DVB Logo
Home
Lead Story
စစ်ကိုင်း ရေဘေးသင့်ပြည်သူတွေကို ကုလသမဂ္ဂ ခွဲခြားဆက်ဆံနေသလား
လင်းဆက်ငြိမ်းချမ်း
·
September 10, 2026
Photo: UNDP
Photo: UNDP
Donate to DVB

ဇူလိုင် ၁၀ ရက် ဝန်းကျင်ကစလို့ မိုးများပြီး ရေကြီးပြန်တော့ အစိုးရ လုပ်ချင်တဲ့ အစိုးရတုက ထုံးစံမပျက် သဘာဝဘေး အရေးပေါ် ကယ်ဆယ်ရေးအစီအမံတွေ တုံ့ပြန်နိုင်စွမ်းက ချည့်နဲ့နဲ့။ ဒုက္ခိတပမာ တရွေ့ရွေ့သာ လှမ်းနိုင်တာမို့ ဧရာဝတီတိုင်း၊ လေးမျက်နှာတမြို့နယ်တည်းမှာပင် ရေဘေးသင့်နေရာ အားလုံးကို လွှမ်းခြုံနိုင်စွမ်းမရှိ။

ရေဘေးက လေးမျက်နှာ တမြို့နယ်တည်းမက စစ်ကိုင်းနဲ့ မန္တလေးတိုင်းထဲမှာလည်း တပြိုင်တည်းဆိုသလို ဖြစ်ခဲ့တယ်။ အထူးသဖြင့် စစ်ကိုင်းတိုင်းထဲမှာ မြို့နယ် ၁၅ ခုထက်မနည်း၊ မှတ်တမ်းဓာတ်ပုံတွေအရ တချို့နေရာတွေမှာ ဆိုးဆိုးရွားရွား။ ပြည်သူ ၂ သိန်း ၃ သောင်းကျော် ရေဘေးသင့်ခဲ့ပြီး သေဆုံးနဲ့ ပျောက်ဆုံးသူ ၂၄ ဦးအထိ ရှိခဲ့တယ်လို့ NUG အစိုးရက ထုတ်ပြန်တယ်။ လေးမျက်နှာရေဘေးမှာတော့ ပြည်သူ ၃၉,၀၀၀ ကျော် ထိခိုက်မှုရှိတယ်လို့ အစိုးရတုက ထုတ်ပြန်ခဲ့တယ်။

လွတ်လပ်တဲ့ သုတေသနအဖွဲ့ ISP-Myanmar ရဲ့ ထုတ်ပြန်ချက်ထဲမှာတော့ ဧရာဝတီတိုင်း၊ ရခိုင်ပြည်နယ်၊ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်းနဲ့ ပဲခူးတိုင်းထဲက မြို့နယ်ပေါင်း ၄၁ ခုမှာ ရေကြီးခဲ့ပြီး ရေဘေးသင့်ပြည်သူ ၁ ဒသမ ၃ သန်းထက်မနည်း ရှိတယ်လို့ ဆိုတယ်။

စစ်ကိုင်းတိုင်း ရေဘေးသင့်ဒေသတွေက တော်လှန်ရေးထိန်းချုပ်နယ်မြေတွေမို့ NUG အစိုးရ၊ တော်လှန်ရေးအင်အားစုတွေနဲ့ ပြည်သူတွေက ရှိစုမဲ့စုတွေ ထုတ်ကာ ကိုယ့်အားကိုယ်ကိုး ရုန်းကန် ကူကြရတယ်။ ရခိုင်ပြည်နယ် ဆိုရင်လည်း အာရက္ခတပ်တော် (AA) နဲ့ ပြည်သူတွေသာ ရုန်းကြကန်ကြ ကူညီကြ။ အစိုးရတုက စစ်ကိုင်းနဲ့ ရခိုင်ရေဘေးကို သူတို့နဲ့ ဘာဆိုဘာမှမဆိုင်သလို နေတတ်ရုံတင်မက ရေဘေးသင့်နေစဉ်မှာလည်း လေကြောင်းတိုက်ခိုက် ဗုံးကြဲမပျက်။

ဧရာဝတီတိုင်းကတော့ အစိုးရတု ထိန်းချုပ်နယ်မြေ။ ဒါပေမဲ့၊ တကယ့်ကို နင်လား ငါလား ကူညီမှုတွေကို မြင်ရတာက လူမှုကူညီရေးအဖွဲ့တွေနဲ့ ပြည်သူတွေ။ အစိုးရတုကတော့ ထုံးစံအတိုင်း ဓာတ်ပုံရိုက် ဝါဒဖြန့်ကောင်းရုံ ဖော်ရှိုး။

ဧရာဝတီတိုင်း ရေဘေးသင့်ဒေသကျတော့ အစိုးရတုထိန်းချုပ်နယ်မြေမို့ လူမှုကူညီရေးအဖွဲ့တွေက အတွေးပွားစရာမလိုဘဲ လွတ်လပ်စွာ သွားလာကူညီခွင့်ရခဲ့ကြတယ်။ အဲဒါကြောင့်လည်း ရန်ကုန်အခြေစိုက် လူမှုကူညီရေးအဖွဲ့တွေလည်း မနည်း၊ ကိုယ့်အုပ်စုလေးနဲ့ကိုယ် သွားရောက်ကူကြသူတွေလည်း ရှိ၊ မွန်ပြည်နယ်ထဲက လူမှုကူညီရေးအဖွဲ့တွေတောင် တွေ့ရ။ စည်စည်ကားကား သိုက်သိုက်မြိုက်မြိုက်နဲ့ ပြည်သူမှသည် ပြည်သူသို့ ပီတိဖြစ်ကြရ။

စစ်ကိုင်းတိုင်းကျတော့ တော်လှန်ရေးထိန်းချုပ်နယ်မြေမို့ စစ်ကိုင်းတိုင်း မြို့ပေါ်တွေမှာရှိတဲ့ လူမှုကူညီရေးအဖွဲ့တွေတောင် သိပ်မဝေးတဲ့ ရေဘေးသင့်ပြည်သူတွေကို ကူဖို့ မျက်နှာလွှဲရတယ်။ ရွှေဘိုမြို့ပေါ် အစိုးရတုအာဏာပိုင်တွေက သွားကူတဲ့ ပြည်သူတွေကို ဖမ်းမယ်လို့ တည့်တည့်ပဲ ခြိမ်းခြောက်တယ်။ တချို့ ကူစရာရှိတာ ကူရမယ်ဆိုတဲ့ အသိနဲ့ လာတဲ့သူတွေကျ စစ်ကိုင်းတံတားမှာ ပစ္စည်းတွေ သိမ်း၊ ကားသမားကို ဖမ်းနဲ့ အစိုးရတုက အစိုးရတုပီသစွာ ပြတ်ပြတ်သားသား အကြမ်းဖက်။ ဆိုတော့ သဘာဝကျစွာပဲ စစ်ကိုင်းတိုင်း ရေဘေးသင့်ဒေသတွေမှာ ဧရာဝတီတိုင်းလိုမျိုး လူမှုကူညီရေးအဖွဲ့တွေ မြိုင်မြိုင်ဆိုင်ဆိုင် မရှိပေမဲ့ တော်လှန်ရေးအင်အားစုတွေရဲ့ ကယ်ဆယ်ကူညီမှုတွေက အားရကျေနပ်ဖွယ်။

ဩဂုတ် ၁၃ ရက်ရောက်တော့ ဥရောပသမဂ္ဂ(အီးယူ) က မြန်မာနိုင်ငံအတွက် လူသားချင်းစာနာမှု အကူအညီ ယူရို ၁၀ သန်းခွဲ ထပ်ပေးမယ်လို့ ထုတ်ပြန်တယ်။ အဲဒီ ၁၀ သန်းခွဲဟာ နေရပ်စွန့်ခွာ ရွှေ့ပြောင်းရမှုတွေတင်မက မြန်မာတဝန်းမှာ ဖြစ်ပွားနေတဲ့ ရုတ်တရက် ရေကြီးရေလျှံမှုများ အပါအဝင် သဘာဝဘေးအန္တရာယ်တွေကြောင့် ထိခိုက်ခံစားနေရသူတွေအတွက် အသက်ကယ်ဆယ်ရေး အကူအညီတွေ ပံ့ပိုးပေးနိုင်ဖို့ ရည်ရွယ်တယ်လို့ ဆိုတာကြောင့် အားတက်ကြရတယ်။

အီးယူရဲ့ ထုံးစံအတိုင်း အကူအညီငွေတွေကို အစိုးရတုထံသို့ မပေး။ မြန်မာမှာရှိတဲ့ ကုလ လက်အောက်ခံ လူသားစာနာအဖွဲ့အစည်းတွေကနေတဆင့် ဘေးသင့်ပြည်သူတွေကို ကူညီပေးတယ်လို့ နားလည်ရတယ်။

ဩဂုတ် ၁၃ ရက်မှာပဲ ကုလသမဂ္ဂလက်အောက်ခံ WFP က လေးမျက်နှာ ရေဘေးသင့်ပြည်သူ ၁၀,၀၀၀ အတွက် အာဟာရဖြည့်ဘီစကွတ် မက်ထရစ်တန်ချိန် ၂၀ ကို ဒေသခံမိတ်ဖက်အဖွဲ့တွေဆီ ပေးပို့ခဲ့တယ်လို့ ထုတ်ပြန်တယ်။ ဒေသခံမိတ်ဖက်အဖွဲ့ဆိုတာ ဘယ်လိုအဖွဲ့အစည်းမျိုးကို ဆိုလိုသလဲတော့ မပြောတတ်။ မြန်မာနိုင်ငံမှာရှိတဲ့ ကုလသမဂ္ဂအဖွဲ့အစည်းတွေရဲ့ မူပိုင်ဟန်အတိုင်း ပွင့်လင်းမြင်သာမှု မရှိ။

ဘာပဲဖြစ်ဖြစ် လေးမျက်နှာကို ကူနေပြီဆိုတော့ လေးမျက်နှာထက် ပိုဆိုးတဲ့ စစ်ကိုင်းတိုင်းထဲကိုလည်း ကူတော့မှာပဲဆိုပြီး မျှော်လင့်မိကြတယ်။ လွတ်လပ်တဲ့ မီဒီယာတချို့ကလည်း WFP အကူအညီတွေ စစ်ကိုင်းတိုင်းထဲကို ရောက်လာပြီလားပေါ့။ စစ်ကိုင်းရေဘေးကို အကူအညီပေးနေတဲ့ အဓိကအဖွဲ့အစည်းတွေရဲ့ ပြောရေးဆိုခွင့်ရှိသူတွေဆီ ချိတ်ဆက် မေးမြန်းကြတယ်။

စစ်ကိုင်းဖက်ဒရယ်ယူနစ် ကြားကာလအစိုးရ၊ လူသားချင်းစာနာကူညီရေး၊ ပြန်လည်ထူထောင်ရေးနှင့် အရေးပေါ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာန၊ ဝန်ကြီး ဦးတိုးဝေအောင်က အခုအချိန်ထိ မကူ၊ မကူညီသေးတာလည်း ဖြစ်နိုင်ပါတယ်လို့ ပြန်လည်ဖြေကြားထားတာ တွေ့ရတယ်။

စစ်ကိုင်းတိုင်းဒေသ သပိတ်အင်အားစု၊ အရေးပေါ်ကူညီတုံ့ပြန်ရေးအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ကိုရှင်းသန့် ကလည်း ကူဖို့ နောက်ကျနေတာလည်း ဖြစ်နိုင်ပါတယ်လို့ ဆိုတယ်။ နောက်ကျနေတာ မဟုတ်ဘဲ စစ်ကိုင်းရေဘေးသင့်ပြည်သူတွေကို မကူဘူးဆိုရင်တော့ ဒါဟာ ပြည်သူအချင်းချင်း ခွဲခြားဆက်ဆံတာပဲလို့ ထပ်ပြောတယ်။ ဩဂုတ် ၁၅ ရက် မီဒီယာတခုရဲ့ ဖော်ပြချက်။

အဲဒီသတင်းကို မြင်တော့ စာရေးသူ ပြေးမြင်လိုက်မိတာက စစ်ကိုင်းငလျင်ဘေးသင့်ပြည်သူ ကုလ ကူညီမှု။ အာဏာသိမ်းစစ်အုပ်စု ထိန်းချုပ်ထားတဲ့ဒေသတွေက ငလျင်ဘေးသင့်ပြည်သူတွေကို ကုလအဖွဲ့တွေက နင်လား ငါလား အကူအညီပေးနေတာ မြင်ရပေမဲ့ တော်လှန်ရေး ထိန်းချုပ်ဒေသထဲက ငလျင်ဘေးသင့်ပြည်သူတွေကျ နိုင်ငံတကာအကူအညီ ရရှိမှုက ပါးပါးလျလျ။ စစ်အုပ်စုရဲ့ တားဆီးပိတ်ပင်မှုတွေကြောင့် အကူအညီပေးနိုင်မှု အားနည်းခဲ့တာ သေချာပေမဲ့ ကုလအဖွဲ့အစည်းတွေက ထုတ်ဖော်ပြောကြားမှု လုံးဝမရှိ။ စစ်အုပ်စု ခွင့်ပြုတဲ့ ဘောင်ထဲကနေသာ ရသလောက်ကူညီပြီး စစ်အုပ်စု ငြိုငြင်တာ မခံဘူးလို့ သန္နိဋ္ဌာန်ချထားတဲ့ပုံ။ ထားတော့။

စက်တင်ဘာ ၃ ရက်ရောက်တော့ WFP က ရေဘေးသင့်ကူညီမှု နောက်ထပ်ကြေညာချက်တစောင် ထပ်ထုတ်ပြန်တယ်။ ဧရာဝတီတိုင်း ရေဘေးသင့်ပြည်သူတွေကို ကူညီပေးနေတဲ့ လူသားချင်းစာနာမှုဆိုင်ရာ မိတ်ဖက်အဖွဲ့တွေနဲ့ ပရဟိတအဖွဲ့တွေအတွက် WFP က ကုန်စည်ပို့ဆောင်ရေးဝန်ဆောင်မှု အခမဲ့ပံ့ပိုးပေးနေပြီလို့ ဆိုတယ်။ အဲဒီကြေညာချက်ရဲ့ အောက်နားမှာတော့ WFP အနေနဲ့ စစ်ကိုင်းတိုင်းမှာလည်း ရေဘေးတုံ့ပြန်ရေးလုပ်ငန်းတွေ စတင်ဆောင်ရွက်နေပြီး စစ်ကိုင်းနဲ့ ဧရာဝတီတိုင်း ၂ ခုပေါင်း ရေဘေးသင့်ပြည်သူ ၁၅,၀၀၀ ကို ကူညီထောက်ပံ့ပေးပြီး ဖြစ်တယ်လို့ ဖော်ပြထားတယ်။

စစ်ကိုင်းတိုင်း၊ ဘယ်မြို့ဘယ်ရွာက ရေဘေးသင့်ပြည်သူ ဘယ်နှဦးကို ဘာတွေ ကူညီခဲ့တယ် ဆိုတာမျိုး ဖော်ပြခြင်းမရှိ။ WFP ထုတ်ပြန်ထားတဲ့ ဓာတ်ပုံမှတ်တမ်းတွေကို ကြည့်လိုက်တော့ စစ်ကိုင်းတိုင်းအတွင်း ကူညီနေတယ်ဆိုတဲ့ ဓာတ်ပုံ ၃ ပုံ တွေ့ရတယ်။ ဘုန်းကြီးကျောင်း တကျောင်းထဲမှာ ဆန်ဝေနေတာ တပုံ၊ အမျိုးသမီး ၃ ဦးက ဆန်လို့ထင်ရတဲ့ အိတ်ကို သယ်လာနေပုံ တပုံနဲ့ ဘုန်းကြီးကျောင်းထဲမှာ WFP ဝန်ထမ်းတဦးက အသိပညာပေးနေပုံ တပုံ။

လွတ်လပ်တဲ့ မီဒီယာတခုရဲ့ စက်တင်ဘာ ၈ ရက် သတင်းတပုဒ်မှာတော့ WFP က စစ်ကိုင်းတိုင်းထဲက ရေဘေးသင့်ပြည်သူ ကူညီမှုကို စစ်ကိုင်းထဲမှာ အဓိကကူညီပေးနေတဲ့ အဖွဲ့တွေ ဖြစ်တဲ့ စစ်ကိုင်းဖက်ဒရယ်ယူနစ်ကြားကာလအစိုးရနဲ့ စစ်ကိုင်းတိုင်းဒေသ သပိတ်အင်အားစုတို့က မသိရှိကြဘူးလို့ ဆိုလေတော့ WFP က ဘယ်နေရာမှာ ဘယ်လိုတွေ ကူညီခဲ့သလဲဆိုတာ အတွေးပွားစရာ ဖြစ်ရတော့တယ်။ ပြောရရင် စစ်ကိုင်းတိုင်း ရေဘေးသင့်ပြည်သူတွေကို အမှန်အကန် အကူအညီပေးနေတဲ့ တော်လှန်ရေးအင်အားစုတွေနဲ့ လုံးဝပတ်သက်ခြင်းမရှိဘဲ တသီးတသန့် အကူအညီပေးနေတဲ့ပုံ။ တော်လှန်ရေးအင်အားစုတွေ မသိအောင် ခိုးကြောင်ခိုးဝှက်နဲ့ အကူအညီပေးနေတာလားလို့လည်း မေးခွန်းထုတ်ရပါမယ်။

WFP ရဲ့  ပွင့်လင်းမြင်သာမှု မရှိတဲ့ အကူအညီပေးမှုအရ အစိုးရတု ခွင့်ပြုတဲ့ မြို့ပေါ် ရေဘေးသင့် ပြည်သူတွေကို အကူအညီပေးကာ စစ်ကိုင်းတိုင်းကိုလည်း ချန်မထားပါဘူးလို့ ဆိုင်းဘုတ်ထောင်ချင်နေတာလားလို့ ထပ်မေးခွန်းထုတ်ရပါမယ်။

လတ်တလော ထုတ်ပြန်ချက်တွေနဲ့ သတင်းတွေအရ စစ်ကိုင်းတိုင်း ရေဘေးသင့်ပြည်သူတွေကို WFP ရဲ့ ကူညီမှုဟာ မကောင်းတတ်လို့ ကူညီချင်ယောင်ဆောင်နေတဲ့ ဖော်ရှိုး (For Show) မျှသာ မြင်နေရပါတယ်။ ရေဘေးသင့်တာချင်းအတူတူ စစ်ကိုင်းတိုင်း ရေဘေးသင့်ပြည်သူတွေကို ခွဲခြားဆက်ဆံတာမျိုး မဟုတ်ဘူးဆိုရင် WFP အနေနဲ့ ပွင့်လင်းမြင်သာမှုရှိစွာနဲ့ အကူအညီပေးနိုင်မှု နည်းနည်းနဲ့ အကူအညီမပေးနိုင်မှုများများအကြောင်း အခြေအနေ အကျိုးအကြောင်းကို ထုတ်ဖော်ပြောဖို့ လိုပါမယ်။

ကုလသမဂ္ဂလက်အောက်ခံ အဖွဲ့အစည်းတခုက လူသားချင်းစာနာမှုအကူအညီတွေကို ယူဂျီလုပ်သလို ကူညီနေတာမျိုးက ကုလသမဂ္ဂရဲ့ မူ မဟုတ်တာတော့ သေချာပါတယ်။

လင်းဆက်ငြိမ်းချမ်း

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013