
၂၀၂၃ ခုနှစ်အတွင်း ဆံတော်ရှင် ကျိုက်ထီးရိုးစေတီတော်ကို ပြည်တွင်းပြည်ပဘုရားဖူး ၃ သိန်းနီးပါး ဝင်ရောက်ခဲ့တယ်လို့ ကျိုက်ထီးရိုးဂေါပကနဲ့ နီးစပ်သူတွေထံက သိရပါတယ်။
၂၀၂၃ ခုနှစ်မှာ ဆံတော်ရှင် ကျိုက်ထီးရိုးစေတီတော်ကို ပြည်တွင်းဘုရားဖူး ၂၈၄,၀၇၉ ဦးနဲ့ ပြည်ပဘုရားဖူး ၁၀,၂၁၄ ဦး စုစုပေါင်း ၂၉၄,၂၉၃ ဦး လာရောက်ခဲ့ပြီး ဒီဇင်ဘာလအတွင်း ဘုရားဖူး အများဆုံးဝင်ရောက်တယ်လို့ ဂေါပကအဖွဲ့ဝင်တဦးက ပြောပါတယ်။
“၂၀၂၂ နဲ့စာရင်တော့ ၂၀၂၃ ခုနှစ်မှာ ဘုရားဖူး ၁ သိန်းလောက် ပိုဝင်လာတယ်။ အခုစာရင်းတွေက တောင်တက်ကားတက်တာနဲ့ သတ်မှတ်တာဆိုတော့ တခြား ခြေလျင်တက်တာတွေ ဘာတွေ ရှိသေးတော့ အခုထက် ပိုများနိုင်ပါတယ်။ ဘုရားဖူးဝင်ရောက်မှု အများဆုံးကတော့ ဒီဇင်ဘာလပါ။ ပြည်တွင်းကော ပြည်ပကောဆို ဒီဇင်ဘာမှာ ၇ သောင်းကျော်ဝင်တယ်။ အခုနှစ်မှာတော့ အခုနှုန်းထက် ဘုရားဖူး ပိုတက်မယ်လို့ ယုံကြည်ပါတယ်။”
၂၀၂၃ ခုနှစ်မှာ ကျိုက်ထီးရိုးစေတီကို ဘုရားဖူးဝင်ရောက်မှု များပေမဲ့ ကိုဗစ်မတိုင်ခင်ကာလနဲ့စာရင် မပြောပလောက်တဲ့ အခြေအနေသာ ရှိတယ်လို့ ကျိုက်ထီးရိုးဒေသခံတဦးက ပြောပါတယ်။
“ကိုဗစ်ကာလနောက်ပိုင်း အခုနှစ်ကတော့ ဘုရားဖူးအဝင်ဆုံးနှစ်ပဲ။ ဒါပေမဲ့ အရင်ကနဲ့ယှဉ်မယ် ဆိုရင်တော့ အခုတနှစ်လုံးဝင်တာက ဆီမီးကိုးထောင်နဲ့ လွတ်လပ်ရေးနေ့ နှစ်ရက်နဲ့ယှဉ်ရင်တောင် နည်းနေတာ။ ကျနော်တို့ဒေသခံတွေကတော့ ဘုရားကိုမှီပြီး စားနေရတော့ ဘုရားဖူး များများလာစေချင်တယ်။”
ကျိုက်ထီးရိုးစေတီကို ဘုရားဖူးဝင်ရောက်မှု များလာပေမဲ့ လက်ရှိကုန်ဈေးနှုန်းနဲ့ ရောင်းရတဲ့ဈေး အခြေအနေတွေကြောင့် တနှစ်အတွင်း စားဖို့သောက်ဖို့သာ ကျန်တယ်လို့ ကျိုက်ထီးရိုးမှာ ထမင်းဆိုင်ဖွင့်နေသူတဦးက ပြောပါတယ်။
“လူတွေက ကျိုက်ထီးရိုးလို့ကြားလိုက်ရင် ဈေးကြီးတယ်လို့ပဲ သတ်မှတ်နေတာ။ အောက်ကနေ တင်တဲ့စရိတ်တွေ၊ လက်ရှိကုန်ဈေးနှုန်းတွေနဲ့က အများကြီး တွက်ခြေမကိုက်ဘူး။ အရင်က ဘုရားဖူး ၇ လ ၈ လကာလ ဈေးရောင်းရင် တောင်ပိတ်တဲ့ မိုးတွင်းကာလအပြင် နောက်တနှစ်လောက်ထိ စားဖို့သောက်ဖို့ကျန်တာ။ အခုဘုရားဖူးများတာက ရက်ကြီးခါကြီးဖြစ်တဲ့ သီတင်းကျွတ်၊ တန်ဆောင်မုန်း လပြည့်တို့လို ခရစ္စမတ်နဲ့ ဆီမီးကိုးထောင်တို့လောက်ပဲ များတာ။ ကျန်တဲ့နေ့ဆို ဈေးဦးတောင် မပေါက်တဲ့နေ့တွေတောင် ရှိတယ်။”
၂၀၂၃ ခုနှစ်အတွင်း အနေကဇာတင်နဲ့ ဗုဒ္ဓပူဇနိယပွဲတော် ဖွင့်ပွဲပြုလုပ်ခဲ့တဲ့ သီတင်းကျွတ်လပြည့်နေ့မှာ ဘုရားဖူး ၁ သောင်းကျော်နဲ့ အများဆုံးဝင်ရောက်ခဲ့ပြီး ခရစ္စမတ်နေ့နဲ့ နှစ်သစ်ကူးနေ့တို့မှာ ဘုရားဖူး ၉,၀၀၀ ကျော် ဝင်ရောက်ခဲ့ပါတယ်။
ကျိုက်ထီရိုးဘုရားပွဲဟာ မြန်မာနိုင်ငံက ဘုရားပွဲတွေထဲမှာ ရက်အရှည်ဆုံး ဘုရားပွဲဖြစ်ပြီး သီတင်းကျွတ်လပြည့်နေ့ (အောက်တိုဘာ ၂၉ ရက်) ကနေ လာမယ့်နှစ် ကဆုန်လပြည့်နေ့ အထိ ကျင်းပသွားမှာဖြစ်ပါတယ်။










