DVB Logo
Home
မြန်မာသတင်း
ကမ်းပါးပြိုကျသဖြင့် ပြောင်းရွှေ့ခဲ့ရသည့် ဟင်္သာတ ဒေသခံ ၁၀၀၀ ကျော် အကူအညီလိုအပ်
DVB
·
January 5, 2024
ကမ်းပါးပြိုကျသဖြင့် ပြောင်းရွှေ့ခဲ့ရသည့် ဟင်္သာတ ဒေသခံ ၁၀၀၀ ကျော် အကူအညီလိုအပ်
Donate to DVB

ဧရာဝတီတိုင်း၊ ဟင်္သာတမြို့နယ်က အိပ်ပျက်ကျေးရွာအုပ်စုမှာ ရေကြီးရေလျှံ၊ ကမ်းပါးပြိုကျမှုတွေကြောင့် နေအိမ်ပြောင်းရွှေ့ခဲ့ရတဲ့ ဒေသခံ အယောက် ၁၀၀၀ ကျော်ဟာ  စားစရာနဲ့ အမိုးအကာအဝတ်အထည်တွေ အကူအညီ အရေးပေါ်လိုအပ်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

သဘာဝဘေးသင့် ဒေသခံ အယောက် ၁၀၀၀ ကျော်ဟာ ပြီးခဲ့တဲ့ စက်တင်ဘာလ ကုန်ပိုင်းက ဧရာဝတီမြစ်ရေမြင့်တက်လို့ နေအိမ်တွေရေနစ်မြုပ်တာနဲ့ မြစ်ရေတိုက် စားမှုကြောင့် မြေသားကမ်းပါးပြိုကျလို့ ပြောင်းရွှေ့ခဲ့ရတာ ဖြစ်ပါတယ်။

ဒေသခံ အမျိုးသမီးတဦးက ''မပြောင်းရတဲ့ အိမ်က ဆယ်ဂဏန်းလောက်ပဲရှိတော့တယ်။ မြေသားတွေပါ ပြိုကျတော့ မဖြစ်မနေပြောင်းခဲ့ရတာ။ စပြောင်း ပြောင်းချင်း ရက်တွေတော့ ပရဟိတအဖွဲ့တွေက တတ်နိုင်သလောက်လာ လှူတာရှိတယ်။ ဌာနဆိုင်ရာတွေဘက်က တချက်တောင် လာမကြည့်ဘူး။ အလုပ်ကလည်းမရှိဘူး၊ စားစရာထက် ကမ်းပြိုကျတဲ့အထဲပါကုန်လို့ နေစရာမြေပါမရှိတာ''လို့ ပြောပါတယ်။

ဧရာဝတီမြစ်ရေမြင့်တက်လာလို့ နေအိမ်တွေ ခေါင်အထိ ရေမြုပ် ပြောင်းရွှေ့ခဲ့ရတဲ့ အိမ်ခြေ ၃၀၀ နီးပါးအထိရှိပြီး အိပ်ပျက်ကျေးရွာအုပ်စုက ငှက်ပျောတော၊ ဖောင်ဆိပ်၊ အုန်းတောနဲ့ တာငုတ်စတဲ့ကျေးရွာ ခွဲတွေက၊ ကျေးရွာတရွာကို အိမ်ခြေ ၁၀၀ ကျော်အထိ ပြောင်းရွှေ့ခဲ့ရတာလို့ သိရပါတယ်။

ဒေသခံ အမျိုးသားတဦးက ''ရေတက်ပြီဆိုတာနဲ့ ဒီဘက်က အခြေအနေ အရမ်းဆိုးတာ။ စက်တင်ဘာလတုန်းကလည်း တဖြည်းဖြည်း မြင့်တက်လာတဲ့ ဧရာဝတီ မြစ်ရေကြောင့် ပြောင်းရတာ တချို့အိမ်တွေဆို ရေကခေါင်အထိရောက်ခဲ့တာ။ ကျနော်တို့ အိပ်ပျက်ကျေးရွာ အုပ်စုက ဒေသခံတွေက ရေလုပ်ငန်းကို အဓိကလုပ်ကိုင်ကြတာ။ အခု အလုပ်လုပ် မရှိဘူး၊ စားစရာလည်းမရှိဘူး၊ စေတနာရှင်တွေ ပရဟိတသမားတွေက အကူညီပေးတာ ရှိတဲ့လိုအပ်ချက်နဲ့ မမျှဘူး။ ထမင်းထုပ်လေးလောက် လာလှူတာရှိတော့ တော်တော် အခက်အခဲဖြစ်နေတာ။ အခု ကုန်းမြင့်တဲ့ တာပေါင်လေးပေါ်မှာ ယာယီတဲထိုးနေရတာ”လို့  ပြောပါတယ်။

ဒေသခံ ရပ်မိရပ်ဖ တဦးက '' အိပ်ပျက် ကျေးရွာအုပ်စုက ဧရာဝတီ မြစ်ကမ်းဘေးမှာ တည်ရှိတာ။ ဧရာဝတီမြစ်ရေ တိုက်စားပြီး ကမ်းပြိုကျလို့ ပြောင်းရတာနဲ့အခု မြစ်ရေတက်လို့ပြောင်း ရတာကြောင့် နေစရာမြေပါ မရှိဖြစ်နေတယ်။ အခုလည်းကမ်းပြို ကျတာကလည်း အဆက်မပြတ်ဖြစ်နေတာ။ အခုလိုသဘာဝဘေးသင့်သူတွေကို အကူအညီပေး မြေနေရာချပေးဖို့ နိုင်ငံတော်က စီစဉ် ပေးစေချင်တယ်။ စီစဉ်ပေးမှအဆင်ပြေတော့မယ်။ အခု ပြောင်းရွှေ့ရတဲ့ ဒေသခံ အယောက် ၁၀၀၀ လောက်ထဲမှာ သက်ကြီး ရွယ်အိုတွေ၊ ကလေးငယ်တွေလည်း မနည်းပါဝင်ပြီး တချို့ ကလေးတွေနဲ့ သက်ကြီးရွယ်အိုတွေမှာ ရာသီဖျားရောဂါ တွေဖြစ်ပေါ်နေတယ်”လို့  သိရပါတယ်။

ပြီးခဲ့တဲ့ သြဂုတ် ဒုတိယအပတ်ကလည်း ဟင်္သာတမြို့နယ် အိပ်ပျက် ကျေးရွာအုပ်စုထဲက ကျေးရွာခွဲ ၅ ရွာလောက်မှာ ဧရာဝတီမြစ်ရေ တိုက်စားမှုဒဏ်ကြောင့် လူနေအိမ် အလုံး ၆၀ ကျော်ဖျက်သိမ်း ပြောင်းရွှေ့ခဲ့ရပါတယ်။

ပြီးခဲ့တဲ့ နှစ်ကလည်း ဟင်္သာတမြို့နယ်၊ အိပ်ပျက်ကျေးရွာအုပ်စုမှာ မြစ်ရေတိုက်စား တာကျိုးကျခဲ့တာကြောင့် လူနေအိမ် ၂၀၀ နီးပါး  ရေနစ်မြုပ်ခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013