DVB Logo
Home
မြန်မာသတင်း
၂၀၂၃ ခုနှစ် နောက်ဆုံးသုံးလ၌ ဆန်တင်ပို့မှု မြင့်တက်
DVB
·
January 4, 2024
၂၀၂၃ ခုနှစ် နောက်ဆုံးသုံးလ၌ ဆန်တင်ပို့မှု မြင့်တက်
Donate to DVB

အခုဘဏ္ဍာနှစ်ရဲ့ ‌ပြီးခဲ့တဲ့လတွေမှာ ပြည်ပကို ဆန်တင်ပို့မှု ဆက်တိုက်လျော့ကျခဲ့ပေမဲ့ အောက်တိုဘာလကစတင်ပြီး ဆန်တင်ပို့မှုဟာ တစတစ ပြန်မြင့်တက်လာပါတယ်။

အခုနှစ်မှာ ပြည်တွင်းဆန်ဈေးနှုန်း‌တွေ စံချိန်တင် မြင့်တက်နေတဲ့အတွက် ပြီးခဲ့တဲ့ စက်တင်ဘာအထိ တလကို ပျမ်းမျှ ဆန်တန်ချိန် ၁ သိန်းအောက်သာ တင်ပို့နိုင်ခဲ့ပေမဲ့ အောက်တိုဘာက စတင်ပြီး တလကို တန်ချိန် တသိန်းကျော်ကနေ နှစ်သိန်းအကြား တိုးတက် တင်ပို့လာနိုင်ခဲ့တာပါ။

မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်ရဲ့ ဆန်တင်ပို့မှု ကိန်းဂဏန်းတွေအရ အောက်တိုဘာမှာ တန်ချိန် ၁၁၇,၀၀၀ ကျော်၊ နိုဝင်ဘာမှာ တန်ချိန် ၁၇၅,၀၀၀ ကျော်ရှိပြီး ဒီဇင်ဘာမှာ တန်ချိန် ၂၀၀,၀၀၀ နီးပါးထိ တိုးတက်တင်ပို့လာနိုင်ခဲ့ပါတယ်။

လက်ရှိကာလမှာ ဆန်အဓိက တင်ပို့တဲ့နိုင်ငံတွေမှာ ဆန်စပါးထုတ်လုပ်မှုတွေ ကျဆင်း‌နေပြီး ကမ္ဘာ့ဈေးကွက်မှာလည်း ဆန်ဈေးနှုန်း‌ မြင့်တက်နေတာကြောင့် မြန်မာနိုင်ငံရဲ့ ပြည်ပဆန်တင်ပို့မှုတွေ ပြန်လည်မြင့်တက်လာခြင်းဖြစ်ကြောင်း ဆန်ကုန်သည်တဦးက သုံးသပ်ပါတယ်။

မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်ရဲ့‌ မျှော်မှန်းချက်ကတော့ အောက်တိုဘာကနေ ဒီဇင်ဘာအထိ ၃ လအတွင်း ပြည်ပကို တလ ပျမ်းမျှ ဆန်တန်ချိန် ၂ သိန်းကျော်ခန့်ထိ တင်ပို့နိုင်ဖို့ဖြစ်‌ပေမဲ့ လျာထားချက် မပြည့်မီခဲ့ပါဘူး။

အခုနှစ်အတွင်း တရုတ်၊ ဖိလစ်ပိုင်၊ အင်ဒိုနီးရှားနဲ့ ဘယ်လ်ဂျီယံနိုင်ငံတို့ကို အဓိကတင်ပို့ခဲ့ပြီး ဧပြီကနေ ဒီဇင်ဘာအထိ ဆန်နဲ့ ဆန်ကွဲတန်ချိန် ၉ သိန်းခွဲကျော် တင်ပို့မှုကနေ ပို့ကုန်ဝင်ငွေ အမေရိကန်ဒေါ်လာ ၄၆၂ သန်း ရရှိထားပါတယ်။ ဒီပမာဏက ပြီးခဲ့တဲ့နှစ် ကာလတူ တင်ပို့မှုနဲ့ နှိုင်းယှဉ်ရင် ထက်ဝက် လျော့ကျနေပါတယ်။

ဒေသတွင်း မတည်ငြိမ်မှုတွေနဲ့ ရာသီဥတုဖောက်ပြန်မှုတွေကြောင့် ပြည်တွင်းဆန်ထုတ်လုပ်မှု ကျဆင်း‌နေတာ၊ မြန်မာကျပ်ငွေတန်ဖိုး ကျဆင်းပြီး အမေရိကန်ဒေါ်လာဈေး မြင့်တက်လာသလို ပြည်ပကတင်သွင်းရတဲ့ စိုက်ပျိုးရေးသွင်းအားစုဈေးတွေ ကြီးမြင့်နေတာ၊ သယ်ယူပို့ဆောင်ရေးနဲ့ ထုတ်လုပ်မှုကုန်ကျစရိတ်တွေ တက်လာတာ စတဲ့အချက်တွေက ပြည်တွင်းမှာ ဆန်ဈေးနှုန်းကို ကြီးမြင့်လာစေခဲ့ပါတယ်။

ဒါ့အပြင့် အခုနှစ်အတွင်း စစ်ကောင်စီက ဆန်စပါးရောင်းဝယ်မှုနဲ့ ဈေးနှုန်းတွေအပေါ် ထိန်းချုပ်ကန့်သတ်ခဲ့ပြီး ပို့ကုန်ရငွေ သုံးစွဲမှုအပေါ်မှာလည်း မူဝါဒကန့်သတ်ချက်‌တွေ ချမှတ်လုပ်ဆောင်ခဲ့တာအပြင် ပြည်ပကို ဆန်တင်ပို့မှုအပေါ်မှာလည်း ကန့်သတ်ခွင့်ပြုတာတွေ လုပ်ဆောင်ခဲ့ပါတယ်။

အဲဒီအချက်တွေကလည်း ပြည်တွင်းဆန်စပါးဈေးကွက်ကို ကမောက်ကမ ဖြစ်စေခဲ့ပြီး ပြည်ပဆန်တင်ပို့မှုကို လျော့ကျသွားစေခဲ့တာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013