DVB Logo
Home
မြန်မာသတင်း
ပလက်ဝတွင် စစ်တပ်လက်နက်ကြီးကြောင့် ပြည်သူ ၂ ဦးသေ၊ ၂ ဦးဒဏ်ရာရ
DVB
·
January 4, 2024
ပလက်ဝတွင် စစ်တပ်လက်နက်ကြီးကြောင့် ပြည်သူ ၂ ဦးသေ၊ ၂ ဦးဒဏ်ရာရ
Donate to DVB

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်မှာ ဇန်နဝါရီ ၃ ရက်က စစ်ကောင်စီတပ် ပစ်ခတ်တဲ့ လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် အသက်မပြည့်သေးတဲ့ ကလေး ၁ ဦး အပါအဝင် အရပ်သား ၂ ဦးသေဆုံးပြီး ၂ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ မြို့ခံတွေက ပြောပါတယ်။

ပလက်ဝအခြေစိုက် ခလရ ၂၈၉ တပ်ရင်းကို ဇန်နဝါရီ ၃ ရက်မှာ ရက္ခိုင့်တပ်တော်(အေအေ) က တိုက်ခိုက်ခဲ့ပြီးနောက် စစ်ကောင်စီက ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည်တွေ ပလက်ဝမြို့ အိန္ဒိယဆိပ်ကမ်းနဲ့ ရိက္ခာရပ်ကွက်တွေမှာ ကျရောက်ပေါက်ကွဲခဲ့ပြီး ၂ ဦး သေဆုံးကာ ၂ ဦး ဒဏ်ရာရရှိခဲ့တာလို့ ပလက်ဝမြို့ခံတဦးက ပြောပါတယ်။

“မနေ့က ခလရ ၂၈၉ တပ်ရင်းကို အေအေက တိုက်ခိုက်ခဲ့တာရှိတယ်။ အဲဒီနောက် စစ်ကောင်စီက လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တာတွေ ရှိတယ်။ အဲဒီမှာ အိန္ဒိယဆိပ်ကမ်းမှာ တလုံးကျပြီးတော့ ရိက္ခာရပ်ကွက်မှာ တလုံးကျတယ်။ အိန္ဒိယဆိပ်ကမ်းက ကားသမားတဦး သေသွားတယ်။ ရိက္ခာရပ်ကွက်မှာလည်း ၁၅ နှစ်အရွယ် ကျောင်းသားတဦး သေဆုံးပြီးတော့ သူရဲ့ မိဘနှစ်ဦးလည်း ဒဏ်ရာတွေရသွားတယ်။”

သေဆုံးသွားတဲ့ ကားသမားမှာ ကိုဝေလွင် ဖြစ်ပြီး ကျန် ၃ ဦးရဲ့ နာမည်တွေကို စုံစမ်းနေဆဲ ဖြစ်ပါတယ်။

ပလက်ဝမြို့အခြေစိုက် စစ်ကောင်စီတပ်ရင်းကို ရက္ခိုင့်တပ်တော်က တိုက်ခိုက်နေတာကြောင့် ပလက်ဝမြို့က ဒေသခံ ၁ သောင်းနီးပါး ဘေးလွတ်ရာကို ထွက်ပြေးနေကြရတယ်လို့ နောက်ထပ်မြို့ခံတဦးက ပြောပါတယ်။

“မြို့အခြေစိုက် ၂၈၉ တပ်ရင်းကို အေအေဘက်က တိုက်ခိုက်လာတော့ စစ်ကောင်စီဘက်က မြို့ကို ပစ်မှတ်ထားပြီး တိုက်ခိုက်တာတွေရှိတယ်။ အဲဒါကြောင့် မြို့တွင်းမှာ အရပ်သားတွေ ထိခိုက်မှုတွေ တိုးလာတာကြောင့် မြို့ခံသောင်းနဲ့ချီပြီး ဘေးလွတ်ရာကို ထွက်ပြေးနေကြရတယ်။”

ပလက်ဝမြို့နယ်အတွင်းမှာရှိတဲ့ စစ်ကောင်စီရဲ့ တပ်စခန်းတွေဖြစ်တဲ့ ခလရ-၂၃၃၊ ခမရ-၃၇၄၊ ခမရ-၃၇၆၊ ခမရ-၃၀၈၊ ခမရ-၂၁၁၊ ခမရ-၂၁၇၊ ခလရ-၂၈၉၊ ခမရ-၂၂၀ တို့ကိုလည်း ဇန်နဝါရီ ၁ ရက်ကစတင်ကာ ထိုးစစ်ဆင် တိုက်ခိုက်နေတယ်လို့ ညီနောင်မဟာမိတ် ၃ ဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ပလက်ဝမြို့ စိုက်ပျိုးရေးရုံးအတွင်းမှာ စစ်ကောင်စီက တပ်စွဲဖို့ ပြင်ဆင်မှုတွေရှိတယ်လို့ မြို့ခံတွေကြား သတင်းတွေ ထွက်ပေါ်နေပါတယ်။

ပလက်ဝမြို့နယ်မှာ စစ်ကောင်စီရဲ့ ဗျူဟာကုန်း ၃ ခု အပါအဝင် တပ်စခန်း ၂၁ ခုကို အေအေက သိမ်းပိုက်ရရှိထားပါတယ်။

ဇန်နဝါရီ ၃ ရက်ကလည်း ပလက်ဝမြို့နယ်ရှိ စစ်ကောင်စီရဲ့ ချင်းလက်ဝတပ်စခန်းကို ရက္ခိုင့်တပ်တော်က သိမ်းပိုက်ရရှိခဲ့ပါတယ်။

ပလက်ဝမြို့နယ်မှာ စစ်ကောင်စီက လေကြောင်းပစ်ခတ်မှုနဲ့ လက်နက်ကြီး ပစ်ခတ်မှုတွေကြောင့် အရပ်သားသေဆုံးသူ ၆ ဦးနဲ့ ထိခိုက်ဒဏ်ရာရရှိသူ ၁၆ ဦးအထိ ရှိလာနေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013