
မန္တလေးတိုင်း ပုသိမ်ကြီးမြို့နယ်၊ မန္တလေး-ပြင်ဦးလွင်လမ်းပိုင်းမှာ ဆောက်လုပ်ရေး ပစ္စည်းတင် လာတဲ့ ၆ ဘီး ကားတစီး ဇန်နဝါရီ ၄ ရက် မွန်းလွဲ ၂ နာရီက အရှိန်လွန်ကာ လမ်းဘေးသစ်ပင်ကို ဝင်တိုက်ခဲ့ပြီး ကားပေါ်ပါလာတဲ့ အမျိုးသား ၁ ဦး သေဆုံးခဲ့ကာ အမျိုးသား ၂ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။
စေတနာမွန်လူမူကူညီရေးအသင်း-အုန်ချောမှ တာဝန်ရှိသူတဦးက "ကားကအရှိန်လွန်ပြီး လမ်းလယ်ကျွန်းက သစ်ပင်ကို ဝင်တိုက်လိုက်တာပါ။ အရှိန်နဲ့ဝင်တိုက်လိုက်တာဆိုတော့ မှန်နဲ့ မျက်နှာ ရိုက်လိုက်သလို ဖြစ်သွားတာပါ။ တယောက်တော့ ပွဲချင်းပဲ။ တယောက်ကတော့ ဘယ်နဖူး ပေါက်ပြီး ခြေထောက်ကျိုးသွားတယ်။ အဲဒီ ၂ ယောက်လုံးကားထဲမှာ ညှပ်နေလို့ ကရိန်းနှစ်စီးနဲ့ ကယ်ထုတ်ခဲ့ရပါတယ်" လို့ ပြောပါတယ်။
ယာဉ်တိုက်မှုဖြစ်ပွားပြီးပြီးခြင်း ဆွဲထုတ်လို့ရတဲ့ ဒဏ်ရာရရှိသူတဦးကို အနီးနားရှိ ဆေးရုံသို့ ပို့ဆောင်ခဲ့ပြီး သေဆုံးခဲ့တဲ့ အမျိုးသားတဦးနဲ့ ဒဏ်ရာပြင်းထန်တဲ့အမျိုးသားတဦးတို့ကိုတော့ မန္တလေးဆေးရုံကြီးကို မြန်မာနိုင်ငံလူမှုကူညီရေးအဖွဲ့-မန္တလေး၊ စေတနာမွန်လူမှုကူညီရေး-အုန်ချော နဲ့ မိတ်ဖက်အဖွဲ့အစည်းတို့က ပို့ဆောင်ပေးခဲ့ပါတယ်။
မန္တလေး-ပြင်ဦးလွင်လမ်းပိုင်းမှာ နိုဝင်ဘာ ၂၄ ရက်ကလည်း ဆောက်လုပ်ရေးအလုပ်သမားတွေ တင်ဆောင်လာတဲ့ လိုက်ထရပ်ကားက ကားသေးတစီးကို ဝင်တိုက်ကာ ချောက်ထဲကျပြီး ၃ ဦး သေဆုံးကာ ၅ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။