
တနှစ်တာအတွင်း အာဏာသိမ်း အကြမ်းဖက်စစ်အုပ်စုက အရပ်သားပြည်သူ ၅ ယောက်နဲ့ အထက် အစုလိုက်အပြုံလိုက်သတ်ဖြတ်မှု ၈၆ ခုထိ ကျူးလွန်ခဲ့ပြီး စစ်ကိုင်းတိုင်းမှာ အများဆုံး ဖြစ်ပွားခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက ပြောပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလကနေ ဒီဇင်ဘာလအထိ ကောက်ယူရရှိထားတဲ့ လူ့အခွင့်အရေးချိုးဖောက်မှု အချက်အလက်များအစီရင်ခံစာမှာ ခုလိုဖော်ပြလိုက်တာဖြစ်ပြီး ဒါတွေဟာ ခိုင်မာတဲ့ သတင်းမီဒီယာတွေကို စောင့်ကြည့်လေ့လာမှု၊ Online Monitoring တို့ကတဆင့် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်ရပ်ပေါင်း ၄,၆၅၆ ခု တို့ကို ကောက်ယူရရှိခဲ့တာလို့ ဆိုပါတယ်။
ဒါ့အပြင် မြေပြင်အခြေအနေနဲ့ ဆန်းစစ်အတည်ပြုနိုင်တဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုဖြစ်စဥ် စုစုပေါင်း ၆၅၇ ခုကို မှတ်တမ်းတင်သိမ်းဆည်းထားနိုင်ခဲ့တဲ့အပြင် အဲဒီထဲက အင်တာဗျူး၊ ဓာတ်ပုံမှတ်တမ်းတွေ အပါအဝင် အချက်အလက်တွေရရှိပြီး မှန်ကန်ကြောင်း ခိုင်မာစွာ အတည်ပြုနိုင်ခဲ့တဲ့ ဖြစ်စဉ်ပေါင်း ၃၂၂ ခု ရှိခဲ့ကာ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှုယန္တရား (IIMM) နဲ့ နိုင်ငံတကာဆီ ဖြစ်စဉ် ၁၆၅ ခု ပေးပို့နိုင်ခဲ့တယ်လို့ သိရပါတယ်။
အစုလိုက်အပြုံလိုက် သေဆုံးခဲ့တဲ့ ဖြစ်စဉ်တွေထဲမှာတော့ ၂၀၂၃ ခုနှစ်၊ ဧပြီ ၁၁ ရက်က ဖြစ်ပွားခဲ့တဲ့ စစ်ကိုင်းတိုင်း၊ ကန့်ဘလူခရိုင်ထဲက ပဇီကြီး လေကြောင်းတိုက်ခိုက်မှုဖြစ်စဉ်က အဆိုးဝါးဆုံးဖြစ်ကာ သေဆုံးသူ အပြစ်မဲ့ပြည်သူ ၁၅၇ ယောက်အထိ ရှိခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီနောက်မှာတော့ အောက်တိုဘာ ၉ ရက်နဲ့ ၁၀ ရက်နေ့တွေမှာ ဖြစ်ပွားခဲ့တဲ့ ကချင်ပြည်နယ်၊ မုန်လိုင်ခက်ရွာနဲ့ စစ်ရှောင်စခန်း ၂ နေရာကို အကြောင်းမဲ့ ပစ်ခတ်ခဲ့တဲ့ ဖြစ်စဉ် ဖြစ်ပြီးတော့ သေဆုံးသူ အယောက် ၃၀ အထိ ရှိခဲ့တယ်လို့ ဆိုပါတယ်။
အဆိုပါ အဆိုးဝါးဆုံးဖြစ်စဉ်တွေအတွင်း သေဆုံးခဲ့သူတွေထဲမှာတော့ အသက် ၁၈ နှစ် မပြည့်သေးတဲ့ ကလေးသူငယ်တွေလည်း ပါဝင်နေပြီး စာသင်ကျောင်း၊ ဘုရားကျောင်းနဲ့ ပြည်သူတွေရဲ့ အိုးအိမ်တွေလည်း ထိခိုက်ပျက်စီးခဲ့ရတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
တနိုင်ငံလုံးအတိုင်းအတာနဲ့ဆိုရင်တော့ ၂၀၂၃ ခုနှစ်အတွင်း စစ်ကိုင်းတိုင်းထဲမှာ လူ့အခွင့်အရေး ချိုးဖောက်ခံရမှု အများဆုံးဖြစ်ခဲ့ပြီး ဥပဒေမဲ့ သတ်ဖြတ်တာ၊ အများပြည်သူပိုင် ပစ္စည်းဥစ္စာတွေကို ဖျက်ဆီးတာ၊ ဥပဒေမဲ့ ဖမ်းဆီးတာ၊ တရားလက်လွတ်ချုပ်နှောင်တာတွေ အပါအဝင် လူ့အခွင့်အရေး ချိုးဖောက်မှုပေါင်း ၃၄၄ ခုကို လက်ခံရရှိခဲ့ပြီး ၁၇၉ ခုကိုတော့ မြေပြင်နဲ့ ချိတ်ဆက် အတည်ပြုနိုင်ခဲ့တယ်လို့ ဆိုပါတယ်။
တိုင်းနဲ့ ပြည်နယ်အလိုက် လူ့အခွင့်အရေးချိုးဖောက်ခံရမှု အခြေအနေမှာတော့ စစ်ကိုင်းတိုင်း ပြီးရင် မကွေးတိုင်းက ဖြစ်စဉ် ၉၈ ခုနဲ့ ဒုတိယအများဆုံး၊ မန္တလေးတိုင်းမှာ ၇၂ ခုနဲ့ တတိယအများဆုံးဖြစ်ပြီး ပဲခူးတိုင်းမှာ ၂၉ ခု၊ ရန်ကုန်တိုင်းမှာ ၂၃ ခု၊ ချင်းပြည်နယ်မှာ ၂၁ ခု၊ တနင်္သာရီတိုင်းမှာ ၁၇ ခု၊ ကရင်၊ ကရင်နီနဲ့ ရှမ်းပြည်နယ်တို့မှာ ၁၁ ခုစီ၊ ကချင်နဲ့ ရခိုင်ပြည်နယ်တို့မှာ ၁၀ ခုစီ၊ မွန်ပြည်နယ်မှာ ၇ ခု၊ ဧရာဝတီတိုင်းမှာ ၂ ခုနဲ့ နေပြည်တော်မှာ ၁ ခုစီ အသီးသီး အတည်ပြုမှတ်တမ်းရယူနိုင်ခဲ့တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် တနှစ်တာအတွင်း မတရားသတ်ဖြတ်ခံရသူ ၁,၃၄၂ ယောက်အထိ မှတ်တမ်းရ ယူနိုင်ခဲ့ပြီး သေဆုံးသူတွေထဲမှာ အမျိုးသားဦးရေ ၈၇၇ ယောက်၊ ၆၅ ဒသမ ၄ ရာခိုင်နှုန်းနဲ့ အများဆုံးဖြစ်ကာ ၁၉ နှစ်ကနေ ၃၅ နှစ်ကြား အသက်အပိုင်းအခြားက အများဆုံး ဖြစ်တယ်လို့ အစီရင်ခံစာမှာ ဖော်ပြပါတယ်။
မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှု ယန္တရား (IIMM) ပေးပို့နိုင်ခဲ့တဲ့ ဖြစ်စဉ်တွေထဲမှာတော့ စစ်ကိုင်းတိုင်းက စစ်ကိုင်းတိုင်းက ဖြစ်စဉ် ၉၇ ခုနဲ့ အများဆုံး ဖြစ်ပြီး မကွေးတိုင်းက ဖြစ်စဉ်အခု ၂၀၊ မန္တလေးတိုင်းက ၁၀ ခုထိ ပေးပို့နိုင်ခဲ့တယ်လို့ ဆို ပါတယ်။
NUG လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနအနေနဲ့ ပြည်သူတရပ်လုံး တန်းတူညီမျှမှုရရှိရေး၊ ငြိမ်းချမ်းရေးနဲ့ တရားမျှတမှုရရှိရေးဆိုတဲ့ ဦးတည်ချက်တွေကို ခိုင်ခိုင်မာမာ လက်ကိုင်စွဲထားပြီးတော့ အကြမ်းဖက်စစ်တပ်ရဲ့ ကျူးလွန်မှုတွေကို အပြစ်ပေး အရေးယူနိုင်ရေး အစွမ်းကုန်တာဝန်ယူဆောင်ရွက်သွားမယ်လို့လည်း အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။










