DVB Logo
Home
မြန်မာသတင်း
မွန်ပြည်နယ်တွင် ပုဒ်မ-၅၀၅(က) ၃၁ ဦးပါ ၆၇၀ ဦး လွတ်မြောက်၊ မြိတ်ထောင်မှ ၈၅ ဦးလွတ်
DVB
·
January 4, 2024
မွန်ပြည်နယ်တွင် ပုဒ်မ-၅၀၅(က) ၃၁ ဦးပါ ၆၇၀ ဦး လွတ်မြောက်၊ မြိတ်ထောင်မှ ၈၅ ဦးလွတ်
Donate to DVB

မွန်ပြည်နယ်ရှိ အကျဉ်းထောင်၊ အချုပ်ထောင်၊ စခန်းတွေကနေ ပုဒ်မ-၅၀၅(က) နဲ့ အကျဉ်းကျခံရတဲ့ ၃၁ ဦး အပါအဝင် အကျဉ်းကျခံရသူ ၆၇၀ ဦးကို ဇန်နဝါရီ ၄ ရက် လွတ်လပ်ရေးနေ့မှာ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်နဲ့ ပြန်လွှတ်ပေးခဲ့တယ်လို့ ထောင်အာဏာပိုင်နဲ့ နီးစပ်တဲ့သူတွေဆီကနေ သိရပါတယ်။

ကျိုက်မရောအကျဉ်းထောင်က အကျဉ်းသား ၆၅ ဦး၊ အကျဉ်းသူ ၃၈ ဦး၊ မော်လမြိုင်အချုပ်ထောင်က အကျဉ်းသား ၂၃၁ ဦး၊ အကျဉ်းသူ ၁၁၉ ဦး၊ သထုံအကျဉ်းထောင်မှ အကျဉ်းသား ၉၃ ဦး၊ မုပ္ပလင် (အမျိုးသမီး) ကုန်ထုတ်စခန်းမှ အမျိုးသမီး ၃၅ ဦး၊ အင်္ဂဘိုနဲ့ တောင်စွန်း အလုပ်စခန်းတွေက အကျဉ်းသား ၄၁ ဦး၊ ဇင်းကျိုက်ကုန်ထုတ်စခန်းမှ အကျဉ်းသား ၁၇ ဦး၊ ရင်းငြိမ်အလုပ်စခန်းမှ ၂၀ ဦးနဲ့  အင်းဗြောင်အလုပ်စခန်းမှ ၁၁ ဦးတို့ ပြန်လွတ်လာပါတယ်။

ဒါ့အပြင် ကျိုက်မရောထောင်မှ ပုဒ်မ-၅၀၅(က) နဲ့ ပြစ်ဒဏ်ကျခံနေရသူ အမျိုးသား ၁၁ ဦးနဲ့ အမျိုးသမီး ၁၂ ဦး၊ သထုံထောင်မှ ပုဒ်မ-၅၀၅(က) နဲ့ ပြစ်ဒဏ်ကျခံနေရသူ အမျိုးသား ၈ ဦးတို့ကို လွှတ်ပေးခဲ့ပါတယ်။

နိုင်ငံရေးတက်ကြွလှုပ်ရှားသူတဦးက “လွတ်ရက်နီးတွေ သီးသန့်လွတ်ငြိမ်းပေးခဲ့တာပါ။ ရက်စေ့လို့ အလကားလွှတ်ပေးရမယ့်တူတူ နောက်မလုပ်နဲ့ လက်မှတ်ထိုးဆိုတဲ့ သဘောမျိုးနဲ့ လွှတ်ပေးတာပါ။ ဘာမှမထူးပါဘူး။ ကောင်းသွားတာကတော့ သူခိုးတွေပေါ့။ ထောင်တနှစ်လောက်ကျ ၆ လနဲ့ပြန်လွတ်ပေးတာ” လို့ ပြောပါတယ်။

မွန်ပြည်နယ်၊ သထုံမြို့ ဈေးမသွယ်ထောင်ကနေ အကျဉ်းသား ၇၀ ကျော် လွတ်မြောက်လာပြီး အဲ့ဒီထဲမှာ လွတ်ရက်စေ့ခါနီး နိုင်ငံ‌ရေးအကျဉ်းသား ၈ ဦး ပါဝင်တယ်လို့ နိုင်ငံရေးအကျဉ်း‌သားဟောင်း‌တဦးက ပြောပါတယ်။

“၅၀၅ နဲ့ ဖမ်းဆီးခံထားရတဲ့ ပထမ နိုင်ကျဉ်း ၇ ဦး အရင်လွတ်ပြီးတော့ နောက်ထပ်တဦး ထပ်လွှတ်ပေးတာ။ သူတို့ကလည်း လွတ်ရက်စေ့တော့မယ့်သူတွေချည်းပါပဲ။ ကျန်တာကတော့ ဆေးမှုတို့၊ ခိုးတာတို့၊ လုယက်တာတို့နဲ့ နောက်ပြီး ရိုက်မှုတွေပါ။”

သထုံဈေးမသွယ်ထောင်မှာ စစ်ကောင်စီက လက်ရှိ နိုင်ငံရေးအကျဉ်းသား စုစုပေါင်း ၁၀၀ ကျော်ကို ဖမ်းဆီးချုပ်နှောင်ခံထားရတယ်လို့ နိုင်ငံရေးအကျဉ်းသားဟောင်းတွေက ပြောပါတယ်။

အလားတူ တနင်္သာရီတိုင်း၊ မြိတ်အကျဉ်းထောင်ကနေ ဇန်နဝါရီ ၄ ရက် ဒီနေ့လယ်ပိုင်းက ပြစ်ဒဏ်လွတ်ငြိမ်းခွင့်နဲ့ ပြန်လည်လွတ်မြောက်လာတဲ့ အကျဥ်းသားတွေထဲမှာ နိုင်ငံရေးအကျဉ်းသား ၃ ဦးပါတယ်လို့ ထောင်နဲ့နီးစပ်တဲ့ အသိုင်းအဝိုင်းကနေ သိရပါတယ်။

မြိတ်အကျဉ်းထောင်ကနေ ပြန်လည်လွတ်မြောက်လာသူတွေထဲမှာ တခြားပြစ်မှုကြောင့် ထောင်ကျပြီး ပြန်လွတ်လာသူ အမျိုးသား ၇၄ ဦးနဲ့ အမျိုးသမီး ၁၁ ဦး၊ စုစုပေါင်း ၈၅ ဦး ပါဝင်တယ်လို့ အကျဥ်းထောင်နဲ့ နီးစပ်သူတဦးက ပြောပါတယ်။

“မြိတ်ထောင်က ၅၀၅ အမှုနဲ့ ၃ ယောက်လွတ်တယ်။ ၆ လနဲ့ ၁ နှစ်အောက်ပဲ။ အားလုံးတော့မဟုတ်ဘူး။ နာမည်ရွေးပြီးမှပါတာ” လို့ အကျဥ်းထောင်ဝန်ထမ်းတဦးက ပြောပါတယ်။

နိုင်ငံရေးအကျဥ်းသားဟောင်းတဦးကလည်း “ဒီနေ့မှာ ၃ ဦး လွတ်လာတာရှိတယ်။ ကျနော်တို့တုန်းကလည်း နိုင်ကျဥ်းတွေကို စရဖတွေက စိစစ်ပြီးမှ လွှတ်တဲ့ဖြစ်စဥ်မျိုးရှိတယ်။ နိုင်ငံရေးအကျဥ်းသားတွေ မြိတ်ထောင်ထဲမှာ အများကြီးကျန်သေးတယ်။ ကျန်ရှိနေတဲ့ နိုင်ငံရေးအကျဥ်းသားတွေကို အမြန်ဆုံးလွှတ်ပေးသင့်တယ်” လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၄ ရက်နေ့မှာ မြိတ်အကျဉ်းထောင်ကနေ နိုင်ငံရေးအကျဉ်းသား ၂၀ နီးပါး၊ အကျဉ်းသူ ၁၁ ဦး အပါအဝင် စုစုပေါင်း ၈၂ ဦး ပြစ်ဒဏ်လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လည်လွတ်မြောက်လာတယ်လို့ သိရပါတယ်။

ဇန်နဝါရီ ၄ ရက် ဒီကနေ့မှာကျရောက်တဲ့ လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အနေနဲ့ အကျဉ်းထောင်၊ အချုပ်ထောင် အသီးသီးကနေ ပြစ်ဒဏ်ချခံနေရတဲ့ အကျဥ်းသား၊ အကျဥ်းသူ စုစုပေါင်း ၉,၆၅၂ ဦးကို စစ်ကောင်စီက ပြစ်ဒဏ်တွေလျှော့ပေါ့ပြီး လွတ်ငြိမ်းခွင့်ပြုမယ်လို့ ကြေညာခဲ့ပါတယ်။

ဇန်နဝါရီ ၃ ရက်အထိ စာရင်းအရ အကျဉ်းထောင်တွေမှာ နိုင်ငံရေးအကျဉ်းသား အယောက် ၁၉,၉၃၀ ဆက်လက်ထိန်းသိမ်းခံထားရပြီး ၈,၄၅၇ ဦး ထောင်ဒဏ်ချမှတ်ခံထားရတယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီ‌စောင့်ရှောက်ရေးအသင်း (AAPP) က ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013