DVB Logo
Home
နိုင်ငံတကာ
လူ ၁၀၀ နီးပါးသေဆုံးခဲ့သည့် အီရန်ပေါက်ကွဲမှု အိုင်အက်စ်လက်ချက်ဖြစ်
DVB
·
January 5, 2024
လူ ၁၀၀ နီးပါးသေဆုံးခဲ့သည့် အီရန်ပေါက်ကွဲမှု အိုင်အက်စ်လက်ချက်ဖြစ်
Donate to DVB

အီရန်ထိပ်တန်းတပ်မှူး ကာဆမ် ဆိုလေမာနီ အတွက် အောက်မေ့ဖွယ်အခမ်းအနားမှာ လူ ၁၀၀ နီးပါးသေဆုံးပြီး အမြောက်အမြား ဒဏ်ရာရစေခဲ့တဲ့ ပေါက်ကွဲမှုနှစ်ခုဟာ သူတို့လက်ချက် ဖြစ်တယ်လို့ အိုင်အက်စ်အဖွဲ့က ဇန်နဝါရီ ၅ ရက်မှာ ထုတ်ပြန်ပါတယ်။

အိုင်အက်စ်နဲ့ပတ်သက်တဲ့ တယ်လီဂရမ်ချန်နယ်တွေမှာ တင်ထားတဲ့ ကြေညာချက်အရ ဗုဒ္ဓဟူးနေ့က အီရန်နိုင်ငံအရှေ့တောင်ပိုင်း၊ ကာမန်မြို့က သင်္ချိုင်းမှာ စုဝေးနေကြတဲ့ လူအုပ်ထဲမှာ အိုင်အက်စ်အဖွဲ့ဝင်နှစ်ဦးက ခါးပတ်ဗုံးတွေ ဖောက်ခွဲခဲ့ကြတာလို့ သိရပါတယ်။

၂၀၂၀ ပြည့်နှစ်က ဆိုလေမာနီ အီရတ်နိုင်ငံကို ရောက်ရှိနေစဉ် အမေရိကန်က မောင်းသူမဲ့လေယာဉ်နဲ့ လုပ်ကြံခဲ့တာဖြစ်ပြီး သူကွယ်လွန်မှု လေးနှစ်ပြည့် အောက်မေ့ဖွယ် အခမ်းအနား ကျင်းပနေချိန်မှာ ဗုံးခွဲခဲ့တာကြောင့် ကလေးသူငယ်တွေ အပါအဝင် လူ ၂၈၄ ဦး ဒဏ်ရာရခဲ့ပါတယ်။

ဒီဖြစ်စဉ်ဟာ အီရန်မှာ ၁၉၇၉ အစ္စလာမ္မစ်တော်လှန်ရေးနောက်ပိုင်း လူအသေအပျောက်အများဆုံး တိုက်ခိုက်မှုဖြစ်ပါတယ်။

ဒီလုပ်ရပ်အတွက် အပြင်းထန်ဆုံး လက်တုံ့ပြန်သွားမယ်လို့ အီရန်အစိုးရက ကြေညာထားပါတယ်။

လာမယ့် သောကြာနေ့မှာ ကွယ်လွန်သူတွေအတွက် စျာပနပွဲလုပ်မှာဖြစ်ပြီး အဲဒီနေ့မှာ လူထုဆန္ဒပြချီတက်ပွဲတွေ လုပ်ကြဖို့ အီရန်အာဏာပိုင်တွေက နှိုးဆော်ထားပါတယ်။

ဘာ့ကြောင့် အီရန်မှာ အိုင်အက်စ်က လာအကြမ်းဖက်ရသလဲဆိုတဲ့ ရည်ရွယ်ချက်ကို အတိအကျ မသိရသေးပါဘူး။

ဒါပေမဲ့ ဒီလုပ်ရပ်ဟာ အိမ်နီးချင်း အာဖဂန်နစ္စတန်မှာ အခြေစိုက်တဲ့ အိုင်အက်စ်အဖွဲ့ခွဲ အိုင်အက်စ်အိုင်အက်စ် - ခိုရာဆန် ခေါ် အိုက်စစ်ကေ (ISIS-K) ရဲ့လက်ချက် ဖြစ်နိုင်တယ်လို့ အရှေ့နားဒေသ (Near East) မူဝါဒဆိုင်ရာ ဝါရှင်တန်အင်စတီကျုက ကျွမ်းကျင်သူ အေရွန် ဇယ်လင်က သုံးသပ်ပါတယ်။

ဆွန်နီအစွန်းရောက်အဖွဲ့ဖြစ်တဲ့ အိုင်အက်စ်ဟာ မူလကတည်းက အီရန်မှာ လူများစုဖြစ်တဲ့ ရှီးယိုက်တွေအပေါ် ခါးခါးသီးသီး မုန်းတီးတာဖြစ်ပြီး အရင်ကလည်း အကြမ်းဖက်မှုတွေ လုပ်ခဲ့ဖူးပါတယ်။

တာလီဘန်တွေ အာဏာပြန်ရလာပြီးတဲ့နောက် အိုက်စစ်ကေအဖွဲ့အပေါ် ပြင်းပြင်းထန်ထန် နှိမ်နင်းတဲ့အတွက် အဖွဲ့ဝင်တွေဟာ အိမ်နီးချင်းနိုင်ငံတွေကို ထွက်ပြေးခဲ့ကြရပေမဲ့ အာဖဂန်ပြင်ပကနေ အကြမ်းဖက်မှုတွေ ဆက်လက်လုပ်ဆောင်နေဆဲဖြစ်တယ်လို့ ဇယ်လင်က ပြောပါတယ်။

Source/Photo-Reuters

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013