DVB Logo
Home
မြန်မာသတင်း
မင်းပြားတွင် စစ်တပ်မိုင်းဆွဲခံရပြီး ၅ ဦး သေဆုံး၊ စစ်တွေဒေသခံ ၆၀ ကျော် ဖမ်းဆီးခံရ
DVB
·
January 4, 2024
မင်းပြားတွင် စစ်တပ်မိုင်းဆွဲခံရပြီး ၅ ဦး သေဆုံး၊ စစ်တွေဒေသခံ ၆၀ ကျော် ဖမ်းဆီးခံရ
Donate to DVB

ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်မှာ ဇန်နဝါရီ ၄ ရက် မနက်ပိုင်းက စစ်ကောင်စီတပ်သားတွေ မိုင်းဆွဲတိုက်ခိုက်ခံရပြီး ၅ ယောက်ထက်မနည်း သေဆုံးကာ အများအပြား ဒဏ်ရာရရှိခဲ့တယ်လို့ အေအေနဲ့ နီးစပ်သူတွေဆီကနေ သိရပါတယ်။

မင်းပြားမြို့နယ်၊ ငစရိုင်းချောင်းတောင်တန်ဘက်က ဆင်းလာတဲ့ စစ်ကောင်စီရဲ့ ခြေလျင်စစ်ကြောင်းတခုကို ဇန်နဝါရီ ၄ ရက် မနက် ၁၀ နာရီခွဲလောက်မှာ ရက္ခိုင့်တပ်တော် (အေအေ) က မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ အေအေနဲ့ နီးစပ်သူတယောက်က ဒီဗွီဘီကို ပြောပါတယ်။

အဲဒီတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သား ၅ ယောက်ထက်မနည်း သေဆုံးခဲ့ပြီး အများအပြား ဒဏ်ရာရရှိသွားကြတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီတပ်ဘက်က အထိနာသွားတာကြောင့် မင်းပြားမြို့ ရာမောင်တံတားနားက စစ်ကောင်စီရဲ့ စခန်းကုန်းကနေ ငစရိုင်းကျွန်းက မင်းရွာနားကို လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်ခဲ့ကြတယ်လို့ ပြောပါတယ်။

မင်းပြားမြို့မှာ ဇန်နဝါရီ ၂ ရက် မနက်ပိုင်းကလည်း စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့လို့ စာသင်ကျောင်း၊ ဘုန်းကြီးကျောင်းတွေ အပါအဝင် နေအိမ်အဆောက်အဦ ၁၀ လုံးလောက် ပျက်စီးခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

အဲဒီတိုက်ခိုက်မှုအတွင်းမှာ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးတဲ့ အခြေအနေကို ဒီဗွီဘီက သီးခြားအတည်မပြုနိုင်သေးသလို စစ်ကောင်စီဘက်ကလည်း သတင်းထုတ်ပြန်ထားတာ မတွေ့ရသေးပါဘူး။

ရခိုင်ပြည်နယ်၊ စစ်တွေမြို့မှာ ဇန်နဝါရီ ၄ ရက် မနက်က ပြည်သူ ၆၀ ကျော်ကို စစ်ကောင်စီတပ်က ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

စစ်တွေမြို့ ရွှေပြားစျေးနားမှာ ဇန်နဝါရီ ၄ ရက် မနက် ၃ နာရီခွဲလောက်မှာ စျေးရောင်း၊ စျေးဝယ်နဲ့ အလုပ်သမားတွေ အပါအဝင် ပြည်သူ ၆၀ ကျော်ကို စစ်ကောင်စီတပ်က အင်အားအလုံးအရင်းနဲ့ ဖမ်းဆီးသွားကြတယ်လို့ စစ်တွေမြို့ ဒေသခံတယောက်က ဒီဗွီဘီကို ပြောပါတယ်။

“အဲဒီ စစ်ကောင်စီတပ်သားတွေဟာ ဒေသခံပြည်သူတွေကို ကားနဲ့လိုက်တိုက်ပြီး ဖမ်းဆီးကြတာပါဗျ။ ကားနဲ့လိုက်တိုက်တာကြောင့် သေဆုံးသူတော့ မရှိပါဘူး။ စျေးဝယ်တဲ့သူတွေကိုပါ အားလုံးဖမ်းဆီးပြီး ကားပေါ်တင်ပြီး အမှတ် ၁ ရဲစခန်းဘက်ကို ခေါ်သွားကြတယ်။ စစ်ကောင်စီဘက်ကတော့ အပြစ်မဲ့ပြည်သူတွေကို အကြောင်းအမျိုးမျိုး ပြပြီး ဖမ်းဆီးနေကြတာပါ။ လက်ကိုင်ဖုန်းတွေကို စစ်ဆေးလို့ အေအေနဲ့ပတ်သက်တဲ့ပုံတွေ၊ အထောက်ထားတွေတွေ့ရင် ULA/AA လို့ စွပ်စွဲပြီး အမှုဖွင့်တာတွေရှိတယ်။ ဘာအထောက်ထားမှ ရှာမတွေ့ရင်တော့ ဒေသန္တရဥပဒေကို အကြောင်းပြပြီး အမှုဖွင့် အရေးယူတာတွေ ရှိတယ်။”

စစ်တွေမြို့မှာ ဇန်နဝါရီ ၁ ရက် မနက်ပိုင်းကလည်း ဒေသခံပြည်သူ ၁၂ ယောက်ကို စစ်ကောင်စီတပ်က ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

ရခိုင်ပြည်နယ်အတွင်းမှာ ရက္ခိုင့်တပ်တော် (အေအေ) နဲ့ စစ်ကောင်စီတပ်တို့ တကျော့ပြန် တိုက်ပွဲတွေ ပြန်လည်ဖြစ်ပွားပြီးနောက် စစ်ကောင်စီဘက်က ဒေသခံပြည်သူ ၃၀၀ ကျော်လောက်ကို အေအေနဲ့ဆက်စပ်တယ်လို့ သံသယမှုအပြင် ဒေသန္တရဥပဒေတွေနဲ့ပါ ဖမ်းဆီးခဲ့ကြတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013