DVB Logo
Home
နိုင်ငံတကာ
ယူကရိန်းကို ရုရှား ဆိုက်ဘာတိုက်ခိုက်မှု အနောက်ကမ္ဘာကို တပ်လှန့်သတိပေးမှုဖြစ်
DVB
·
January 4, 2024
ယူကရိန်းကို ရုရှား ဆိုက်ဘာတိုက်ခိုက်မှု အနောက်ကမ္ဘာကို တပ်လှန့်သတိပေးမှုဖြစ်
Donate to DVB

ယူကရိန်းဆက်သွယ်ရေးလုပ်ငန်း ကိယက်ဗ်စတားရဲ့ ကွန်ရက်စနစ်ထဲမှာ ရုရှားဟက်ကာတွေဟာ ပြီးခဲ့တဲ့နှစ် မေလလောက်ကတည်းက ထိုးဖောက်ဝင်ရောက်ခဲ့ကြပြီး ဒီလို ဆိုက်ဘာတိုက်ခိုက်မှုမျိုးဟာ ယူကရိန်းကိုသာမက အနောက်ကမ္ဘာတခုလုံးကို တပ်လှန့် သတိပေးလိုက်တဲ့ ဖြစ်စဉ်ကြီးဖြစ်ကြောင်း ယူကရိန်း ဆိုက်ဘာထောက်လှမ်းရေး အကြီးအကဲက အသေးစိတ်ရှင်းပြထားတဲ့ အင်တာဗျူးကို ရိုက်တာသတင်းဌာနက ဇန်နဝါရီ ၄ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။

၂ နှစ်နီးပါးရှိပြီဖြစ်တဲ့ ရုရှားရဲ့ ယူကရိန်းကျူးကျော်စစ်အတွင်းမှာ ဒရာမာအဆန်ဆုံး ဖြစ်ရပ်တခုလို့ ဆိုနိုင်တဲ့ ဒီဆိုက်ဘာတိုက်ခိုက်မှုကြောင့် ယူကရိန်းမှာ လူပေါင်း ၂၄ သန်းကျော် သုံးစွဲကြတဲ့ အကြီးဆုံး ဆက်သွယ်ရေးလုပ်ငန်းကြီးဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၂ ရက်ကစပြီး ရက်အတန်ကြာ ပြတ်တောက်သွားခဲ့ပါတယ်။

အဲဒီတိုက်ခိုက်မှုကြောင့် ထောင်ချီတဲ့ဆာဗာတွေ၊ ကွန်ပျူတာတွေထဲက အချက်အလက်တွေ အားလုံးနီးပါး ရှင်းလင်းခံခဲ့ရပြီး တယ်လီကွန်းဆက်သွယ်ရေး လုပ်ငန်းတခုရဲ့ ပင်မအူတိုင်ကို လုံးဝဖျက်ဆီးပစ်လိုက်သလို ကြုံခဲ့ရတာဖြစ်တယ်လို့ ယူကရိန်းထောက်လှမ်းရေး (SBU) ရဲ့  ဆိုက်ဘာလုံခြုံရေးဌာန အကြီးအကဲ အီလျာ ဗီတီယက်ခ်က ပြောပါတယ်။

ဒီစုံစမ်းစစ်ဆေးမှုအရ ဟက်ကာတွေဟာ ကိယက်ဗ်စတားကွန်ရက်ထဲကို ပြီးခဲ့တဲ့နှစ် မတ်လ ဒါမှမဟုတ် အဲဒီထက်စောတဲ့ ကာလကတည်းက ဝင်ရောက်ဖို့ ကြိုးစားခဲ့တာဖြစ်ပြီး အနည်းဆုံး မေလလောက်မှာ ကွန်ရက်စနစ်ထဲ ဝင်သွားနိုင်ပြီလို့ ကောက်ချက်ချနိုင်ခဲ့ကြောင်း ဗီတီယက်ခ်က ဆိုပါတယ်။

ဟက်ကာတွေဟာ ကိုယ်ရေးအချက်အလက်တွေကို ခိုးယူနိုင်ခဲ့သလို ဖုန်းတွေရဲ့ တည်နေရာကို သိရှိနိုင်ခဲ့ပြီး SMS တွေပါ ကြားဖြတ်ဖတ်ရှုနိုင်ခဲ့ကာ သက်ဆိုင်ရာ ဖုန်းနံပါတ်နဲ့ ဖွင့်ထားတဲ့ တယ်လီဂရမ် အကောင့်တွေကိုပါ ခိုးယူနိုင်ခဲ့ပါတယ်။

ကိယက်ဗ်စတား ဆက်သွယ်ရေးလုပ်ငန်းဟာ SBU အကူအညီနဲ့ ရက်ပိုင်းအတွင်း ကွန်ရက်ကို ပြန်လည် လည်ပတ်နိုင်ခဲ့ပြီး နောက်ထပ်တိုက်ခိုက်မှုတွေကိုလည်း တွန်းလှန်နေတယ်လို့ ဆိုပါတယ်။

ဒီတိုက်ခိုက်မှုကြောင့် ကိယက်ဗ်စတားဖုန်းလိုင်းကိုသုံးတဲ့ ပြည်သူတွေဟာ  တခြားဆင်းမ်ကတ်တွေ အပြေးဝယ်ခဲ့ကြရတဲ့အတွက် လူတန်းရှည်ကြီးတွေ တန်းစီရတဲ့အထိ ဖြစ်ကုန်ခဲ့တာပါ။

အင်တာနက်အတွက် ကိယက်ဗ်စတား ဆင်းမ်ကတ်သုံးတဲ့ အေတီအမ်စက်တွေပါ လုပ်ငန်းလည်ပတ်မှု ရပ်ဆိုင်းကုန်ပါတယ်။

ဒုံးကျည်နဲ့ ဒရုန်းတိုက်ခိုက်မှုတွေကို သတိပေးရာမှာ သုံးတဲ့ လေကြောင်းရန် အချက်ပေးစနစ် တချို့ပါ ကိယက်ဗ်စတားကွန်ရက် ပြတ်တောက်မှုကြောင့် အလုပ်မလုပ်ဘဲ ရပ်ဆိုင်းကုန်ပါတယ်။

ယူကရိန်းစစ်ဘက်ဆိုင်ရာ ကွန်ရက်တွေကတော့ သီးခြားထားရှိတာ ဖြစ်တဲ့အတွက် ထိခိုက်မှု မရှိခဲ့ပါဘူး။

ဒီတိုက်ခိုက်မှုကို Sandworm လို့ခေါ်တဲ့ ရုရှားဆိုက်ဘာတိုက်ခိုက်ရေးယူနစ်က လုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ ယူကရိန်းဘက်က ကောက်ချက်ချပါတယ်။

Source/Photo-Reuters

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013