DVB Logo
Home
မြန်မာသတင်း
၂၀၂၄ ခုနှစ်တွင် စစ်ဆင်ရေးအရှိန်မြှင့်မည်ဟု  မွန်တော်လှန်ရေးအင်အားစုများပြော
DVB
·
January 4, 2024
၂၀၂၄ ခုနှစ်တွင် စစ်ဆင်ရေးအရှိန်မြှင့်မည်ဟု  မွန်တော်လှန်ရေးအင်အားစုများပြော
Donate to DVB

၂၀၂၄ ခုနှစ်မှာ စစ်ဆင်ရေးအရှိန်မြှင့်တင်သွားမှာဖြစ်သလို မြို့သိမ်းစခန်းသိမ်းတိုက်ပွဲတွေအထိ ဖော်ဆောင်သွားဖို့ ရည်ရွယ်ထားတယ်လို့ မွန်တော်လှန်ရေးအင်အားစုပူးပေါင်းအဖွဲ့တွေက ပြောပါတယ်။ 

ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်အတွင်း တော်လှန်ရေးမဟာမိတ်ပူးပေါင်းတပ်ဖွဲ့တို့ဟာ ဟန်ချက်ညီညီ ပူးပေါင်းတိုက်ခိုက်မှု အကြိမ်ကြိမ် လုပ်ဆောင်နိုင်ခဲ့ပြီး ၂၀၂၄ ခုနှစ်မှာ စစ်ဆင်ရေးအရှိန်မြှင့်တင်သွားမယ်လို့ မွန်တော်လှန်အင်အားစု ပူးပေါင်းအဖွဲ့တွေက ကြေညာထားပါတယ်။

နှစ်သစ်အကြိုစစ်ဆင်ရေးအဖြစ် ဒီဇင်ဘာ ၃၁ ရက်ကလည်း မွန်ပြည်နယ် ရေးမြို့နယ်အခြေစိုက် စစ်ကောင်စီ ခမရ(၅၉၁) နဲ့ ခမရ(၅၈၃) တပ်ရင်းတို့ကို လက်နက်ကြီးအပြင် ဒရုန်းစစ်ဆင်ရေးတွေပါ ထိုးစစ်ဆင်တိုက်ခိုက်ထားပါတယ်။

မွန်ပြည်တော်လှန်ရေးတပ် MSRF ပြောခွင့်ရ နိုင်နဂါးကတော့ ၂၀၂၄ ခုနှစ်မှာ မွန်ပြည်နယ်အတွင်း မဟာမိတ်တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ ဟန်ချက်ညီ တိုက်ခိုက်မှုတွေကို ၂၀၂၃ ခုနှစ်ထက် ၂ ဆ ၊ ၃ ဆလောက် စစ်ရေးအရှိန်မြှင့်သွားတယ်လို့ ဒီဗွီဘီကို ပြောပါတယ်။

မွန်တော်လှန်ရေးမဟာမိတ်ပူးပေါင်းတပ်ဖွဲ့တွေဟာ စစ်အာဏာရှင်ကျဆုံးရေးနဲ့ အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ပေါ်ပေါက်သွားတဲ့အထိ တိုက်ပွဲဝင်သွားဖို့ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂ ရက်နေ့မှာ သစ္စာရေသောက် ကတိပြုထားကြတာပါ။

အဲဒီထဲမှာတော့ မွန်ပြည်တော်လှန်ရေးတပ်  MSRF ၊ ဒေါနစစ်ကြောင်း၊ ရေးပြောက်ကျားတပ် - YGF၊ ABSDF တပ်ရင်း (၁) နဲ့ မွန်ပြည်တော်လှန်ရေးအဖွဲ့အစည်း MSRO ၊ Ye Air Force (YAF)နဲ့ မဟာမိတ်ပူးပေါင်းတပ်ဖွဲ့တွေ ပါဝင်ပါတယ်။

မွန်ပြည်တော်လှန်ရေးအဖွဲ့အစည်း MSRO တာဝန်ခံ ကိုဒီဃာကလည်း ၂၀၂၄ ခုနှစ် စစ်ဆင်ရေးတွေအတွက် ကြိုတင်ပြင်ဆင်မှုတွေ လုပ်ဆောင်ထားပြီး မြို့သိမ်းစခန်းသိမ်းတွေ ဆင်နွှဲသွားမယ်လို့ ပြောပါတယ်။

တော်လှန်ရေးမဟာမိတ်ပူးပေါင်းတပ်ဖွဲ့တွေကို ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၃ ရက်နေ့မှာ အမျိုးသားညီညွတ်ရေးအစိုးရ NUG ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး နိုင်ကောင်းရွက်က ပထမဆုံးအကြိမ် လာရောက်တွေ့ဆုံထားသလို စစ်ရေးဆိုင်ရာ ကိစ္စရပ်တွေ အဓိက ဆွေးနွေးခဲ့ကြတယ်လို့ ကြေညာချက်အသီးသီး ထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီဟာ လက်ရှိမှာတော့ ညီနောင်မဟာမိတ်သုံးဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေးနဲ့အတူ တော်လှန်ရေးအင်အားစုပူးပေါင်းအဖွဲ့တွေရဲ့ ထိုးစစ်ဆင်တိုက်ခိုက်မှုတွေကြောင့် မြို့ပေါင်း ၂၀ နီးပါး၊ တပ်စခန်းအကြီးအငယ် ရာနဲ့ချီ လက်လွှတ်ဆုံးရှုံးထားရတာပါ။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG)နဲ့ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC) တို့ကတော့ ၂၀၂၄ ခုနှစ်ဟာ မြန်မာပြည်သူတွေအားလုံးအတွက် အပြီးသတ်အောင်ပွဲခံမယ့် နှစ်ဖြစ်စေဖို့ အစွမ်းကုန်ကြိုးပမ်းသွားမယ်လို့ ဇန်နဝါရီ ၁ ရက်နေ့မှာ ပူးတွဲကြေညာချက် ထုတ်ပြန်ထားပါတယ်။ 

ဟန်န

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013