလှောင်ရုံ မီးလောင်ပျက်စီးခဲ့ရတဲ့ ဖြစ်စဉ်တွေလည်း ရှိခဲ့တာပါ။
ဒါကြောင့် ဒေသခံတွေဟာ အသက်အန္တရာယ် လုံခြုံရေးအတွက် စိုးရိမ်လာကြပြီး နေအိမ်တွေမှာ သဲအိတ်တွေ၊ ကျောက်အိတ်တွေနဲ့ ဗုံးခိုကျင်း တူးလာကြပါတယ်။
ဒါပေမဲ့လည်း စစ်အာဏာရှင်တပ်ဖွဲ့ဝင်တွေဟာ မကြာခဏဆိုသလို ဧည့်စာရင်းဝင်စစ်ဆေးပြီး နေအိမ်တွေကို ဝင်ရောက်ရှာဖွေကာ ဗုံးခိုကျင်းတွေကို ဖျက်ခိုင်းတယ်လို့ စစ်တွေဒေသခံ တယောက်က ပြောပါတယ်။
“အရင်ကတော့ အိမ်မှာ သဲအိတ်တွေနဲ့ ကာပြီး ဗုံးခိုကျင်းတူးခဲ့တာ ရှိပါတယ်။ ဒါပေမဲ့ စစ်တပ်နဲ့ အပေါင်းအပါတွေက မကြာခဏ ဧည့်စာရင်းဝင်စစ်တာတွေရှိတော့ အဲဒီမှာ တွေ့ပြီး ချက်ချင်းဖျက်ခိုင်းတာပါ။ ဧည့်စာရင်းဝင်စစ်ရင် လက်နက်အပြည့်အစုံနဲ့ အိမ်တွေကို သေချာဝင်စစ်တော့လေ သူတို့ဖျက်ခိုင်းရင် ဖျက်ရတာပဲပေါ့နော်၊ ပြောပိုင်ခွင့်မှမရှိတာ၊ ပြီးရင် သူတို့က နောက်တခါလာစစ်လို့ တွေ့ရင်တော့ မလွယ်တော့ဘူး ဆိုပြီး ပြောခဲ့တာလေ၊ ဒါကြောင့် စိုးရိမ်ပြီးတော့ မတူးရဲတာပါ။”
လက်ရှိမှာတော့ စစ်တွေမြို့တွင်း ဧည့်စာရင်းဝင်စစ်ပြီး ဖမ်းဆီးမှုတွေ၊ ဗုံးခိုကျင်းတူးရင် ဖမ်းဆီးအရေးယူမယ်ဆိုတဲ့ ခြိမ်းခြောက်မှုတွေကြောင့် အသက်အန္တရာယ်ကို စိုးရိမ်ပေမဲ့ ဗုံးခိုကျင်းတူးရဲသူ မရှိတော့ဘူးလို့ နောက်ထပ် စစ်တွေဒေသခံတယောက်ကလည်း မြေပြင်အခြေအနေကို ပြောပြပါတယ်။
“ပစ်တာ ခတ်တာတွေကတော့ ကြားရတယ်၊ တောက်လျှောက်တော့ မကြားရပါဘူး။ တခါတလေကျတော့ ၂ ရက်၊ ၃ ရက်လောက် တောက်လျှောက် ပစ်ခတ်သံ ကြားရပါတယ်။ ပြီးရင် တပတ်၊ ၁၀ ရက် ရပ်သွားတာတွေရှိတယ်။ တကယ်ဆိုရင် ဗုံးခိုကျင်းရှိတာတော့ ကောင်းတယ်ပေါ့နော်။ ဖြစ်လာခဲ့လို့ရှိရင်လည်း ကိုယ့်အတွက်ကိုယ် ကာကွယ်လို့ရတာပေါ့။ ဒါပေမဲ့ လက်ရှိ အနေအထားအရ ဗုံးခိုကျင်းတွေ တူးဖို့လည်း ခွင့်ပြုချက်မရဘူး။ စစ်တွေမြို့လယ်ထဲမှာတော့ ဗုံးခိုကျင်းတူးတာတွေ မရှိပါဘူး၊ တူးခွင့်လည်းမရှိပါဘူး။ ဒါပေမဲ့ မြို့အစပ်က နေအိမ်တွေမှာတော့ ဗုံးခိုကျင်းတူးကြတယ်။ ဒါပေမဲ့ ဖျက်ခိုင်းတယ်ပေါ့နော်။ ဒါကြောင့် ဗုံးခိုကျင်းတူးတဲ့သူတွေလည်း မရှိသလို တူးခွင့်လည်းမရှိဘူးပေါ့နော် ဒီအတိုင်းပဲ နေနေကြတာပါ။”
ရခိုင်က မြို့နယ် ၁၄ ခုကို သိမ်းပိုက်ထားတဲ့ အာရက္ခတပ်တော် (AA) ကတော့ ၂၀၂၇ ခုနှစ် မတိုင်ခင် ရခိုင်က လက်ကျန်မြို့တွေကို သိမ်းပိုက်မယ်လို့ ကြေညာထားသလို စစ်အာဏာရှင်တပ် ဘက်ကလည်း တခြား တိုင်းဒေသကြီးတွေကနေ စစ်ကူထိုးဖောက်ဖို့ ကြိုးပမ်းနေတာကြောင့် တိုက်ပွဲတွေ ပိုမိုပြင်းထန်လာမဲ့ အရိပ်အယောင်တွေ ရှိနေပါတယ်။
လက်ရှိမှာတော့ စစ်တွေမြို့ခံတွေဟာ ဘေးလွတ်ရာကို ရှောင်တိမ်းဖို့ ခက်ခဲနေသလို မိမိကိုယ်ကိုယ် ကာကွယ်နိုင်ဖို့ ဗုံးခိုကျင်းတူးခွင့်ကိုတောင် မရရှိတဲ့ အခြေအနေနဲ့ ရင်ဆိုင်နေကြရပါတယ်။
ကေခိုင်










