
စစ်ကိုင်းတိုင်းမှာ ရေဘေးနဲ့ကြုံတွေ့ခဲ့ရတဲ့ ကျေးရွာတွေက ကလေးတွေနဲ့ လူကြီးတွေမှာ အရေပြားယားနာနဲ့ တုပ်ကွေးရောဂါတွေဖြစ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဩဂုတ် ၈ ရက်ကစပြီး ဩဂုတ် ၂၃ ရက်အထိ စစ်ကိုင်းတိုင်းက မြို့နယ် ၁၄ မြို့နယ်မှာ ရေကြီးရေလျှံပြီး လူပေါင်း ၂ သိန်းကျော် ရေဘေးသင့်ခဲ့တာပါ။
ရေကြီးပြီးတဲ့နောက် ကျေးရွာတွေထဲ ကျန်ခဲ့တဲ့ရေတွေကနေတဆင့် အရေပြားယားနာရောဂါနဲ့ တုပ်ကွေးရောဂါတွေ ကူးစက်ဖြစ်နေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။
ရေကြီးမှုများခဲ့တဲ့ ခင်ဦးမြို့နယ် သရက်ပင်စုရွာဘက်မှာတော့ တုပ်ကွေးရောဂါဖြစ်ပွားသူ ဦးရေ အယောက် ၁၀၀ လောက်ရှိတယ်လို့ ရွာခံတယောက်က ပြောပါတယ်။
“တုပ်ကွေးဖြစ်ကြတာပါ။ ရေတိုးပြီးမှဖြစ်တာ။ ဖြစ်တဲ့သူက အတော်များတယ်။ ပျောက်တဲ့ကလေးကပျောက်၊ ဖြစ်တဲ့ကလေးကဖြစ် အဲလို တော်တော်များနေတာ။ ဝမ်းပျက်ဝမ်းလျှောနဲ့ တုပ်ကွေးပုံစံမျိုးတွေပါ။ ဆေးကတော့ ကုရပါတယ်။ ကာကွယ်ဆေးတွေလည်းသွားတယ်။ ဆေးတွေကတော့ ဆေးကုတဲ့ဆီမှာ ဝယ်ရတာပေါ့။”
ရာသီတုပ်ကွေး ဖြစ်ပွားသူတွေက ကလေးငယ်တွေများပြီး သေဆုံးမှုတော့ မရှိဘူးလို့ ဆိုပါတယ်။ အရေပြားယားနာကတော့ ကလေးရော လူကြီးပါ ဖြစ်ပွားနေပြီး ရေနဲ့ထိစပ် အလုပ်လုပ်ကိုင်တဲ့ တောင်သူလုပ်ကိုင်သူတွေမှာ ပိုပြီး အဖြစ်များတယ်လို့ဒေသခံတွေက ပြောပါတယ်။
ရွှေဘိုမြို့နယ်နဲ့ ခင်ဦးမြို့နယ်အစပ်က ကျေးရွာတွေမှာတော့ အရေပြားယားနာရောဂါတွေ ဖြစ်ပွားနေတဲ့အကြောင်း ဒေသခံတယောက်က ပြောပါတယ်။
“ယားနာတွေဖြစ်တယ်၊ ပွေးလိုပုံစံ ကွက်ကွက်ကြီးတွေဖြစ်တယ်။ လူဦးရေက တအိမ်ကို တယောက်ဖြစ်တာ၊ အိမ် ၅၀၀ ဆို လူ ၅၀၀ ပေါ့။ ကောက်စိုက်သမတွေလည်း ယားကြ ကုတ်ကြ ဖြစ်ကြတာပဲလေ၊ နေပူဒဏ်နဲ့ ရေကြောင့်။ ရေကြီးပြီး နောက်ဆက်တွဲ အကုန်ဖြစ်ကြတာပဲလေ။ ပျိုးနုတ်တဲ့သူတွေကတော့ ရေကြီးပြီး နောက်ဆက်တွဲ အကုန်ဖြစ်ကြတာပဲလေ။ ပျိုးနုတ်တဲ့သူတွေကတော့ လူဦးရေ ၁၀၀ ဆို ၁၀၀ လုံးပါပဲ။ ဆေးဝါး ဘာညာကတော့ ဆေးခန်းရှိတဲ့နေရာလေး သွားကြရတာပဲ။ အခုနေ အားလုံးကလည်း သိတဲ့အတိုင်းပဲ၊ ပျောက်ကင်းမှုက ရှိတဲ့သူရှိတယ်၊ မရှိတဲ့သူလည်း များတာကို၊ ရေဘေးဒုက္ခကလည်း ဆုံးရှုံးမှုများတော့။”
စစ်ကိုင်းတိုင်းထဲက ခင်ဦးမြို့နယ်၊ မြင်းမူမြို့နယ်နဲ့ ဆားလင်းကြီးမြို့နယ်တွေဘက်မှာတော့ ရောဂါဖြစ်ပွားသူတွေ များတယ်လို့ ဆိုပါတယ်။
ရေကြီးမှုဒဏ်ကို ခံခဲ့ရတဲ့ ကျေးရွာတချို့မှာလည်း ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်ပွားနေသူတွေလည်း ရှိတယ်လို့ သိရပါတယ်။
ရေကြီးခဲ့တဲ့ ကျေးရွာတွေထဲက တချို့ကို စစ်ကိုင်းဖက်ဒရယ်ယူနစ်အစိုးရက ကျန်းမာရေးစောင့်လျှောက်မှုနဲ့ ကူညီထောက်ပံ့မှုတွေ လုပ်ပေးနေပေမဲ့ ကျေးရွာတိုင်းကိုတော့ မလွှမ်းဘဲ နောက်ဆက်တွဲ ကျန်းမာရေးပြဿနာတွေ ဖြစ်ပေါ်နေတဲ့ အခြေအနေကို စစ်ဘေးရှောင်အရေး အကူအညီပေးနေသူတယောက်က ပြောပါတယ်။
“ရေကြီးတဲ့ဒေသတွေမှာတော့ ဝမ်းပျက်ဝမ်းလျှောဖြစ်တယ်၊ အရေပြားယားတာတွေ ဖြစ်တယ်၊ ပြီးတော့ တုပ်ကွေးတွေ ဖြစ်ကြတယ်။ အခုလောလောဆယ်တော့ ခင်ဦး၊ မြင်းမူတို့ဘက်မှာတော့ ပိုများနေတယ်။ စာရင်းမရဘဲ ဖြစ်နေတဲ့ မြို့နယ်တွေလည်း ရှိရင်ရှိမှာပေါ့နော်။ အခုတော့ လူနာဘယ်လောက်များနေလဲ၊ အခြေအနေ ဘယ်လောက်ဆိုးဝါးနေသလဲ ဆိုတာတော့ မသိရသေးဘူးပေါ့နော်၊ လတ်တလော အနေအထားကတော့။”
စစ်ကိုင်းတိုင်းထဲမှာ ဆေးဝါးရှားပါးပြီး ဝယ်ယူရ ခက်ခဲနေတာကြောင့် ရေဘေးသင့်ပြည်သူတွေမှာ သူတို့မှာဖြစ်ပွားနေတဲ့ အရေပြားယားယံနာနဲ့ ရာသီတုပ်ကွေးတွေကို ကိုယ့်အစီအစဉ်နဲ့ကိုယ် ဆေးဝါးကုသမှု ခံယူနေရတယ်လို့ သိရပါတယ်။
သီရိ











