ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်နယ် မြဝတီမြို့တောင်ဘက်ကနေ မဲဆောက်မြို့ဘက်ကို တရားမဝင် ဝင်ရောက်လာတဲ့ မြန်မာအလုပ်သမား ၃၆ ဦးအား ထိုင်းအာဏာပိုင်တွေက ဒီနေ့ မနက် ဖမ်းဆီးခဲ့ပါတယ်။
ဖုတ်ဖမြို့ လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ထိုင်းတော်ဝင်စစ်တပ် ဒေသကွပ်ကဲရေး အမှတ် ၄၂၂ တပ်ခွဲက တရားမဝင်ရွှေ့ပြောင်းမြန်မာအလုပ်သမား ၃၆ ဦးကို ဖမ်းဆီးရမိတာလို့ ထိုင်းစစ်တပ်သတင်းမှာ ဖော်ပြထားပါတယ်။

ဖမ်းဆီးရမိသူတွေနဲ့ ကားတွေအား တာခ်ရိုင်ဖုတ်ဖမြို့မရဲစခန်းကို လွှဲပြောင်းပေးသွားမှာဖြစ်ပြီး ထိုင်းနိုင်ငံ ဥပဒေ အတိုင်း အရေးယူဆောင်ရွက်သွားမယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။
ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့မှာ ပြီးခဲ့တဲ့ ဇန်နဝါရီ ၁ ရက်ကနေ ၂ ရက်အထိ ၂ ရက်အတွင်း တရားမဝင် ဝင်ရောက်လာတဲ့ မြန်မာ ရွှေ့ပြောင်းအလုပ်သမား ၃၄ ဦး ဖမ်းဆီးရခဲ့ပါတယ်။

မြန်မာနိုင်ငံတွင်းမှာ အလုပ်အကိုင်ရှားပါး စီးပွားရေး အဆင်မပြေမှုတွေကြောင့် အလုပ်သမားတွေဟာ နည်းလမ်းပေါင်းစုံနဲ့ ထိုင်းနိုင်ငံအပါအဝင် ပြည်ပနိုင်ငံတွေကို ထွက်ခွာနေကြတာ ဖြစ်ပါတယ်။