DVB Logo
Home
မြန်မာသတင်း
သူ့ကျွန်ဘဝက လွတ်မြောက်ခဲ့သော်လည်း စစ်ကျွန်ဘဝကြုံတွေ့နေရ၊ လွတ်မြောက်ရေးတိုက်ပွဲ ဆက်လက် ဆင်နွှဲမည်  
DVB
·
January 4, 2024
သူ့ကျွန်ဘဝက လွတ်မြောက်ခဲ့သော်လည်း စစ်ကျွန်ဘဝကြုံတွေ့နေရ၊ လွတ်မြောက်ရေးတိုက်ပွဲ ဆက်လက် ဆင်နွှဲမည်  
Donate to DVB

မြန်မာနိုင်ငံက တိုင်းရင်းသားပြည်သူလူထုတရပ်လုံးဟာ သူ့ကျွန်ဘဝကနေ လွတ်မြောက်ခဲ့ ကြပေမဲ့ စစ်ကျွန်ဘဝကို ထပ်မံရင်ဆိုင် ကြုံတွေ့ခဲ့ကြရတယ်လို့  အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က‌ပြောပါတယ်။

ဇန်နဝါရီ ၄  ရက်မှာကျရောက်တဲ့  (၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့အခမ်းအနားသို့  ပေးပို့တဲ့ သဝဏ်လွှာမှာ အမျိုးသားညီညွတ်ရေးအစိုးရက ပြောကြားထားတာပါ။  

တိုင်းရင်းသားပြည်သူလူထုတရပ်လုံးဟာ တိုင်းတစ်ပါးသားတို့ရဲ့ ကျူးကျော်မှုကို တော် လှန်တိုက်ပွဲဝင်ကာ သူ့ကျွန်ဘဝကနေ လွတ်မြောက်ခဲ့ကြပေမဲ့ လွတ်လပ်ရေးရပြီးနောက် ခေတ် အဆက်ဆက်မှာ တိုင်းပြည်အာဏာကို လိုချင်တပ်မက်စိတ်နဲ့ မတရားရယူ ပိုင်ဆိုင်လိုကြတဲ့ စစ်ခေါင်းဆောင်တွေရဲ့ လက်နက်အားကိုး အနိုင့်အထက်ပြုကျင့်မှု၊ အခြေခံလူ့အခွင့်အရေး ချိုးဖောက်ပိတ်ပင်မှုတွေ ကာလရှည်ကြာစွာ တွေ့ကြုံခံစားကြရပြီး စစ်ကျွန်ဘဝကို ထပ်မံရင်ဆိုင် ကြုံတွေ့ခဲ့ကြရတယ်လို့ဆိုပါတယ်။

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်မှာလည်း မင်းအောင်လှိုင် ခေါင်းဆောင်တဲ့ ကြမ်းဖက်စစ်အုပ်စုက တိုင်းပြည်အာဏာကို မတရားလုယူဖို့ ထပ်မံကြိုးပမ်းပြီး ခေတ်အဆက်ဆက် စစ်အာဏာရှင်တွေ ထက် ပိုမိုဆိုးဝါးပြင်းထန်တဲ့ စစ်ရာဇဝတ်မှု၊ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ကျူးလွန်လာခဲ့ရာ တိုင်းရင်းသားပြည်သူလူထုတရပ်လုံးက ပြည်သူ့နွေဦးတော်လှန်ရေးကို ဆင်နွှဲကာ ရရာလက်နက် စွဲကိုင်တော်လှန်ကြရတဲ့ အခြေအနေအထိ ဆိုက်ရောက်လာခဲ့တယ်လို့ NUG ကပြောပါတယ်။

လက်ရှိ အချိန်ဟာ တိုင်းရင်းသားပြည်သူလူထုတရပ်လုံး စည်းလုံးညီညွတ်မှုအားနဲ့ မြန်မာပြည် ခေတ်အဆက်ဆက် ပေါ်ထွန်းခဲ့တဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေး၊ ဒီမိုကရေစီအရေးလှုပ်ရှားမှုတွေ အားလုံးရဲ့ အခြေခံကောင်းတွေ စုစည်းပေါင်းစုံပြီး အာဏာရှင်စနစ်အမြစ်ဖြတ်နိုင်ရေးနဲ့ ဖက်ဒရယ် ဒီမိုကရေစီနိုင်ငံတော်သစ် ထူထောင်နိုင်ရေးအတွက် အလားအလာကောင်းတွေ ရရှိပိုင်ဆိုင်နေသော အချိန်အခါကောင်းလည်းဖြစ်တယ်လို့ဆိုပါတယ်။

ဒါကြောင့် တော်လှန်ရေးအင်အားစုတွေ တိုင်းရင်းသားတော်လှန်ရေးအင်အားစုတွေ၊ မျိုးဆက်သစ် တော်လှန်ရေးခေါင်းဆောင်တွေအားလုံးအနေနဲ့ ပြည်သူ့အားကိုယူကာ အချိန်အခါကောင်းကို အမိအရကိုင်စွဲရယူပြီး အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီ  ပြည်ထောင်စုဆီ ရောက်သည်အထိ တွဲလက်မဖြုတ်စတမ်း ဆက်လက်လုပ်ဆောင်ကြဖို့ အမျိုးသားညီညွတ်ရေးအစိုးရက တိုက်တွန်းထားပါတယ်။

၁၉၄၈ ခုနှစ် ဇန်နဝါရီ ၄ ရက်နေ့မှာ ရရှိခဲ့တဲ့ မြန်မာပြည် လွတ်လပ်ရေးဟာ ဒီနေ့ဆိုရင် ၇၆ နှစ်ပြည့်ခဲ့ပြီဖြစ်ပေမဲ့ စစ်အာဏာရှင်စနစ်အောက်က လွတ်မြောက်ရေးတိုက်ပွဲကို နွေဦးတော်လှန်ရေးနဲ့အတူ ဆက်လက်ဆင်နွှဲရမယ်လို့ တော်လှန်ရေး အင်အားစုတွေကလည်း  ပြောပါတယ်။

သမိုင်းကို ပြန်ကြည့်မယ်ဆိုရင်လည်း စစ်အာဏာသိမ်းမှုအကြိမ်ကြိမ်နဲ့ စစ်အာဏာရှင်တွေကသာ တိုင်းပြည်ကို ကြီးစိုးခဲ့တာကြောင့်  မြန်မာနိုင်ငံဟာ လွတ်လပ်ရေးရခဲ့ပေမဲ့ လွတ်မြောက်မှုရဲ့ အရသာကို အမှန်တကယ်မခံစားရသေးဘူးလို့ ဆိုကြပါတယ်။

ဗြိတိသျှတွေထံကပြန်လည်ရရှိခဲ့တဲ့ လွတ်လပ်ရေးဟာ တိုင်းပြည်လွတ်လပ်ရေးဖြစ်ခဲ့ပေမဲ့ လူမျိုးအားဖြင့်တော့ မလွတ်မြောက်ခဲ့ဘူးလို့ ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီ ဥက္ကဋ္ဌက ပြောပါတယ်။

ဒါကြောင့် စစ်အာဏာရှင်တွေကို ခေတ်အဆက်ဆက် လူထုအားဖြင့် တွန်းလှန်ခဲ့ကြတာ အခု နွေဦးတော်လှန်ရေးအထိ ရောက်ရှိလာခဲ့ပြီဖြစ်ပြီး ဒါဟာ ဒုတိယမြောက် လွတ်လပ်ရေးတိုက်ပွဲလို့လည်း ဆိုပါတယ်။

လက်ရှိမှာတော့ စစ်အာဏာရှင်အောက်က လွတ်မြောက်ဖို့အတွက် ခေတ်အဆက်ဆက်ရှိခဲ့တဲ့ တော်လှန်ရေးတွေ၊ လူထုတိုက်ပွဲတွေထက် ပိုပြီးအားကောင်းတဲ့အခြေအနေနဲ့ လူထုတရပ်လုံးက ခုခံတွန်းလှန်နေကြတာဖြစ်ပါတယ်။

မြန်မာပြည်တွင်းဖြစ်နေတဲ့ ပြဿနာအရင်းခံဟာ စစ်အာဏာရှင်စနစ်နဲ့ တိုင်းရင်းသား တန်းတူရေးဖြစ်ပြီး အခု နွေဦးတော်လှန်ရေးမှာတော့ ဒီပြဿနာတွေကို ကျော်လွှားပြီး အားလုံး လိုချင်နေတဲ့ ဖက်ဒရယ်ပြည်ထောင်စု အသစ်တစ်ခုကို ဖော်ဆောင်သွားနိုင်လိမ့်မယ်လို့လည်း သပိတ်ခေါင်းဆောင်တဦးဖြစ်တဲ့  ဒေါက်တာ တေဇာဆန်းက ပြောပါတယ်။

မြန်မာပြည်ရဲ့ ပြည်တွင်းစစ်ဟာလည်း လွတ်လပ်ရေးရအပြီး လပိုင်းအတွင်းမှာပဲ စတင်ခဲ့ တာကြောင့် အခုဆိုရင် ၇၆ နှစ်နီးပါးရှိနေပြီဖြစ်ပြီး ကမ္ဘာ့အရှည်ကြာဆုံး ပြည်တွင်းစစ်လည်း ဖြစ်ပါတယ်။

လက်ရှိမှာတော့ ပိုမိုအားကောင်းလာနေတဲ့ နွေဦးတော်လှန်ရေးအရှိန်အဟုန်ဟာ စစ်အာဏာရှင်တွေအတွက်တော့ အကျပ်အတည်းဆိုက်စေတဲ့ အခြေအနေဖြစ်တယ်လို့ သုံးသပ်နေကြပါတယ်။

ဒီတော်လှန်ရေးကနေ  စစ်ကျွန်ဘဝကလွတ်မြောက်ပြီး  စစ်မှန်တဲ့ လွတ်လပ်ရေးနဲ့အတူ တိုင်းရင်းသားပြည်သူတွေအားလုံး လိုလားတောင့်တနေတဲ့ စစ်မှန်တဲ့ဖက်ဒရယ် ပြည်ထောင်စု ပေါ်ပေါက်လာဖို့လည်း တော်လှန်ရေးအင်အားစုတွေက ရည်မှန်း ကြိုးပမ်းနေကြပါတယ်။ 

ထက်အောင်

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013