
ပြီးခဲ့တဲ့ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်အတွင်းမှာ မြန်မာ့ဆန်၊ ဆန်ကွဲ ပြည်ပတင်ပို့မှု ပမာဏဟာ အရင်နှစ်ထက် တန်ချိန် ၂ သိန်းခွဲကျော် ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။
ဒါပေမဲ့ ရရှိတဲ့ ပို့ကုန်ဝင်ငွေဟာ ဒေါ်လာသန်း ၂၆၀ နီးပါး လျော့ကျသွားသလို တဖက်မှာလည်း ပြည်တွင်းဆန်ဈေးနှုန်းတွေဟာ အခြေခံလူတန်းစားတွေ မဝယ်နိုင်လောက်အောင် စံချိန်တင် မြင့်တက်နေပါတယ်။
မြန်မာနိုင်ငံဟာ ပြီးခဲ့တဲ့ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်အတွင်းမှာ ပြည်ပကို ဆန်နဲ့ ဆန်ကွဲ တန်ချိန်စုစုပေါင်း ၂ ဒသမ ၇၄ သန်း တင်ပို့နိုင်ခဲ့ပြီး အဲဒီတင်ပို့မှုကနေ နိုင်ငံခြားဝင်ငွေ အမေရိကန်ဒေါ်လာ ၈၆၁ သန်း ရရှိခဲ့တယ်လို့ မြန်မာနိုင်ငံ ဆန်စပါးအဖွဲ့ချုပ် (MRF) ရဲ့ စာရင်းတွေအရ သိရပါတယ်။
အရင်ဘဏ္ဍာနှစ် ၂၀၂၄-၂၀၂၅ နဲ့ နှိုင်းယှဉ်ကြည့်မယ်ဆိုရင် ဆန်တန်ချိန် ၂ သိန်းခွဲကျော် ပိုမိုတင်ပို့နိုင်ခဲ့တာပါ။
ဒါပေမဲ့ ရရှိတဲ့ ပို့ကုန်ဝင်ငွေမှာတော့ အရင်ဘဏ္ဍာနှစ်က အမေရိကန်ဒေါ်လာ ၁ ဒသမ ၁၂ ဘီလီယံ ရရှိခဲ့ရာကနေ အခုနှစ်မှာ အမေရိကန်ဒေါ်လာ ၈၆၁ သန်းပဲ ရှိတော့တာကြောင့် ဒေါ်လာသန်းပေါင်း ၂၅၉ သန်းခန့် လျော့ကျသွားခဲ့ပါတယ်။
လက်ရှိမှာတော့ မြန်မာ့ဆန်ကို ပုဂ္ဂလိကကုမ္ပဏီပေါင်း ၅၀ ကျော်ကနေ တရုတ်၊ ဘယ်လ်ဂျီယံ၊ ဖိလစ်ပိုင်၊ စပိန်နဲ့ ပိုလန် အပါအဝင် နိုင်ငံပေါင်း ၃၀ ကျော်ကို တင်ပို့ရောင်းချနေတာပါ။
အသင်းချုပ်အနေနဲ့ အဆိုပါ ဘဏ္ဍာနှစ်အတွင်း ဆန်တန်ချိန် ၃ သန်း တင်ပို့ဖို့ လျာထားခဲ့ပေမဲ့ အမှန်တကယ်မှာတော့ ၂ ဒသမ ၇၄ သန်းပဲ တင်ပို့နိုင်ခဲ့တာ ဖြစ်ပါတယ်။
၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် (၂၀၂၄ ခုနှစ် ဧပြီလမှ ၂၀၂၅ ခုနှစ် မတ်လအထိ) အတွင်းက ပြည်ပကို ဆန်နဲ့ ဆန်ကွဲ တန်ချိန် ၂ ဒသမ ၄၈ သန်း တင်ပို့နိုင်ခဲ့ပြီး အဲဒီတင်ပို့မှုကနေ အမေရိကန်ဒေါ်လာ ၁ ဒသမ ၁၂ ဘီလီယံကျော် ဝင်ငွေရရှိခဲ့ပါတယ်။
ပြည်ပကို ဆန်တင်ပို့မှု ပမာဏ တိုးတက်နေသလို တဖက်မှာတော့ ပြည်တွင်းဆန်ဈေးနှုန်းတွေဟာ စံချိန်တင် မြင့်တက်နေပါတယ်။
အခြေခံပြည်သူတွေ အဓိကစားသုံးတဲ့ ဆန်ကြမ်းဈေးတွေဟာလည်း တရိပ်ရိပ် တက်နေတာကြောင့် နေ့စားအလုပ်သမားတွေနဲ့ အခြေခံလူတန်းစားတွေအတွက် ဝယ်ယူစားသောက်ဖို့ ကြီးမားတဲ့ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရပါတယ်။










