DVB Logo
Home
မြန်မာသတင်း
အောက်တိုဘာမှစ၍ လစဉ် ဆန်တင်ပို့မှု တန်ချိန် ၃ သိန်းအထိ တိုးမြှင့်ရန် ဆန်အသင်းချုပ် မျှော်မှန်း
DVB
·
September 19, 2025
အောက်တိုဘာမှစ၍ လစဉ် ဆန်တင်ပို့မှု တန်ချိန် ၃ သိန်းအထိ တိုးမြှင့်ရန် ဆန်အသင်းချုပ် မျှော်မှန်း
Donate to DVB

မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်က ဆန်တင်ပို့မှုကို လာမယ့်အောက်တိုဘာလကစပြီး လစဉ် တန်ချိန် ၃ သိန်းအထိ တိုးမြှင့်တင်ပို့နိုင်ဖို့ ကြိုးပမ်းသွားမယ်လို့  အသိပေးကြေညာထားပါတယ်။

၂၀၂၅–၂၀၂၆ ဘဏ္ဍာနှစ် ဧပြီလကနေ စက်တင်ဘာလအထိ တလကို ဆန်တန်ချိန် ၂ သိန်း ပုံမှန်တင်ပို့ခဲ့ပြီး၊ အောက်တိုဘာလကနေ ၂၀၂၆ ခုနှစ် မတ်လအထိ တလကို တန်ချိန် ၃ သိန်းစီ တင်ပို့နိုင်ရေး ကြိုးပမ်းဆောင်ရွက်နေတယ်လို့ အသင်းချုပ်က ဆိုပါတယ်။

အသင်းဝင် ပို့ကုန်တင်ပို့တဲ့ ကုမ္ပဏီတွေကိုလည်း စပါးဈေးကျဆင်းနေချိန် တောင်သူဆီက စပါး/ဆန် ဝယ်ယူမှုတွေကို အင်တိုက်အားတိုက်ဆောင်ရွက်ဖို့ တိုက်တွန်းထားပါပြီး စပါးဝယ်ယူရာမှာ ငွေကြေး သို့မဟုတ် လုပ်ငန်းအခက်အခဲတွေရှိပါက အချိန်မီ အသင်းချုပ်ကို ချိတ်ဆက်တင်ပြဖို့လည်း ညွှန်ကြားထားပါတယ်။

ဒါ့အပြင် ဝယ်ယူမှုအခြေအနေတွေကို အပတ်စဉ် မှတ်တမ်းပြုစုတင်ပြပေးဖို့လည်း တိုက်တွန်းထားတာ တွေ့ရပါတယ်။

လက်ရှိမှာ မိုးရာသီ ကောက်စော စပါးအနည်းငယ် စတင်ထွက်ပေါ်နေပြီး ဒေသတချို့မှာ စပါး/ ဆန် ဝယ်လိုအားကျဆင်းနေလို့ ဈေးနှုန်းတွေ ကျဆင်းကာ တောင်သူတွေ စိတ်ရိမ်ပူပန်နေရကြောင်းနဲ့ ဝင်ငွေထိခိုက်နိုင်ကြောင်း သုံးသပ်တင်ပြချက်တွေ ပေါ်ထွက်နေတယ်လို့လည်း အသင်းချုပ်ကနေ သိရပါတယ်။

မြန်မာနိုင်ငံဟာ ပြီးခဲ့တဲ့ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်တခုလုံးမှာ ဆန်နဲ့ ဆန်ကွဲတန်ချိန် ၂ ဒသမ ၄၈ သန်းကျော် တင်ပို့မှုကနေ ပို့ကုန်ဝင်ငွေအဖြစ် အမေရိကန်ဒေါ်လာ ၁ ဒသမ ၁၂၉ ဘီလီယံ ရရှိခဲ့ပါတယ်။

အခုဘဏ္ဍာနှစ်မှာတော့ဆန်နဲ့ဆန်ကွဲ တန်ချိန် ၃ သန်းထိ တင်ပို့ဖို့ လျာထားပြီးလက်ရှိ ၅ လအတွင်းမှာ တန်ချိန် ၁ သန်းကျော်၊ ရာခိုင်နှုန်းအနေနဲ့ ၃၅ ရာခိုင်နှုန်း‌ကို တင်ပို့ထားပြီးဖြစ်ပါတယ်။

ပြီးခဲ့တဲ့ နှစ်ကာလတူထက် တန်ချိန် ၃ သိန်း ကျော် တိုးတတ် တင်ပို့ထားနိုင်ပေမဲ့ ဝင်ငွေပိုင်းမှာတော့ မနှစ်က ကာလတူထက်ဒေါ်လာ ၂ သန်းသာပိုမိုရရှိထားတာ တွေ့ရပါတယ်။

လက်ရှိမှာ နိုင်ငံတကာ ဆန်စပါးဈေးကွက်ကျဆင်းနေသလို ပြည်တွင်း ဆန်စပါး ဈေးကွက်လည်း ကျဆင်းနေတဲ့အတွက် မိုးစပါးပေါ်ချိန် တောင်သူတွေဆီက သင့်တင့်မျှတတဲ့ ဈေးနဲ့ဝယ်ယူပေးဖို့ လည်းမြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်က ဧရာဝတီတိုင်းက အသင်းဝင် ပို့ကုန်တင်ပို့တဲ့ ကုမ္ပဏီတွေကို တိုက်တွန်းထားပါတယ်။ 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013