DVB Logo
Home
မြန်မာသတင်း
ခါမ်းပါတ်မြို့ကို  ဒုတိယအကြိမ် ထိုးစစ်ဆင်ရန် စစ်ကောင်စီတပ်မ ၂ ခု ပြင်ဆင်
DVB
·
January 5, 2024
ခါမ်းပါတ်မြို့ကို  ဒုတိယအကြိမ် ထိုးစစ်ဆင်ရန် စစ်ကောင်စီတပ်မ ၂ ခု ပြင်ဆင်
Donate to DVB

စစ်ကိုင်းတိုင်းအထက်ပိုင်း၊ တမူးမြို့နယ်၊ ခါမ်းပါတ်မြို့ကို  စစ်ကောင်စီ တပ်မ ၉၉ နဲ့ တပ်မ ၅၅ တို့က ဒုတိယအကြိမ်မြောက် ထိုးစစ်ပြန်ဆင်ဖို့ ပြင်ဆင်နေတယ်လို့ ဒေသကာကွယ်ရေးအဖွဲ့တွေက ပြောပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာလဆန်းမှာ စစ်ကောင်စီတပ်က ခါမ်းပါတ်မြို့ကို ပြောက်ကျားစနစ်နဲ့ ထိုးဆင်ဆင်ခဲ့ပေမဲ့အောင်မြင်ခြင်းမရှိဘဲ  ဒီဇင်ဘာ ၁၆ ရက်နေ့မှာ ပြန်ထိန်းထားနိုင်ပြီလို့ NUG ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ပါတယ်။

တမူးတိုက်နယ်ပကဖ တာဝန်ရှိသူတဦးဖြစ်တဲ့ ဦးကပ်က “ခုတလော တပ်မ ၉၉ နဲ့ တပ်မ ၅၅ က စစ်ကြောင်းပြန်ထိုးဖို့လုပ်ကြတယ်။ ဒါပေမဲ့ ခုချိန်အထိတော့မထိုးသေးပါဘူး။ ခုချိန်ထိ ကျနော်တို့ဘက်က ထိန်းချုပ်ဆဲပေါ့နော်”လို့ပြောပါတယ်။

ခါမ်းပါတ်မြို့ဟာ တမူးမြို့နဲ့ ကလေးမြို့တို့အကြား ဆက်သွယ်ရေးလမ်းပေါ်မှာတည်ရှိပြီး ဗျူဟာအရ အရေးပါတာကြောင့် စစ်ကောင်စီက ပြန်လည်သိမ်းယူနိုင်ဖို့ အကြိမ်ကြိမ်ကြိုး စားနေတာပါ။

တိုက်ပွဲတွေကြောင့် ခါမ်းပါတ်မြို့ခံတွေအများစုကတော့  အိန္ဒိယနယ်စပ်ဘက်ကို ထွက်ပြေး စစ်ဘေးရှောင်နေကြရပြီး ရေနဲ့ စားနပ်ိရက္ခာအခက်အခဲတွေ နဲ့ ကြုံတွေ့နေကြရပါတယ်။  

တမူးတိုက်နယ်ပကဖ တာဝန်ရှိသူတဦးဖြစ်တဲ့ ဦးကပ်က “ ခါမ်းပါတ်က ပြည်သူတွေကတော့  သုံးပုံ တပုံလောက်ပဲ အိမ်တွေမှာ ပြန်နေတယ်။ ကျန်တဲ့ နှစ်ပုံလောက်ကတော့ ခုချိန်ထိ စစ်ဘေးရှောင်နေဆဲပေါ့နော်။ အိန္ဒိယဘက်က ထိန်းချုပ်တာတွေရှိတယ်ဗျ။ ခု အိန္ဒိယနယ်စပ်မှာ စစ်ဘေးရှောင်တဲ့ ပြည်သူတွေလည်း သောက်သုံးရေအခက်အခဲ၊ ပြီးရင် ဆန်၊ ဆီ ပေါ့ အခက်အခဲတွေ အများကြီးရှိတယ်ဗျ”လို့ ပြောပါတယ်။

စစ်ကိုင်းတိုင်းအထက်ပိုင်း ကောလင်း၊ ထီးချိုင့်၊ ကသာနယ်တွေမှာ  စစ်ကောင်စီက ဒီဇင်ဘာ ၂၀ ရက်နေ့ကစပြီး လေကြောင်းတိုက်ခိုက်မှုတွေဆက်တိုက်ပြုလုပ်ခဲ့ပြီး ပြည်သူတချို့ ထိခိုက် သေဆုံးဒဏ်ရာရခဲ့ပါတယ်။

စစ်ကောင်စီက မြေပြင်စစ်ရေးမထိန်းချုပ်နိုင်တော့တာကြောင့် လေကြောင်း ပစ်ကူတွေ ဆက်တိုက်အသုံးပြုနေတာဖြစ်ပြီး  မြေပြင်သတင်းပေးတွေရဲ့ သတင်းမှားတွေကြောင့် အရပ်သား ပြည်သူတွေရဲ့ ကျေးရွာတွေကို ဗုံးကြဲတိုက်ခိုက်နေတာ တွေ့နိုင်တယ်လို့ ဒေသခံ နိုင်ငံရေးသမားတယောက်က ပြောပါတယ်။

ကသာနယ်ခံနိုင်ငံရေးသမားတဦးက "သတင်းပေးတွေက အခြေအနေကို တိတိကျကျမစုံစမ်းဘဲနဲ့ သတင်းတွေကို ပေးနေကြတဲ့အပေါ်မှာ သတင်းရလို့သာလျှင် ဒီအလုပ်တွေကို လုပ်တယ်လို့ ကျနော်တို့ ထင်ပါတယ်။ အဲ့ဒီသတင်းပေးတွေရဲ့ သတင်းက ဘယ်လောက် ယုံကြည်ရသလဲဆိုတဲ့အပေါ်မှာ သူတို့အနေနဲ့ ဆန်းစစ်နိုင်စွမ်းလည်း မရှိသလို တန်ပြန်ထောက်လှမ်းနိုင်တာလည်း တော်တော် အားနည်းနေတယ်လို့ ပြောလို့ရတယ်ပေါ့နော်။ ဟိုတလောက ထီးချိုင့်၊ ကောလင်း၊ ကသာဖြစ်စဉ်တွေမှာ ဒီလိုပဲ လူတွေ အလုပ်လုပ်နေတဲ့ရွာတွေပေါ့နော်။ အဲ့ဒီရွာတွေထဲမှာ ဒီလိုပဲကြဲချပြီး သူတို့ကတော့ PDF တွေဘာတွေ စုဝေးတဲ့နေရာပေါ့နော် အဲ့လိုပြောကြတာပေါ့။ စစ်မြေပြင်ဆိုတာကတော့ ကျနော်တို့ မပြောလိုဘူးပေါ့။ ခုဟာကျတော့ ပြည်သူတွေနေတဲ့ရွာတွေထဲမှာ အတိအကျရတဲ့ သတင်းမဟုတ်ဘဲ ဒါတွေလုပ်တာကတော့ အင်မတန်မှဆိုးရွားတယ်လို့ ပြောချင်ပါတယ်။"

စစ်ကိုင်းတိုင်း ပုလဲနယ်မှာတော့ ဒီဇင်ဘာလဆန်းကနေ လက်ရှိအချိန်အထိ  ပျူစောထီး ကျေးရွာတွေဖြစ်တဲ့ ဇီးဖြူကုန်းရွာနဲ့ အင်ပင်ထိရွာတွေက ရွာသူရွာသား ၆၀ နီးပါး ပြည်သူ့ကာကွယ်ရေးနဲ့ အုပ်ချုပ်ရေးအဖွဲ့ဆီမှာ လာရောက်ပူးပေါင်းခဲ့တယ်လို့ ပုလဲ ပအဖတာဝန်ရှိသူက အတည်ပြုပါတယ်။

ပူးပေါင်းလာတဲ့ ပျူစောထီးရွာသားတွေကို ကောင်းမွန်စွာလက်ခံစောင့်ရှောက်ထားပြီး နောက်ထပ် အလင်းဝင်လာမယ့်သူတွေကိုလည်း ကြိုဆိုတယ်လို့ ဆိုပါတယ်။

ပုလဲပအဖ ဦးဇော်ထက်က "ဇီးဖြူကုန်းပျူရွာနဲ့ အင်ပင်ထိပျူရွာကနေပြီးတော့ ပုလဲနယ် ပြည်သူ့အုပ်ချုပ်ရေးနဲ့ ကာကွယ်ရေးအဖွဲ့ထံ အလင်းဝင်လာတာဆို ၅၀ ကျော် ၆၀ နီးပါးလောက်တော့ ရှိတယ်ပေါ့။ လက်နက်ကိုင်တပ်ဖွဲ့ဝင် နှစ်ဦးပါတယ်ပေါ့နော်။ ပထမ  တဦးက ဇီးဖြူကုန်းပျူရွာကပျူပေါ့။ သူကလက်နက်နဲ့အလင်းဝင်လာတယ်။ နောက် ဒုတိယ တယောက်က သူက စစ်သားပေါ့ သူကလည်း လက်နက်နဲ့ ပြည်သူ့အုပ်ချုပ်ရေးနဲ ကာာကွယ်ရေးအဖွဲ့ထံ အလင်းဝင်လာတာပေါ့။ ကျန်တာတွေကတော့ အရပ်သူ အရပ်သားတွေပေါ့နော်”လို့ ပြောပါတယ်။

မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေးစတင်ပြီးနောက် အထိအခိုက်အဆုံးအရှုံးများခဲ့တဲ့ စစ်ကောင်စီဟာ အချိန် နှစ် လကျော်ကြာချိန်မှာ ဗျူဟာပိုင်းပြောင်းလဲပြီး စစ်ရေးချဉ်းကပ်မှုတွေ ပြုလုပ်လာပါတယ်။

မြေပြင်မှာထိပ်တိုက်တွေ့တာကိုရှောင်ရှားလာပြီး ပြောက်ကျားစနစ်အသုံးပြုတာ၊ တိကျတဲ့ပစ်မ မှတ်တွေရှာပြီး လေကြောင်းတိုက်ခိုက်တာ၊ ခံစစ်ဗျူဟာအတွက် ထောက်ပို့စနစ်ကို ပို‌ကောင်းအောင် ပြင်ဆင်လာတာတွေတွေ့ရတယ်လို့ မြေပြင် PDF ခေါင်းဆောင်တွေက သုံးသပ် ထားပါတယ်။ 

သုတချမ်းသာ

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013